အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာဦးဆောင်မှုဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းတခုက ချင်းပြည်ကောင်စီ (CC) နှင့် ICNCC/ ချင်းညီနောင်အဖွဲ့တို့ကြား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှုများကို ကြားဝင်ညှိနှိုင်းပေးနေကြောင်း သိရသည်။
ချင်းတော်လှန်ရေးနှစ်ဖွဲ့ကြား ပြန်လည်ပေါင်းစည်းရေးအခြေအနေများကို ဖေဖော်ဝါရီ ၆ ရက်နေ့တွင် အွန်လိုင်းက ပြုလုပ်သည့် ချင်းပြည်ကောင်စီ ၁ နှစ်ပြည့် သတင်းစာရှင်းလင်းပွဲတွင် ချင်းပြည်ကောင်စီအတွင်းရေးမှူး ဆလိုင်းပေါလ်က ပြောဆိုသည်။
ဆလိုင်းပေါလ်က “လတ်တလောက အိန္ဒိယအခြေစိုက်အနေနဲ့ မီဇိုရမ်မှာရှိတဲ့ ဝန်ကြီးချုပ်ကနေ ကွပ်ကဲပြီးတော့ Advocacy Team (ပူးပေါင်းဆောင်ရွက်နိုင်ရေးအဖွဲ့) ကို အကုန်လုံးပေါင်းပြီးလုပ်ထားတယ်။ အဲဒီအဖွဲ့ကနေ ကျနော်တို့ကို တဖွဲ့ချင်းစီဖြစ်စေ၊ နှစ်ဖွဲ့ပေါင်းပြီးဖြစ်စေ ပထမအဆင့်တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့ကြပါတယ်” ဟု ပြောသည်။
ဆက်လက်ပြီး ဆလိုင်းပေါလ်က “အဲဒီကမှတဆင့် ကြားထဲမှာ ယုံကြည်မှုတွေတည်ဆောက်ကြမယ်။ အချင်းချင်း ပူးပေါင်းဆောင်ရွက်လို့ရတဲ့ ကဏ္ဍတွေကို အရင်ဦးဆုံးလုပ်ကြမယ်။ အဲဒီကမှတဆင့် တက်ပြီးတော့ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်သွားဖို့လည်း ရှိပါတယ်ဆိုတဲ့ဟာကို ဖြေကြားလိုပါတယ်” ဟု ပြောသည်။
မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်ပြီး Advocacy Team ကို ဖွဲ့စည်းပြီးနောက် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်၍ ချင်းအင်အားစုနှစ်ခုကို ပြေလည်နိုင်ရေးအတွက် ကြားဝင်ညှိနှိုင်းပေးမှုတွေ ဆောင်ရွက်နေခြင်းဖြစ်သည်ဟု သိရသည်။
ချင်းပြည်ကောင်စီ နှင့် ICNCC / ချင်းညီနောင်အဖွဲ့တို့ကိုပေါင်း၍ တပြိုက်နက်တွေ့ဆုံမှုကို တကြိမ်ပြုလုပ်ထားပြီး ရလဒ်အနေဖြင့် မကြာမီ ထပ်မံတွေ့ဆုံဆွေးနွေးရန် သဘောတူထားပြီဖြစ်ကြောင်း သိရသည်။
ယင်း Advocacy Team ကို မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်က ဦးဆောင်ပြီး မီဇိုရမ်ပြည်နယ်ထဲက အရပ်ဖက် အဖွဲ့အစည်းများ (CSO)၊ အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO) များ ပူးပေါင်း၍ ဖွဲ့စည်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။
“ကျနော်တို့ကြားမှာ တော်တော်များများ သဘောထားကွဲလွဲမှုတွေရှိတဲ့ဟာက ကျနော်တို့ ရေရှည်လုပ်ငန်းစဉ် အနေနဲ့ တဆင့်ချင်းစီဆွေးနွေးသွားဖို့လည်း ရှိတယ်။ အဲဒီဟာလည်း ကျနော်တို့မှာ တတိယကြားခံအဖွဲ့တွေက လိုအပ်တာတွေ စီမံဆောင်ရွက်ပေးနေတဲ့ မဟာဗျူဟာလုပ်ငန်းစဉ်တွေ ရှိပါတယ်။ အဲဒီဟာအတိုင်းပဲ ဆက်ပြီး တော့ နှစ်ဖွဲ့က သဘောတူထားတဲ့ ကြားခံတတိယအဖွဲ့ကနေ ညှိနှိုင်းပေးတဲ့အတိုင်းပဲ လုပ်ဆောင်သွားဖို့ ရှိပါတယ်။ လက်ရှိမှာလည်း အဲဒီနည်းလမ်းအတိုင်းပဲ သွားပါတယ်” ဟု ဆလိုင်းပေါလ်က ပြောသည်။
ချင်းအင်အားစုများ ပြန်လည်ပေါင်းစည်းနိုင်ရေးအတွက် ချင်းငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးအဖွဲ့ (Chin Peace and Reconciliation Initiative) ၊ Zo Reunification Organization (ZORO)၊ Crisis Management Initiative (CMI) အပါအဝင် ပြည်တွင်းပြည်ပ အရပ်ဖက်အဖွဲ့အစည်းများကလည်း ကြိုးပမ်းဆောင်ရွက်နေသည်။
၂၀၂၄ ခုနှစ် စက်တင်ဘာလထဲက ZORO အဖွဲ့၏ ကြားဝင်ညှိနှိုင်းပေးမှုတွင် ချင်းပြည်အစိုးရနှင့် ICNCC/ ချင်းညီနောင်တို့ကြား သဘောထားကွဲလွှဲမှုများ လက်နက်နှင့်ဖြေရှင်းသည့်နည်းလမ်းကို အသုံးမပြုကြဖို့၊ ထပ်မံတွေ့ဆုံဆွေးနွေးမှု ပြုလုပ်ကြဖို့ အပါအဝင် အချက် ၅ ချက်ကို သဘောတူခဲ့ကြသည်။
KMG ပေးပို့သည်။