ကရင်နီတော်လှန်ရေးအဖွဲ့များက ၂၀၂၅ ခုနှစ်ထဲတွင် ဘဏ်တစ်ခုကိုဖွင့်လှစ်နိုင်အောင် ပြင်ဆင်လုပ်ဆောင်နေသည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ပြောဆိုသည်။
ငွေကြေးဆိုင်ရာကိစ္စရပ်များကို လုပ်ဆောင်ရာတွင် အဆင်ပြေစေရန် ကရင်နီပြည်နယ်တွင် ဘဏ်လုပ်ငန်း စတင်လုပ်ဆောင်မည့် အခြေအနေနှင့်ပတ်သက်၍ KNDF ဥက္ကဋ္ဌခွန်းဘီထူး ယခုကဲ့သို့ ပြောပါသည်။
“ကျနော်တို့အနေနဲ့ ဒီ ၂၀၂၅ ထဲမှာပေါ့နော်၊ အထူးသဖြင့်ပေါ့နော် ကရင်နီပြည်ရဲ့ ဘဏ်လုပ်ငန်းတစ်ခုကိုလည်း ကျနော်တို့ ဒါအစပြုနိုင်ပြီးမှပေါ့နော် ဒီပြည်သူတွေရဲ့ ငွေပေးငွေလွှဲတဲ့ကိစ္စတွေရော ချေးငွေကိစ္စတွေရောပေါ့နော်၊ လုပ်ငန်းငယ်လေးကို ပြန်လည်တည်ထောင်နိုင်ဖို့အတွက် အသေးစားချေးငွေ လုပ်ငန်းတွေရောပေါ့ ကျနော်တို့ဘက်က ဒါတိုးမြှင့်ပြီးတော့မှ လုပ်ဆောင်သွားဖို့ ပြင်ဆင်နေပါတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါဘဏ်မှာ ကရင်နီတော်လှန်ရေးအင်အားစုများက တော်လှန်ရေးကာလအတွင်း ဖွင့်လှစ်မည့် ပထမဆုံးဘဏ် ဖြစ်လာမည်ဖြစ်သည်။
ထို့အပြင် ကရင်နီပြည်ရှိလုပ်ငန်းရှင်များနှင့် အခြားသောလုပ်ငန်းရှင်များ ချိတ်ဆက်ပြီး လူမှုစီးပွားရေး တိုးတက်အောင်မြင်စေရန် လုပ်ဆောင်သွားကြမည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ဥက္ကဋ္ဌခွန်းဘီထူးက ဇန်နဝါရီ ၁ ရက်နေ့ နှစ်သစ်ကူးမိန့်ခွန်းထဲတွင် ထည်သွင်းပြောဆိုခဲ့သည်။
ကရင်နီပြည်၏ လူမှုစီးပွားရေး တိုးတက်အောင်မြင်ရေးသည် အစိုးရ၏တာဝန်ဝတ္တရားများဖြစ်ပြီး ပြည်သူလူထုများနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည်ဟု KNDF ဥက္ကဋ္ဌက ဆိုသည်။
၂၀၂၅ ခုနှစ်အတွင်း ပိုမိုကောင်းမွန်ကျစ်လစ်သည့် ယန္တရားများဖြင့် ဌာနအသီးသီးက လုပ်ဆောင်သွားကြရန် ပြင်ဆင်ထားသည်ဟု KNDF ဥက္ကဋ္ဌခွန်းဘီထူးက ပြောသည်။
“ကျနော်တို့ရဲ့ နေ့စဉ်ဘတ်ဂျက်တွေ ကျနော်တို့ရဲ့မြို့နယ်အုပ်ချုပ်ရေးတွေ ကျနော်တို့ရဲ့ ဌာနအသီးသီးကပေါ့နော်၊ ဒီလုပ်ပေးရမယ့် ပညာရေး၊ ကျန်းမာရေး ဝန်ဆောင်မှုတွေကိုပေါ့နော်။ ကျနော်တို့ ပြည်သူတွေထည့်ဝင်တဲ့ အကူငွေတွေ ကျနော်တို့ ကောက်ခံရတဲ့ အခွန်ငွေတွေကနေပြီးတော့မှ ကျနော်တို့ ပွင့်လင်းမြင်သာမှုရှိစွာနဲ့ အကျိုးရှိစွာနဲ့ ကျနော်တို့သုံးသွားမှာ ဖြစ်ပါတယ်ပေါ့နော်” ဟု ၎င်းကဆိုသည်။
ဆက်လက်ပြီး ခွန်းဘီထူးက “ဒီနှစ်ကျနော်တို့ ကရင်နီပြည်မှာရောက်နေတဲ့ ပြည်သူတွေအားလုံးကပေါ့နော်၊ ဒါဆန်စပါး မပြတ်လတ်လေအောင်ပေါ့နော်။ ကျနော်တို့ကြိုးစားပြီးတော့မှ ဆောင်ရွက်တာတွေရှိပါတယ်။ အဲ့ဒီအတွက်လည်း တောင်သူတွေတချို့ နစ်နာတာတွေ ကျနော်တို့ကြားရတယ်။ ဒါပေမဲ့ အခု ၂၀၂၅ ထဲမှာပေါ့နော် တောင်သူတွေဘက်က မနစ်နာရလေအောင် နောက်စိုက်ပျိုးမှုတွေ ပိုလုံခြုံပြီးတော့မှ ပိုကောင်းမွန်အောင် ပြီးတော့မှ ရေကြီးတဲ့ဘေးအန္တရာယ် မကြုံရလေအောင် ကျနော်တို့အကောင်းဆုံးကြိုးစားပြီး ပူးပေါင်းဆောင်ရွက် ကြမှာဖြစ်ပါတယ်” ဟု ပြောသည်။
ထို့အတူ အမျိုးသားညီညွှတ်ရေးအစိုးရ NUG နှင့်ချိတ်ဆက်ပြီး ပိုမိုအားကောင်းသည့် အစိုးရဖြစ်ရန်နှင့် ပိုမို ကောင်းမွန်ကျယ်ပြန့်သည့် အုပ်ချုပ်ရေးအား အတူတကွ ဆက်လက်လုပ်ဆောင်သွားရန် ပြင်ဆင်နေသည်ဟု ခွန်းဘီထူးက ဆိုသည်။
၂၀၂၅ ခုနှစ်တွင် စစ်ရေးအောင်မြင်မှု၊ အုပ်ချုပ်ရေးအောင်မြင်မှု ရရှိရန်အပြင် အာဏာရှင်၏ ရက်စက်ယုတ်မာမှုများနှင့် မတရားအာဏာသိမ်းယူမှုကို ချေဖျက်ပြီး အောင်မြင်သည့် နှစ်တစ်နှစ်ဖြစ်လာရန် ယုံကြည်သည်ဟု KNDF ပြောသည်။
ထိုသို့ဖြစ်လာစေရန်အတွက် KNDF အနေဖြင့် ကရင်နီပြည်နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုများအားလုံးနှင့် စုပေါင်းအဖြေရှာပြီး လုပ်ဆောင်သွားမည်ဟု ခွန်းဘီထူးက ဆိုသည်။
NMG ပေးပို့သည်။