“အိန္ဒိယနိုင်ငံကလုပ်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေစနစ်နဲ့ ဖက်ဒရယ်စနစ်ဆိုင်ရာ တွေ့ဆုံဆွေးနွေးလုပ်ငန်းစဉ်က အားလုံးပေါင်း စီးရီး ၈ ခု ရှိပါတယ်။ သိရသလောက် ၁ နဲ့ ၂ ပဲ ပြီးသွားပါတယ်။ ကျန်တဲ့ နောက်ပိုင်းတွေ့ဆုံ ဆွေးနွေးရေးအနေနဲ့ လျာထားချက်အရတော့ ၆ ခုလောက် ကျန်နေတာပေါ့လေ။ ဒါကတော့ ဆက်လုပ်သွားမှာ ဖြစ်ပါတယ်” – ဗိုလ်မှူးကြီး စောကျော်ညွန့် / 7 EAO Alliance ပြောခွင့်ရသူ

0
89
ပုံစာ - 7 EAO Alliance ပြောခွင့်ရဗိုလ်မှူးကြီးစောကျော်ညွန့်

အိန္ဒိယနိုင်ငံတွင် ၂ ရက်တာ ကျင်းပခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာ ဆွေးနွေးပွဲ ခရီးစဉ်နှင့်ပတ်သတ်ပြီး 7 EAO Alliance ပြောခွင့်ရ ဗိုလ်မှူးကြီးစောကျော်ညွန့်နှင့် ဆက်သွယ်မေးမြန်းချက်။

ပြီးခဲ့သည့် နိုဝင်ဘာ ၅ ရက်နေ့နှင့် ၆ ရက်နေ့တို့တွင် ကျင်းပခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်စနစ် ဆိုင်ရာဆွေးနွေးပွဲကို အိန္ဒိယနိုင်ငံ ကမ္ဘာ့ရေးရာကောင်စီ ICWA ပံ့ပိုးကူညီမှုနှင့် အပစ်ရပ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၆ ဖွဲ့က ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသည့် အဖွဲ့များထဲတွင် အပစ်ရပ်လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့နှင့် စုဖွဲ့ထား သော 7 EAO Alliance အဖွဲ့လည်း ပါဝင်ခဲ့ပါသည်။

အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာ ဆွေးနွေးပွဲအတွင်း ဖက်ဒရယ်လစ်ဇင်နဲ့ပတ်သက်ပြီး ဘာတွေ လေ့လာခဲ့ရပါလဲ။ အနာဂတ် မြန်မာ့နိုင်ငံရေးနှင့် ဖွဲ့စည်းပုံအသစ်ရေးဆွဲရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး အိန္ဒိယဘက်ကနေ ဘယ်လိုအကူအညီတွေပေးဖို ရှိနေပါလဲ။ ထိုဆွေးနွေးပွဲခရီးစဉ်နှင့် ပတ်သတ်ပြီး 7 EAO Alliance ပြောခွင့်ရ ဗိုလ်မှူးကြီးစောကျော်ညွန့်ကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ဗိုလ်မှူးကြီးတို့ အပစ်ရပ်အဖွဲ့အနေနဲ့ အိန္ဒိယကနေဖိတ်ခေါ်ခဲ့တဲ့ ဒီခရီးစဉ်မှာ ဖက်ဒရယ်လစ်ဇင်နဲ့ ပတ်သက်လို့ ဘာတွေလေ့လာခဲ့ရပါလဲ။

ဖြေ။ ။ အိန္ဒိယနိုင်ငံရဲ့ ဖက်ဒရယ်စနစ်ကိုလည်း လေ့လာဖြစ်တယ်။ ဖက်ဒရယ်စနစ်နဲ့ သက်ဆိုင်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ကိစ္စရပ်တွေကိုလည်း လေ့လာဖြစ်တယ်။ အလုပ်ရုံဆွေးနွေးပွဲ နှစ်ရက်တာအချိန်လေးမှာ ကျွန်တော်တို့ အတူတကွပူးပေါင်းပြီးတော့ ဒီလိုလေ့လာဆွေးနွေးတာတို့ လုပ်နိုင်ခဲ့ပါတယ်။ ပြောရမယ်ဆိုရင် အိန္ဒိယနိုင်ငံရဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြန်လည်ဖွဲ့တဲ့ကိစ္စရပ်တွေလည်း ပါတယ်။ ဖက်ဒရယ် ပြည်ထောင်စုမှာဆိုလည်း သူတို့နိုင်ငံမှာကျင့်သုံးတဲ့ အုပ်ချုပ်ရေးစနစ်တွေကို လေ့လာဖြစ်တယ်။ အိန္ဒိယ ဖက်ဒရယ်နိုင်ငံရဲ့ အာဏာခွဲဝေမှုက အခွန်ကအစပေါ့ ဆွေးနွေးလေ့လာ ဖြစ်ပါတယ်။

မေး။ ။ စစ်ကောင်စီက၂၀၂၅ ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲအလွန်ကာလမှာ ဖြစ်ပေါ်လာနိုင်မယ့် ဖက်ဒရယ်လစ်ဇင်ကို အခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ်တစ်ခုခု ရေးဆွဲမှုနဲ့ ပတ်သက်လို့ အိန္ဒိယဘက်ကနေ တစ်ခုခု အကူအညီပေးမယ်လို့ ပြောထားတာမျိုးရှိပါလား။

ဖြေ။ ။ ဟုတ်ပါတယ်။ လေ့လာမှုက လက်တွေ့အားဖြင့်တော့ ခဲယဉ်းပါတယ်။ အိန္ဒိယနိုင်ငံနဲ့ မြန်မာက သမိုင်း နောက်ခံအားဖြင့် ကြည့်မယ်ဆိုရင် ပထဝီအနေအထား၊ လူမျိုး၊ ဘာသာ အဲဒါတွေက တူညီနေတာရှိတယ် ဆိုတာကတော့ မှန်ပါတယ်။ မတူတာက သူတို့နိုင်ငံမှာ ကျွန်တော်တို့နိုင်ငံထက်ဆိုရင် နိုင်ငံရဲ့ဧရိယာကလည်း ကျယ်ဝန်းတယ်။ လူဦးရေ ပျံ့နှံ့ နေထိုင်မှုကလည်း ကျွန်တော်တို့နိုင်ငံထက် အဆပေါင်းများစွာ များပြားတာတွေ ရှိတယ်။ ကျွန်တော်တို့အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ကျင့်သုံးဖို့ တာဆူနေတဲ့အချိန်မှာ အိန္ဒိယနိုင်ငံသာ မကပေါ့လေ။ ဖက်ဒရယ်စနစ်ကျင့်သုံးတဲ့ နိုင်ငံတော်တော်များများကို လေ့လာခဲ့တာတော့ ရှိတယ်။ ကမ္ဘာပေါ်မှာ ဖက်ဒရယ်စနစ် ကျင့်သုံးတဲ့နိုင်ငံ တော်တော်များများရှိပါတယ်။

ထိုနည်းတူ အိန္ဒိယနိုင်ငံကလည်း ကျွန်တော်တို့ထက် လူဦးရေအများကြီး များပြီးတော့ လူမျိုး၊ ဘာသာစကား ကွဲပြားမှုတွေ အများကြီး ကျွန်တော်တို့ထက်ပိုများပြီးတော့ ဖက်ဒရယ်စနစ်ကို ကျင့်သုံးတဲ့နိုင်ငံ ဖြစ်တယ်။ ဖက်ဒရယ်စနစ် ကျင့်သုံးတဲ့နိုင်ငံတိုင်း အားလုံးကိုတော့ တပုံစံတည်းကျတာတော့ ကျွန်တော်တို့မတွေ့ရှိရဘူး။ ထိုနည်းတူ ကျွန်တော်တို့နိုင်ငံကလည်း ပြောနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းသွားမယ့် ဖက်ဒရယ်စနစ်ကို တည်ဆောက်မယ်ဆိုရင် အိန္ဒိယနိုင်ငံပဲဖြစ်ဖြစ် ဆွစ်စလန်နိုင်ငံပဲဖြစ်ဖြစ် ဘယ်ဖက်ဒရယ် စနစ်ကိုကျင့်သုံးတဲ့ နိုင်ငံပဲဖြစ်စေ ပုံတူကူးချတာထက် ကိုယ့်နိုင်ငံရဲ့ပထဝီနယ်မြေအနေအထား ကိုယ့်နိုင်ငံရဲ့ သမိုင်းနောက်ခံနဲ့ အသင့်လျော်ဆုံး အခြေခံကျောရိုးပေါ်မှာပဲ တည်ဆောက်သွားရမယ်လို့ အဲဒီလိုပဲနားလည်မိပါတယ်။

မေး။ ။ အခုလိုမျိုး အိန္ဒိယဘက်က တွေ့ဆုံဆွေးနွေးမှုတွေနဲ့ပတ်သက်လို့ ဒီနှစ်မကုန်ခင်လောက်မှာ သုံးပွင့်ဆိုင် အဖွဲ့အနေနဲ့ ပြန်လည်ဆွေးနွေးဖို့ရောရှိပါလား။

ဖြေ။ ။ အိန္ဒိယနဲ့က နယ်နိမိတ်ချင်းထိဆက်နေတဲ့နိုင်ငံ ဖြစ်တယ်။ အိမ်နီးချင်းနိုင်ငံတစ်ခုရဲ့ ဖြစ်ပေါ်မှု အခြေအနေပေါ်မှာ အနည်းနဲ့အများ ရိုက်ခတ်မှုရှိမှာပဲ။ ကျွန်တော်တို့နိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ပုံမှန် အနေအထားမဟုတ်တဲ့ နိုင်ငံရေးအခင်းအကျင်းအောက်မှာ အိန္ဒိယနိုင်ငံကိုလည်း ရိုက်ခတ်မှု အနည်းနဲ့အများ ရှိမယ်ဆိုတာကို ရှောင်လွှဲလို့မရပါဘူး။ အိန္ဒိယနိုင်ငံအနေနဲ့ ဖက်ဒရယ်စနစ်ကို ကျင့်သုံးတဲ့နိုင်ငံ ဖြစ်တယ်။ ဖက်ဒရယ်နဲ့ ဒီမိုကရေစီစနစ်ကိုသွားဖို့ အတူတကွကြိုးပမ်းနေတဲ့အချိန်မှာ အိန္ဒိယနိုင်ငံအနေနဲ့ ကူညီပံ့ပိုးမှုတွေ ကတော့ ရှိနေမယ်ဆိုတာတော့ တွေ့ရှိရပါတယ်။

ကျွန်တော်တို့နိုင်ငံနှစ်ခုက တစ်အနေနဲ့ကြည့်ရင် အင်္ဂလိပ်ကိုလိုနီအောက်မှာ အတူတကွနေခဲ့ရတယ်။ လွတ်လပ်ရေး ရတဲ့အချိန်ကြတော့လည်း ရှေ့ဆင့်နောက်ဆင့်ပဲ သိပ်မကွာလွတ်လပ်ရေးရခဲ့တယ်။ ပထဝီ အနေအထား ကြည့်မယ်ဆိုရင်လည်း နယ်မြေကွာခြားမှုကလွဲလို့ လူဦးရေ၊ ပျံနှံ့နေထိုင်မှု ဘာသာစကား၊ ကွဲပြားမှု များစွာရှိနေတဲ့ အခြေခံသဘောတူညီချက်တွေအပေါ်မှာ ရှိနေတယ်။ အခုကျွန်တော်တို့ ဖက်ဒရယ်စနစ်၊ ဒီမိုကရေစီစနစ်တွေနဲ့ ကြည့်မယ်ဆိုရင် အိမ်နီးချင်းအိန္ဒိယနိုင်ငံနဲ့က တတ်နိုင်သမျှ အနည်းနဲ့အများ ကြိုးပမ်းမှု တွေ ရှိတယ်ဆိုတာပဲ မြင်မိပါတယ်။

လက်ရှိ ကျွန်တော်တို့နိုင်ငံရဲ့ အခင်းအကျင်းအရတော့ အချိန်ပေးဖို့လိုအပ်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာက တွေ့ဆုံဆွေးနွေးမှုဆိုတဲ့ အစဉ်အလာယဉ်ကျေးမှုက တော်တော်လေး ကျဉ်းမြောင်းနေတဲ့ကာလ ဖြစ်တယ်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုတွေ လက်နက်ကိုင်တပ်တွေလည်း ရှိနေတယ်။ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးမှုတို့ကတော့ မှေးမှိန်နေမယ်။ ကျဉ်းမြောင်းနေမယ် ဒါက အရှိတရားပါ။ အိန္ဒိယနိုင်ငံက လုပ်နေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေစနစ်နဲ့ ဖက်ဒရယ်စနစ်ဆိုင်ရာ တွေ့ဆုံဆွေးနွေးလုပ်ငန်းစဉ်က အားလုံးပေါင်း စီးရီး ၈ ခု ရှိပါတယ်။ သိရသလောက် ၁ နဲ့ ၂ ပဲ ပြီးသွားပါတယ်။

ကျန်တဲ့နောက်ပိုင်း တွေ့ဆုံဆွေးနွေးရေးအနေနဲ့ လျာထားချက်အရ တော့ ၆ ခုလောက် ကျန်နေတာပေါ့လေ။ ဒါကတော့ ဆက်လုပ်သွားမှာ ဖြစ်ပါတယ်။ ပြည်တွင်းမှာရှိနေတဲ့ အဖွဲ့အစည်းတွေ အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်၊ နိုင်ငံရေးပါတီတွေပေါ့။ လက်ရှိ ကျွန်တော်တို့နိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ဖြစ်တည်နေတဲ့ ပုံမှန် အနေအထားမဟုတ်တဲ့ နိုင်ငံရေးအခင်းအကျင်းအရကတော့ ဒီအတွေ့အကြုံတွေကို အခြေခံပြီးတော့ နောက်ထပ် တွေ့ဆုံဆွေးနွေးရေးတွေက အများကြီးရှိမှာပါ။ တွေ့ဆုံဆွေးနွေးပွဲပေါ်လာဖို့ ကျွန်တော်တို့ ဆက်ကြိုးစားရမှာပါ။

မေး။ ။ ကျန်ရှိနေသေးတဲ့ စီးရီ ၆ ခုစာအတွက် ဗိုလ်မှူးကြီးတို့အဖွဲ့အနေနဲ့ အိန္ဒိယကို နောက်ထပ်သွားရောက်ဖို့ရော ရှိဦးမလား။

ဖြေ။ ။ ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအကျပ်အတည်းကို ကျော်လွှားနိုင်မယ့် အစုအဖွဲ့ပါဝင်မှုတွေ ရှိဖို့ကိုတော့ တဆင့်ချင်း ကြိုးပမ်းဆောင်ရွက်သွားဖို့ပဲ ကြိုးပမ်းချက်တွေရှိတယ်။ ဒီနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ အထူးသဖြင့် ကျွန်တော်တို့နိုင်ငံကို ဖက်ဒရယ်ကရေစီစနစ်နိုင်ငံတော်အဖြစ် တည်ဆောက်ဖို့အတွက် တွေ့ဆုံ ဆွေးနွေးရေး လုပ်ငန်းစဉ်တွေမှာ မရှိမဖြစ် မပါမဖြစ် ပါဝင်သင့်ပါဝင်ထိုက်တဲ့ အစုအဖွဲ့တွေ အဖွဲ့အစည်းတွေက ကျွန်တော်တို့ ဘယ်လိုဆက်လက်ပါဝင်မလဲဆိုတာတော့ အခုချိန်မှာ အတိအကျတော့ ပြောလို့မရဘူး။ လက်ရှိ ကျွန်တော်တို့နိုင်ငံရဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်တဲ့ဖြစ်စဉ်မှာ မပါမဖြစ် ပါသင့်ပါထိုက်တဲ့ အစုအဖွဲ့၊ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေကတော့ ကျန်တဲ့စီးရီးမှာလည်း ပါဝင်မှုပိုမိုများပြားလာအောင် ကျွန်တော်တို့ ဆက်လက် ကြိုးပမ်းဆောင်ရွက်ဖို့ရှိပါတယ်။

မေး။ ။ အပစ်ရပ်အဖွဲ့တွေရော အစည်းအဝေးတွေရှိနေပါလား။ ဘာတွေဆက်လုပ်ဖို့ ရှိနေပါလဲ။

ဖြေ။ ။ အပစ်ရပ်တွေဆိုတာကလည်း NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့က ၁၀ ဖွဲ့ ရှိမယ်။ ၂၀၂၂ ခုနှစ်ကနေ ကျွန်တော်တို့က ၃ ဖွဲ့က ဆက်လက်ပါဝင်ဖို့ရှိတာက ၇ ဖွဲ့ ကျန်တယ်။ ကျန်တဲ့ ၇ ဖွဲ့ထဲမှာလည်း အခြေအနေအရ ပေါ့လေ။ စုဖွဲ့မှုတွေ အသစ်နဲ့သွားမယ့် 7 EAO Alliance စုဖွဲ့မှုတွေမှာ ပါမယ့် ခုနက ကျွန်တော်ပြောတဲ့ အပစ်ရပ် ၇ ဖွဲ့ရဲ့ စုဖွဲ့မှုထဲမှာ ပါဝင်မယ့် အတွင်းရေးမှူးအစုအဖွဲ့ကတော့ ပုံမှန် တစ်ပတ်တစ်ကြိမ် တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖြစ်ပါတယ်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here