“အတတ်နိုင်ဆုံး သူတို့ခံစားချက်တွေကို နားထောင်တဲ့အခါမှာ သူတို့ရဲ့အိမ်တွေကို ပြန်ချင်တယ်လို့ ပြောတာ ပေါ့နော်။ အတတ်နိုင်ဆုံးတော့ စစ်ပွဲတွေ အမြန်ပြီးဆုံးချင်တဲ့အကြောင်း စစ်မရှောင်ချင်တဲ့ အကြောင်းကို ပြောကြတယ်” ကိုအောင်အောင်/ စစ်ဘေးရှောင်အရေးကူညီပေးသူ

0
53
ပုံစာ - စစ်ဘေးရှောင်အရေး ကူညီပေးနေသူကိုအောင်အောင်

ကျောက်ဖြူမြို့နယ်ရှိစစ်ဘေးရှောင်များ ရင်ဆိုင်နေကြရသည့်အခြေအနေများနှင့်ပတ်သက်ပြီး စစ်ဘေး ရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူ ကိုအောင်အောင်နှင့် တွေ့ဆုံမေးမြန်းချက်။

ဘီလီယံနှင့်ချီတန်ဖိုးရှိသည့် စီမံကိန်းကြီးများရှိနေသော ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် AA တို့ကြား ခပ်စိပ်စိပ်တိုက်ပွဲ ဖြစ်ပွားမှုမှလွဲ၍ ပြင်းထန်သည့်တိုက်ပွဲ မရှိသေးပေ။ သို့သော် လက်ရှိတွင် နှစ်ဖက်စစ်ဆိုင်နေသည့် အနေအထားမြင်ရသည်။

ထိုအခြေအနေနှင့်အတူ စစ်ကောင်စီ၏ လေကြောင်း၊ ရေကြောင်း လက်နက်ကြီးပစ်ခတ်မှုနှင့် စစ်ကြောင်းထိုး ဝင်ရောက်မှုတို့ကြောင့် မြို့ပေါ်ရပ်ကွက်အပါအဝင် အနီးပတ်ဝန်းကျင် ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံ ၁၃,၀၀၀ ခန့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

စစ်ဘေးရှောင်များမှာ အကူအညီအထောက်အပံ့ နည်းပါးခြင်း၊ ဒေသတွင်း အလုပ်အကိုင်ရှားပါးမှုနှင့် ကုန်ဈေးနှုန်း မြင့်တက်မှုများကြားတွင် စားဝတ်နေရေး စိန်ခေါ်မှု အခက်အခဲများစွာကို ရင်ဆိုင်ဖြတ်သန်းနေကြရသည်။

စစ်ဘေးရှောင်များ ရင်ဆိုင်ကြုံနေရသော စိန်ခေါ်မှု၊ အခက်အခဲများက ဘာတွေပါလဲ။ ဒါနဲ့ပတ်သက်ပြီး ကျောက်ဖြူမြို့နယ်၊ စစ်ဘေးရှောင်အရေး ကူညီပေးရေးကော်မတီတာဝန်ခံ ကိုအောင်အောင်နှင့် တွေ့ဆုံမေးမြန်း ထားသည်များကို ဖော်ပြလိုက်ပါသည်။

ပုံစာ – ကျောက်ဖြူဒေသမှ စစ်ဘေးရှောင်တချို့။

မေး။ ။ လက်ရှိ ကျောက်ဖြူမြိုနယ်မှာ စစ်ဘေးရှောင်ဦးရေ ဘယ်လောက်ရှိပါလဲ။ စခန်းဘယ်နှစ်ခုလောက်မှာ နေထိုင်ကြတာလဲသိပါရစေ။

ဖြေ။ ။ ကျနော်တို့ ကျောက်ဖြူမြို့နယ်မှာ စစ်ဘေးရှောင်အရေအတွက်ကတော့ လူသားချင်းစာ နာထောက် ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ထုတ်ပြန်ထားတဲ့ ဒေတာအချက်အလက် တွေ (၁၃,၀၀၀ ဝန်းကျင်) ကတော့ အမှန်ဖြစ်ပါတယ်။ နေထိုင်တဲ့နေရာကြတော့ စစ်ဘေးရှောင်တွေရဲ့ လုံခြုံရေး အခြေအနေပေါ်မူတည်ပြီးတော့ ထုတ်ပြောဖို့က အင်မတန်ခက်ပါတယ်။ ဒါပေမဲ့လည်း စစ်ဘေးရှောင်တွေနေတဲ့ နေရာကတော့ Camp (စခန်း) အနေနဲ့ဆိုရင် ကျောက်ဖြူမြို့နယ်မှာ (၁၃) ခု ရှိပါတယ်။

မေး။ ။ သိရသလောက် ကျောက်ဖြူမှာ တိုက်ပွဲကြီးကြီးမာမားဖြစ်တာကို မတွေ့ရဘူး။ ဒါပေမဲ့ စစ်ဘေးရှောင် ဦးရေ တိုးနေတာကိုတွေ့ရတယ်။ အဲဒါ ဘာကြောင့်ပါလဲ။

ဖြေ။ ။ စစ်ဘေးရှောင်တွေ တိုးလာရတဲ့အကြောင်းရင်းကတော့ စကစကနေပြီးတော့ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ၊ ပြီးတော့ မလိုအပ်ဘဲနဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးလာတာ၊ ပြီးတော့ မထင်ရင် မထင်သလို ဒရုန်းနဲ့ပစ်တာတွေ ရှိတယ်။

စစ်ကြောင်းထိုးလာတဲ့ အနီးအနားဝန်းကျင်ကြတော့ အရမ်းကို အန္တရာယ်များပါတယ်။ စစ်ကြောင်းထိုးလာတဲ့ ရွာတွေထဲကိုလည်း ပြည်သူတွေက ပြန်ပြီးတော့ဝင်ရောက်ခိုလှုံဖို့၊ နေထိုင်ဖို့ကလည်း လုံးဝအဆင်မပြေတဲ့ အနေအထားဆိုတော့ ကျနော်တို့ကော်မတီအနေနဲ့ ဒီစစ်ရှောင်တွေရဲ့ အခက်အခဲတွေကို ကျနော်တို့ကပဲ ကူညီဖြေရှင်းပေးနေတာ ဖြစ်ပါတယ်။

မေး။ ။ စစ်ဘေးရှောင်တွေရဲ့ အဓိကအခက်အခဲ စိန်ခေါ်မှုကဘာတွေလဲ။

ဖြေ။ ။ အမှန်တကယ် အရေးတကြီးလိုအပ်တာကတော့ စားနပ်ရိက္ခာ ဖြစ်တယ်။ နောက်အရေးကြီးတဲ့ ကိစ္စကတော့ ဆေးဝါးဖြစ်တယ်။ ဆေးဝါးက ကျနော်တို့စစ်ရှောင်ကော်မတီအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အခမဲ့ ကူညီဆောင်ရွက်ပေးထားတာ ရှိတယ်။ အခုဆိုရင် အများသိကြတဲ့အတိုင်း ကျနော်တို့ဆီမှာ အင်တာနက် အခက်ခဲတွေ ရှိတယ်။ ဒီအခက်အခဲတွေကို ကျနော်တို့က ဘယ်လိုဖြေရှင်းလဲဆိုတော့ အရင်တုန်းက ကျနော်တို့ ကူညီဖြေရှင်းပေးတဲ့ပုံစံက နိုင်ငံခြားကိုရောက်နေတဲ့ ရခိုင်လူမှုအဖွဲ့အစည်းတွေ ရှိတယ်။

နောက်ပြီးတော့ ရခိုင်လူမှုအသိုင်းအဝန်းတွေကနေပြီးတော့ ကျနော်တို့နဲ့အဆက်အသွယ်လုပ်ပြီး ကူညီဖြေရှင်း ထားတာ ရှိပါတယ်။ အခု ကျနော်တို့ကို စကစကနေပြီးတော့ လမ်းကြောင်းတွေ ပိတ်ဆို့တာတွေရှိတယ်။ နောက်တချက်က အင်တာနက် အဆင်မပြေတော့ စစ်ရှောင်တွေဟာ ဆေးဝါးနဲ့ ပတ်သက်ပြီးတော့ အင်မတန် အခက်အခဲဖြစ်တာတွေလည်း ရှိတယ်။ အရေးတကြီးလိုအပ်တာကတော့ ဆေးဝါးနဲ့ စားနပ်ရိက္ခာ လိုအပ်ပါတယ်။

မေး။ ။ စစ်ဘေးရှောင်အရေးကူညီပေးရာမှာ ဘယ်လိုစိန်ခေါ်မှုတွေ ရှိတယ်ဆိုတာကိုလည်း သိချင်ပါတယ်။

ဖြေ။ ။ ကျနော်တို့ စစ်ဘေးရှောင်များ အရေးပေါ်ကူညီထောက်ပံ့ရေးကော်မတီ (ကျောက်ဖြူ) အနေနဲ့ကတော့ ၂၄ နာရီပတ်လုံး စစ်ဘေးရှောင်တွေရဲ့ အခက်အခဲကို ကူညီဖြေရှင်းနေတာရှိပါတယ်။ စစ်ဘေးရှောင်တွေရဲ့ အခက်အခဲဆိုရင် ကျန်းမာရေးကအစ မွေးဖွားလူနာ၊ ပြီးတော့ သေဆုံးတဲ့အထိ တာဝန်ယူပြီးတော့ ဖြေရှင်း ပေးထားတာရှိပါတယ်။

အဲဒီမှာ အခက်အခဲက ဘာဖြစ်လဲဆိုရင် အခုက ဆေးဝါးတွေလည်း ရှားပါတယ်။ စားနပ်ရိက္ခာ ဆေးဝါးကလည်း အဆမတန်ဈေးကြီးတယ်ဆိုတော့ ကျနော်တို့မှာ အခက်အခဲက အဓိက ငွေကြေးပါပဲ။ ငွေကြေးဆိုတော့ နိုင်ငံခြားကို ရောက်နေကြတဲ့ အဖွဲ့အစည်းတွေနဲ့ အင်တာနက်အခက်အခဲကြောင့် အဆက်အသွယ် ပြတ်တောက် နေတယ်ဆိုတော့ စစ်ရှောင်ကော်မတီမှာ ငွေကြေးအခက်အခဲကတော့ အများကြီး ကြုံတွေ့နေရပါတယ်။

မေး။ ။ ရခိုင်မှာ အခု စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားတော့ တဖက်မှာ လူမှုကူညီရေးအဖွဲ့တွေဆိုရင် လွတ်လပ်စွာ လုပ်ကိုင်ခွင့်မရကြဘူး။ ဒီအပေါ်မှာ ဘာပြောချင်ပါလဲ။

ဖြေ။ ။ ဒီအချိန် ဒီကာလဆိုတာကတော့ လူတိုင်းခက်ခဲကြမှာပါပဲ။ ဒါတွေကို ကျနော်တို့ နားလည်ပါတယ်။ ကျနော်တို့ဆို ပိုဆိုးတာပေါ့။ လူတွေအများကြီးရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးနေရတဲ့ အဖွဲ့အစည်းတွေ ဆိုတော့လေ။ ဒါပေမဲ့ ကျနော်တို့ အဆင်ပြေသလိုတော့ အတတ်နိုင်ဆုံး ကူညီဖြေရှင်းပေးထားတာ ရှိပါတယ်။ နယ်မြေလုံခြုံရေး အခြေအနေကိုကြတော့ ကျနော်တို့ ပြောရမယ်ဆိုရင် အင်မတန်ခက်ပါတယ်။ ကျနော်တို့နဲ့ သက်ဆိုင်တဲ့ကိစ္စတွေ မဟုတ်ဘူးဆိုတော့ နယ်မြေရဲ့လုံခြုံရေးအခြေအနေနဲ့ပတ်သက်ပြီး အဆင်ပြေသလို သွားလာပြီးတော့ စစ်ရှောင်တွေရဲ့အခက်အခဲတွေကို ကူညီပေးနေရတာတော့ ရှိပါတယ်။

မေး။ ။ လက်ရှိ ကျောက်ဖြူမှာ နှစ်ဖက်စစ်ရေးတင်းမာမှုတွေ ရှိနေကြတယ်။ ဒီအပေါ်မှာ ဒေသခံတွေရဲ့ စိုးရိမ်မှုတွေကရော ဘယ်လိုရှိနေကြပါလဲ။

ဖြေ။ ။ မြေပြင်မှာကတော့ စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ လူနေတဲ့ရွာတွေကို လက်နက်ကြီးနဲ့ ပစ်တာတွေ ရှိတယ်။ လက်နက်ကြီးထိလို့ သေသွားတဲ့လူတွေလည်း ကျောက်ဖြူမြို့နယ်ထဲမှာ ရှိပါတယ်။ အခုကြတော့ စစ်ရေးနဲ့ပတ်သက်ပြီး သိထားတာဘာမှတော့ မရှိပါဘူး။ ဒါပေမဲ့ စစ်ကောင်စီကတော့ မလိုအပ်ဘဲနဲ့ ကျေးရွာတွေ ကို စစ်ကြောင်းထိုးလာတာတွေ၊ လက်နက်ကြီးနဲ့ ပစ်တာတွေ၊ ပြီးတော့ ဒရုန်းနဲ့ လာပြီးတော့ ဗုံးကြဲတာတွေ ကြောင့်လည်း စစ်ဘေးရှောင်တွေ များလာတာဖြစ်ပါတယ်။

ဒေသခံတွေရဲ့ စိုးရိမ်မှုဆိုတာကတော့ ဘယ်လို ပြောရမလဲ ဒီလောက်ခက်ခဲတဲ့ ကာလမျိုးမှာ စစ်ရှောင်လာရတာ ဆိုတော့ ပိုခက်ခဲတာပေါ့။ အတတ်နိုင်ဆုံး သူတို့ခံစားချက်တွေကို နားထောင်တဲ့အခါမှာ သူတို့ရဲ့အိမ်တွေကို ပြန်ချင်တယ်လို့ ပြောတာပေါ့နော်။ အတတ်နိုင်ဆုံးတော့ စစ်ပွဲတွေ အမြန်ပြီးဆုံးချင်တဲ့အကြောင်း စစ်မရှောင် ချင်တဲ့ အကြောင်းကို ပြောကြတယ်။

မေး။ ။ လက်ရှိ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတစ်ယောက်အနေနဲ့ ရခိုင်ပြည် စစ်ရှောင်တွေနဲ့ ပတ်သက်လို့ ဖြည့်စွက်ဘာများပြောချင်တာရှိမလဲ။

ဖြေ။ ။ ကျနော်တို့ ဒီစစ်ဘေးရှောင်တွေရဲ့ အခက်အခဲကို ကူညီဖြေရှင်းပေးတယ်ဆိုတာက မြေပြင်မှာ ချွေးနဲ့ရင်းပြီး ကူညီတာပေါ့။ တကယ့်ချွေးရဲ့နောက်မှာ ဘာတွေရှိလဲဆိုတော့ ငွေကြေးတွေရှိတယ်။ ဒီငွေကြေးနဲ့ပဲ စစ်ဘေးရှောင်တွေရဲ့ အခက်အခဲတွေကို ကူညီပေးနေတာဖြစ်ပါတယ်။ အခုဆိုရင် အင်တာနက်အခက်အခဲတွေ ရှိလာတဲ့နောက်မှာ စစ်ဘေးရှောင်တွေရဲ့ ကျန်းမာရေးကိစ္စမှာ အခက်အခဲအများကြီး ဖြစ်တာရှိပါတယ်။ ဒါပေမဲ့ ဒီကိစ္စတွေကို အဆင်ပြေအောင်တော့ ကူညီဖြေရှင်းတာတွေ ရှိပါတယ်။

ဆိုလိုတာကတော့ အရင်က မွေးလူနာတစ်ဦးဆိုရင် (ငွေကျပ်) နှစ်သိန်းငါးသောင်းလောက် ကုန်ကျတဲ့နေရာမှာ အခုဆိုရင် လေးသိန်းခွဲကနေ ငါးသိန်းထိ ကုန်ကျတာတွေရှိတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ နိုင်ငံခြားကို ရောက်နေကြတဲ့ လူမှုအဖွဲ့အစည်းတွေ၊ ရခိုင်သူ/ရခိုင်သားတွေက ကျနော်တို့ကော်မတီကို အရင်တုန်းကရော အခုရော ပံ့ပိုးကြတာတွေရှိပါတယ်။ ဒီအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ နောက်ပြီးတော့လည်း စစ်ဘေးရှောင်တွေနဲ့ ပတ်သက်ပြီး ဆက်ပြီးတော့ ထည့်ဝင်ပေးကြပါ။ ဒါမှ ကျနော်တို့ စစ်ဘေးရှောင်တွေကို ကူညီတဲ့အခါမှာ အများကြီး အဆင်ပြေမှာဖြစ်ပါတယ်။

မေး။ ။ အခုလိုအချိန်ပေးဖြေကြားတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here