မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်း ၄ နှစ်နီးပါးအတွင်း စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် လူ့အခွင့်အရေး အခြေအနေတို့အပေါ် ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က Salai Mang Hre Lian နှင့် ဆက်သွယ်မေးမြန်းချက်။
မကြာခင်ရက်ပိုင်းအတွင်းမှာပင် ၂၀၂၄ ခုနှစ် ကုန်ဆုံးတော့မည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ကြောင့် ပေါ်ပေါက်လာသည့် မြန်မာ့နွေဦးတော်လှန်ရေးသည်လည်း ၄ နှစ် ပြည့်မြောက်တော့မည် ဖြစ်သည်။
လက်ရှိချိန်ကာလ၌ စစ်ရေးအနေအထားတွင် စစ်ကောင်စီဘက်က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့အပြင် နယ်မြေများ၊ တပ်စခန်းအမြောက်အများကို ဆုံးရှုံးထားရပြီး လေကြောင်း တိုက်ခိုက်မှုကို အဓိကအားထား တိုက်ခိုက်နေရသည့်အနေအထားကို တွေ့နေရသည်ဟု ဆိုရမည်ဖြစ်သည်။
ထိုကဲ့သို့ အခြေအနေမျိုးမှာပင် စစ်ကောင်စီသည် ၎င်းတို့ကျုးလွန်မြဲဖြစ်သည့် လူ့အခွင့်အရေးချိုးဖောက် ကျုးလွန်မှုများကို ရပ်တန့်မသွားဘဲ အရပ်သားများအား သတ်ဖြတ်မှုတွေ၊ လူနေအိမ်၊ ဘာသာရေးအဆောက်အအုံ မီးရှို့ဖျက်ဆီးမှုတို့ကို ဆက်လက်ကျူးလွန်နေသည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO မှ Salai Mang Hre Lian က ပြောဆိုသည်။
မြန်မာနိုင်ငံတွင် ၂ဝ၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်ကစ၍ စစ်ကောင်စီတပ်ဖွဲ့က ကျူးလွန်နေသည့် ပြင်းထန် ဆိုးရွာသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ထုတ်မှတ်တမ်းတင်ခဲ့သည့်အတွက် CHRO က Salai Mang Hre Lian ကို အမေရိကန်အစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနက ဂုဏ်ပြုရွေးချယ်ပေးအပ်ခဲ့သည့် ၂၀၂၄ ခုနှစ်အတွက် လူ့အခွင့်အရေးကာကွယ်သူဆုကို ချီးမြှင့်ရရှိခဲ့သည်။
ထိုသို့လူ့အခွင့်အရေးကာကွယ်သူဆု ချီးမြှင့်ရမှုအကြောင်းအပါအဝင် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်း ၄ နှစ် နီးပါးအတွင်း စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် လူ့အခွင့်အရေးအခြေအနေတို့နှင့် ပတ်သက်ပြီး CHRO အဖွဲ့မှ Salai Mang Hre Lian အား ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ စစ်အာဏာသိမ်း ၄ နှစ်နီးပါးအတွင်း စစ်ကောင်စီရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေက ဘယ်လိုရှိနေပါလဲ။
ဖြေ။ ။ စစ်အာဏာသိမ်းပြီးနောက် အခုဆိုရင် ၄ နှစ်ထဲ ဝင်လာပြီပေါ့နော်။ အာဏာစသိမ်း ကတည်းကနေ စစ်ကောင်စီက လူ့အခွင့်အရေးအချိုးဖောက်မှုကို ပြောင်ပြောင်တင်းတင်းလုပ်ဆောင်တယ်။ လုပ်ဆောင်တဲ့ နေရာမှာ တနှစ်ထက်တနှစ် ပိုပြီးတော့ ရက်စက်လာတာကို တွေ့ရတယ်။ တတိယနှစ်ပိုင်းမှာဆိုရင် စစ်ကောင်စီ အနေနဲ့ မြေပြင်စစ်ဆင်ရေးတွေ မလုပ်နိုင်တော့ဘူး။ သူတို့ စစ်တွေရှုံးနိမ့်လာတယ်ပေါ့နော်။ စစ်ရှုံးလာပေမယ့် လည်း သူတို့ လူ့အခွင့်အရေးချိုးဖောက်မှုက ရပ်တန့်သွားတာမဟုတ်ဘူး။ သူတို့ ရှိသမျှအင်အားနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြောင်ပြောင်တင်းတင်း လုပ်ဆောင်နေတာတွေ့ရတယ်။
အဓိကအားဖြင့် လေကြောင်းတိုက်ခိုက်မှုကို အသုံးပြုပြီးတော့ အရပ်သားပြည်သူတွေရဲ့ ဆေးရုံ၊ ကျောင်း၊ ဘာသာရေး အဆောက်အအုံတွေကို တိုက်ခိုက်တော့ အရပ်သားသေဆုံးမှုက တနှစ်ထက်တနှစ် ဆိုးဝါးလာတယ်။ ကြီးမားလာတာကိုတွေ့ရတယ်။ ဒီလို တိုက်ခိုက်မှုတွေဟာ နိုင်ငံတကာဥပဒေအရ စစ်ပွဲအတွင်းမှာ ဘယ်သူမှ မတိုက်ခိုက်ရဘူးလို့ တားမြစ်ထားတဲ့ အရာတွေပေါ့နော်။ ဒီလိုတားမြစ်ထားတဲ့အရာတွေကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်လာတာကို တွေ့ရတယ်။ စစ်ကောင်စီအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကို ကြည့်တဲ့အခါမှာ စစ်ရာဇဝတ်မှုကျူးလွန်မှုက ပိုများလာတယ်။ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေ ပိုများလာတယ်လို့ ပြောလို့ရပါတယ်။
မေး။ ။ ချင်းပြည်နယ်မှာ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေက အာဏာသိမ်းပြီးကတည်းကနေ ယနေ့အထိ ဘယ်လိုအခြေအနေတွေကို တွေ့ရှိရပါလဲ။
ဖြေ။ ။ နွေဦးတော်လှန်ရေးမှာ ချင်းပြည်နယ်က မြန်မာမှာ ပထမဆုံး လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ပြီး စစ်ကောင်စီကိုတိုက်တဲ့ ပြည်နယ်လို့ပြောလို့ရတယ်။ အဲလိုအခြေအနေမှာ ချင်းပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်ခံရမှုအပိုင်းမှာ စစ်ကောင်စီရဲ့ ရက်ရက်စက်စက်နဲ့ ကြမ်းကြမ်းတမ်းတမ်းနဲ့ ပထမဆုံး တိုက်ခိုက်ခံရတဲ့ ပြည်နယ်လို့လည်း ပြောလို့ရတယ်။ ကျနော်တို့ကို နည်းမျိုးစုံနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကို တွေ့ရတယ်။ ဖမ်းဆီးစစ်ဆေးတာတင် မဟုတ်ဘူး၊ အရပ်သားပြည်သူလူထုကို ပစ်မှတ်ထားပြီးတော့ ဖမ်းဆီးနှိပ်စက်ညှင်းပမ်း မှုတွေတင်လည်း မဟုတ်ပါဘူး။
ဘာသာရေးသင်းအုပ်ဆရာတွေအပါအဝင် ဖမ်းဆီးသတ်ဖြတ်မှုတွေ လုပ်လာတာအများကြီးတွေ့ရတယ်။ ကျနော်တို့အထွဋ်အမြတ်ထားတဲ့ ဘုရားကျောင်းနဲ့ ဘာသာရေးအဆောက်အအုံတွေ အများကြီးကို ချင်းပြည်နယ်မှာ ဖျက်ဆီးခံရတာရှိတယ်။ အခုဆိုရင် ချင်းပြည်နယ်ထဲက ဘာသာရေး အဆောက်အအုံကို ဖျက်ဆီးတာ ၁၃၀ ကျော် ရှိနေပြီ။ ဒါက သမိုင်းမှာမကြုံဖူးတဲ့ ရာခိုင်နှုန်းနဲ့ ချိုးဖောက်ခံရမှုလည်း ဖြစ်ပါတယ်။ ချင်းမှာ စစ်ကောင်စီရဲ့လူ့အခွင့်အရေးချိုးဖောက်မှုကို ကြည့်မယ်ဆိုရင် နည်းလမ်းမျိုးစုံနဲ့ တိုက်ခိုက် ခံရတယ်။ ချိုးဖောက်ခံရတယ်။ တခြားဒေသထက်တောင် ပိုပြီးတော့ဆိုးဆိုးဝါးဝါးခံရတယ်လို့ ပြောလို့ရတာပေါ့နော်။
မေး။ ။ ၂၀၂၄ ခုနှစ်အတွက် လူ့အခွင့်အရေးကာကွယ်သူဆုကို ချီးမြှင့်ခံရတယ်လို့ သိရပါတယ်။ တခြားနိုင်ငံ ၈ နိုင်ငံနဲ့အတူ CHRO က ဆရာအနေနဲ့ ဘယ်လိုချီးမြှင့်ခံရတယ်ဆိုတာ ပြောပြပေးပါဦးခင်ဗျာ။
ဖြေ။ ။ လူ့အခွင့်အရေးကာကွယ်သူဆုကို ဘယ်လိုချီးမြှင့်ခံရသလဲဆိုရင် အမေရိကန်အစိုးရအနေနဲ့ ကမ္ဘာမှာ နိုင်ငံပေါင်း ၂၀၀ နီးပါးမှာ သူတို့သံရုံးတွေ ရှိတယ်။ အဲဒီက သံရုံးတွေတိုင်းကနေ လူ့အခွင့်အရေးတက်ကြွလှုပ်ရှား သူတွေကို စာရင်းတင်သွင်းပြီးတော့ အဲဒီကနေ လူ ၂၀၀ နီးပါးကို ရွေးချယ်တယ်။ အဲဒီထဲကနေ ၈ ယောက်ကို ရွေးချယ်တယ်။
ကျနော်ဆိုရင်တော့ မြန်မာနိုင်ငံမှာရှိတဲ့ အမေရိကန်သံရုံးကနေ တင်သွင်းတဲ့ဟာကို ဒေသတွင်းအဆင့်ကို တင်တယ်။ အဲဒီကနေ အာရှအဆင့်ကိုတင်တယ်။ အဲဒီကနေမှ နိုင်ငံခြားရေးဌာနကို ရောက်သွားတယ်။ အဲဒီလို အဆင့်ဆင့်ကျော်ဖြတ်ပြီးတော့ CHRO ရယ်၊ ကျနော်ရယ် ဆောင်ရွက်မှုကို ထိုက်တန်တယ်လို့ နိုင်ငံခြားရေးဌာနက တာဝန်ရှိသူတွေက ယူဆတဲ့အတွက် တခြားနိုင်ငံက လူ ၇ ယောက်နဲ့အတူ ချီးမြှင့်ခြင်းခံရတာ ဖြစ်ပါတယ်။
မေး။ ။ ဒီဆုက ချင်းလူအခွင့်အရေးလှုပ်ရှားသူတွေနဲ့ လူနည်းစုတိုင်းရင်းသားတွေအပါအဝင် မြန်မာလူထု အတွက် ဘယ်လိုသဘောဆောင်ပါလဲ။
ဖြေ။ ။ ဒီဟာက စစ်ကောင်စီကအာဏာသိမ်းပြီးနောက်ပိုင်းမှာ CHRO ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဆောင်ရွက်ချက်ကို အသိအမှတ်ပြုတယ်လို့မြင်တယ်။ ဥပမာ – CHRO ရဲ့ကြိုးပမ်းမှုကြောင့် မြန်မာနိုင်ငံထဲမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက ထန်တလန်မှာဖြစ်ပျက်တဲ့ အကြောင်းအရာကို ဗြိတိန်အစိုးရကို CHRO အနေနဲ့ တိုက်တွန်း နိုင်ပြီးတော့ ၂၀၂၁ ခုနှစ်မှာ ကုလသမဂ္ဂရဲ့ လုံခြုံရေးကောင်စီအစည်းအဝေးမှာ မြန်မာနိုင်ငံအရေးကို တံခါးပိတ် ဆွေးနွေးမှုတွေ လုပ်ဆောင်နိုင်ခဲ့တယ်။
ဖိလစ်ပိုင်နိုင်ငံမှာလည်း ချင်းပြည်နယ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ပတ်သက်ပြီးတော့ တာဝန်ရှိသူတွေ ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင်ပေါ့လေ။ ကျနော်တို့ တရားစွဲဆိုမှုတွေ လုပ်ဆောင်နိုင်ခဲ့တယ်။
အန်တိုနီဘလင်ကန် (အမေရိကန်နိုင်ငံခြားရေးဝန်ကြီး) ကလည်း ဒီဆုကို ဘာကြောင့်ချီးမြှင့်တာလဲဆိုတာမှာ မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေးအရာတွေကို နိုင်ငံတကာကပိုသိမြင်လာအောင် ဆောင်ရွက်နိုင် ခဲ့တယ်လို့ ပြောဆိုတာရှိတယ်။ ဒါဟာ CHRO ရဲ့ စွမ်းဆောင်မှုကို ကျနော်က CHRO မှာ ပါဝင်တဲ့ခေါင်းဆောင် တယောက်အနေနဲ့ ဆောင်ရွက်နိုင်လို့ ဒီဆုကို ချီးမြှင်ခြင်းဖြစ်တယ်လို့ ကျနော်ကယူဆတယ်။
မေး။ ။ လူအခွင့်အရေးလှုပ်ရှားမှု လုပ်ဆောင်မှုတွေထဲမှာ အကြီးမားဆုံးအခက်အခဲတွေ၊ စိန်ခေါ်မှုတွေက ဘာတွေ ဖြစ်မလဲခင်ဗျာ။
ဖြေ။ ။ စိန်ခေါ်မှုတွေက အများကြီးရှိတာပေါ့လေ။ အဓိကက ကျနော်တို့လုံခြုံရေးအရ၊ ဒီလိုဆောင်ရွက်ရမှု ကနေ ကျနော်တို့ရဲ့ရပ်တည်ချက်ကို အများကြီးခြိမ်းခြောက်မှုတွေ ရှိတာပေါ့နော်။ ဒါပေမယ့် ကျနော်တို့ ခံယူချက်က ဒီလိုလူ့အခွင့်အရေးခြိမ်းခြောက်မှုတွေ ကျနော်တို့ ရှေ့မှာရှိနေတဲ့ဟာကို ကျနော်အနေနဲ့ နှုတ်ဆိတ် မနေနိုင်ဘူး။ ဒီလိုချိုးဖောက်ခံရတဲ့ ပြည်သူလူထုအတွက် နစ်နာခဲ့တဲ့လူတွေအတွက် သူတို့ကိုယ်စားပြောပေးဖို့ တာဝန်ရှိတယ်။ သူတို့ တရားမျှတမှုရရှိနိုင်ရေး ဆောင်ရွက်ဖို့ရှိတယ်ဆိုတာက ကျနော်ရဲ့ခံယူချက်ပေါ့နော်။ ဒီခံယူချက်နဲ့ပဲ ကျနော်လုပ်ဆောင်တယ်။
တခါတလေ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မှတ်တမ်းပြုစုတဲ့အခါမှာ စိတ်ပိုင်းဆိုင်ရာတွေလည်း ထိခိုက်ရမှုတွေရှိတယ်။ ဘာကြောင့်လဲဆိုရင် ထိခိုက်နစ်နာရတဲ့လူတွေကို အမြဲတမ်းဆက်သွယ်ရတယ်။ လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ ဓါတ်ပုံတွေ၊ ရုပ်သံတွေကို အမြဲတမ်းကြည့်ပြီးတော့ ပြောဆိုဆက်ဆံရတဲ့အခါမှာ ကိုယ်ရဲ့စိတ်ကို ထိခိုက်ခံစားရတာတွေ အများကြီးကြုံတွေ့ရပါတယ်။ ဒါတွေကိုကြုံတွေ့နေရပေမယ့် ဒါက စွန့်လွတ်လို့မရတဲ့အလုပ် ဖြစ်တယ်။ ဒီလိုနစ်နာခဲ့ရတဲ့ လူတွေကိုယ်စား ပြောပေးဖို့၊ ဆောင်ရွက်ပေးရဖို့ တာဝန်ရှိတယ်။ ဒီခံယူချက်နဲ့ ရှေ့ဆက်ပြီးတော့ လူ့အခွင့်အရေးလုပ်ငန်းတွေကို ဆောင်ရွက်ရတာဖြစ်ပါတယ်။
မေး။ ။ ကုလသမဂ္ဂ ECOSOC မှာ ပါဝင်ဆောင်ရွက်တယ်လို့ သိရပါတယ်။ အဲဒီအကြောင်း ပြောပြပေးပါဦး။ အဲဒီကနေ နိုင်ငံတကာမှာ ဘယ်လိုအောင်မြင်မှုတွေရရှိပါလဲ။
ဖြေ။ ။ CHRO က ၂၀၁၈ ခုနှစ်ကတည်းက ကုလသမဂ္ဂကအတိုင်ပင်ခံအဖွဲ့အစည်းအနေနဲ့ အသိအမှတ်ပြု ထားတယ်။ အဲဒီအသိအမှတ်ပြုထားတဲ့အတွက် ကျနော်တို့က ပိုပြီးတော့အခွင့်အရေးတွေလည်း များတယ်။ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွေရှိတဲ့အခါမှာ ကျနော်တို့ CHRO ကတော့ ပုံမှန်တက်လို့ ရတယ်။ ဖိတ်ဖို့ မလိုအပ်ပဲနဲ့ပေါ့နော်။
ပြီးတော့ နိုင်ငံတကာ လူ့အခွင့်အရေးလှုပ်ရှားသူတွေ အဖွဲ့တွေနဲ့ ထိတွေ့မှုတွေက ပိုပြီးတော့ ကျနော်တို့ရဲ့ ÒအသံÓ က ပိုကြီးတယ်၊ ကျယ်လောင်တယ် ပြောလို့ရတာပေါ့လေ။ ကျနော်တို့ရဲ့ အများယုံကြည်လက်ခံမှု (Credibility) က ရှိပြီးသားပေါ့လေ။ CHRO က တင်ပြတဲ့ဟာတွေ၊ ပြောဆိုတဲ့ဟာတွေကို နိုင်ငံတကာအစိုးရတွေနဲ့ UN အပါအဝင် သူတို့က တန်ဖိုးထားပေးတယ်။ ဒီဟာလေးတွေက ကျနော်တို့အတွက် တဖက်တလမ်းကနေ ဒီလို အဆင့်ရခြင်းအားဖြင့် ပြောအား၊ဆိုအား ပိုကောင်းလာတယ်ပေါ့။
မေး။ ။ CHRO အနေနဲ့ ဘာတွေဆက်လုပ်သွားဖို့ရှိပါလဲ၊ ဘာတွေတိုးချဲ့လုပ်သွားဖို့ ရှိမလဲခင်ဗျာ။
ဖြေ။ ။ ကျနော်တို့ CHRO အနေနဲ့ ချင်းပြည်နယ်မှာ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကို စနစ်တကျ မှတ်တမ်းတင်ထားတယ်။ လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ နစ်နာသူတွေအတွက် တရားမျှတမှုရရှိအောင် နည်းလမ်းမျိုးစုံနဲ့ ဆက်လုပ်ဖို့ရည်ရွယ်ထားတယ်။ မြန်မာနိုင်ငံမှာ ဒီလို လူ့အခွင့်အရေးချိုးဖောက်တဲ့လူတွေကို တာဝန်ယူမှုရရှိအောင် ဘယ်လိုမှလုပ်ဆောင်လို့ မရဘူး။ လုပ်ဆောင်လို့ရတဲ့နေရာက နိုင်ငံတကာတရာရုံးနဲ့ ဥပဒေတွေမှာ လုပ်ဆောင်ဖို့နည်းလမ်း ရှိတယ်။
အခုဖိလစ်ပိုင်မှာကြိုးစားသလိုပဲ ဖြစ်နိုင်တဲ့နည်းလမ်းတွေနဲ့ စစ်ကောင်စီရဲ့ ဒီလိုလူ့အခွင့်အရေးချိုးဖောက်မှု တွေကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေဖို့အတွက် ကျနော်တို့ ဆက်ပြီးတော့ကြိုးစားမယ်။ မြန်မာနိုင်ငံရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြစ်တဲ့ IIMM အဖွဲ့နဲ့လည်း ပူးပေါင်းပြီးတော့ ချင်းပြည်နယ်မှာ လူ့အခွင့်အရေးချိုးဖောက်မှု သက်သေတွေကို သက်ဆိုင်ရာတရားရုံးတွေမှာ သက်သေပြနိုင်ဖို့ ကျနော်တို့ ထပ်ပြီးဆွေးနွေးသွားဖို့ ရှိတယ်။ တော်လှန်ရေးအောင်မြင်လာတဲ့အချိန်မှာလည်း မြန်မာနိုင်ငံအသွင်ကူးပြောင်းမှုမှာ လူ့အခွင့်အရေးချိုးဖောက်ခံရ တဲ့လူတွေ နစ်နာတဲ့လူတွေအတွက် တရားမျှတမှုရရှိအောင် ဆက်ပြီးတော့ လုပ်ဆောင်သွားဖို့ သံဓိဌာန်ချထား ပါတယ်။
KMG ပေးပို့သည်။