“မိမိတို့အခု ပြန်ပြီးတာဝန်ထမ်းဆောင်မယ်ဆိုရင် အားလုံးကိုစွန့်ရတယ်။ ပြည်နယ်အတွက် တထောင့်တနေရာမှာ ပြန်ပါဝင်နိုင်ဖို့ ထောက်ပံ့ပေးနိုင်ဖို့က အများကြီးလိုတယ်။ ဒီအချိန်မှာ အရင်လို ရုံးသွားရုံးပြန် ပျော်ပျော်ပါးပါး သွားရမယ့် အချိန်မဟုတ်ဘူး” ရိုစ့်လင်းဂျွန်/ ကရင်နီပြည်နိုင်ငံ့ဝန်ထမ်း CDM ကော်မတီဥက္ကဌ

0
53
ပုံစာ - CDM လှုပ်ရှားမှုတခု။

တော်လှန်ရေးကာလ ၃ နှစ်ကျော်အတွင်း CDM များကိုစုစည်းပြီး ကရင်နီပြည်နိုင်ငံ့ဝန်ထမ်း CDM ညီလာခံနှင့် ကော်မတီတရပ် ဖွဲ့စည်းခဲ့မှုတို့နှင့်ပတ်သက်ပြီး ကရင်နီပြည်နိုင်ငံ့ဝန်ထမ်း CDM ကော်မတီဥက္ကဌ ရိုစ့်လင်းဂျွန်နှင့် ဆက်သွယ်မေးမြန်းချက်။

ကရင်နီ (ကယား) ပြည်ရှိ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ကြသည့် နိုင်ငံဝန်ထမ်း အင်အားစုက ဦးဆောင်ပြီး ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက်နေ့တွင် ကရင်နီပြည်နိုင်ငံ့ဝန်ထမ်း CDM ညီလာခံကို ကျင်းပပြုလုပ်ခဲ့သည်။ လက်ရှိအချိန်ထိ CDM အင်အားစုအနေနှင့် ကျရာကဏ္ဍပေါင်းစုံကနေ ကြိုးပမ်းပါဝင်လျက် ရှိနေပြီး စာရင်းအရ နိုင်ငံ့ဝန်ထမ်း CDM ပြုလုပ်သူအရေအတွက် ၅,၆၀၇ ဦးရှိသည်ဟု ဆိုသည်။

CDM တို့၏ အခန်းကဏ္ဍ မပပျောက်ရေး ၊ CDM များ စားဝတ်နေရေးလိုအပ်ချက်တို့ကို တတ်နိုင်သမျှ ဖြည့်ဆည်း ပေးရေး ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးရေး ၊ CDM ထု တရပ်လုံးကိုယ်စား နိုင်ငံရေး နယ်ပယ်၊ လူမှုရေးနယ်ပယ်တို့မှ ဦးဆောင်ဦးရွက်ပြု ပါဝင်မှုရှိစေရေး စသည့် CDM မူဝါဒချမှတ်နိုင်ရန် ရည်ရွယ်ပြီး ကရင်နီပြည်နိုင်ငံ့ဝန်ထမ်း CDM ညီလာခံကို ကျင်းပပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

ထိုညီလာခံကနေ CDM ကော်မတီတရပ်ကို ပွင့်လင်းမြင်သာမှု၊ တန်းတူညီမျှမှု ၊ အမှီအခိုကင်းမှုနှင့် ဘက်လိုက်မှု ကင်းသည့် စံနှုန်းများနှင့် ပြန်လည်ဖွဲ့စည်းပြီး CDM ပြည်သူလူထုကို ကိုယ်စားပြုနိုင်သော ကိုယ်စားလှယ်တစ်ဦး ကိုလည်း မဲပေးရွေးချယ်ခဲ့ကြသည်။

လက်ရှိ၌ ကရင်နီပြည်ရှိ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုင်ရာဌာနတွင် တာဝန်ထမ်းဆောင်နေသည့် CDM ဝန်ထမ်းအရေအတွက်သည် နိုင်ငံ့ဝန်ထမ်း CDM ပြုလုပ်သည့် အရေအတွက်နှင့် နှိုင်းယှဉ်လျှင် အလွန်ပင် နည်းပါးနေသေးသည်ဟု ဆိုသည်။

ထိုသို့ တော်လှန်ရေးကာလ ၃ နှစ်ကျော်အတွင်း CDM များကိုစုစည်းပြီး ကရင်နီပြည်နိုင်ငံ့ဝန်ထမ်း CDM ညီလာခံ နှင့် ကော်မတီတရပ် ဖွဲ့စည်းခဲ့မှုတို့နှင့်ပတ်သက်ပြီး ကရင်နီပြည်နိုင်ငံ့ဝန်ထမ်း CDM ကော်မတီဥက္ကဌ ရိုစ့်လင်းဂျွန်ကို ဆက်သွယ်မေးမြန်းထားပါသည်။

ပုံစာ – ကရင်နီပြည် နိုင်ငံ့ဝန်ထမ်း CDM ကော်မတီအမှတ်တံဆိပ်။

မေး ။ ။ ဆရာမရဲ့ CDM ပါဝင်မှု အခန်းကဏ္ဍကို မိတ်ဆက်ပေးပါအုံးရှင့်။

ဖြေ ။ ။ ရိုစ့်လင်းဂျွန်လို့ ခေါ်ပါတယ်။ အရင် ကယားပြည်နယ်၊ တရားလွှတ်တော်ရဲ့ ခရိုင်တရားရုံးမှာ နှစ်ပေါင်း ၂၀ တာဝန်ထမ်းဆောင်ခဲ့ပြီးတော့ အာဏာသိမ်းပြီးတော့ ၁၁ ရက်နေ့မှာပဲ CDM စလုပ်တယ် ယနေ့အချိန်ထိ ဖြစ်တယ်။ ဒီအချိန်မှာတော့ ကရင်နီပြည်မှာရှိတဲ့ တရားစီရင်ရေးမဏ္ဍိုင်ကြီးမှာ ပြည်နယ်တရားရုံးချုပ်မှာ ညွှန်ကြားရေးမှူး တာဝန်ထမ်းဆောင်နေပါတယ်။

မေး ။ ။ ကရင်နီပြည်မှာ CDM တွေဟာ ဘယ်လိုအခန်းကဏ္ဍကသူတွေ ပါဝင်ကြပါလဲ။ ဘယ်ကဏ္ဍတွေမှာ အများဆုံး ပါဝင်ကြပါလဲ။

ဖြေ ။ ။ ကျမတို့ပြည်နယ်မှာ CDM လုပ်တဲ့ဝန်ထမ်းကတော့ ၅၆၀၀ နီးနီးရှိတယ်။ ပြုစုထားတဲ့ဟာ ဖြစ်တယ်။ အဲ့ထဲမှာ ကရင်နီပြည်ရဲ့ ဌာနဆိုင်ရာတွေမှာ ပြန်ပြီးတာဝန်ထမ်းဆောင်နေတဲ့ အရေအတွက်ကတော့ ပညာရေး၊ ကျန်းမာရေး များမယ်။ တခြားဌာနဆိုင်ရာကတော့ အလွန်နည်းတယ် ဖွဲ့ထားတဲ့ ဌာနအလျောက် သက်ဆိုင်ရာ ဌာန မဟုတ်ပေမယ့် ဝန်ထမ်းလုပ်ခဲ့ဖူးတဲ့သူ ဦးဆောင်နေတဲ့အခန်းကဏ္ဍမှာဆိုရင် တခြားဌာနမှာ ပြန်ပြီး ဥပမာ – တရားရုံးဆိုပေမယ့် တရားရုံးမဟုတ်ဘဲနဲ့ တခြားဌာနကိုဝင်ပြီး ကူညီတဲ့အပိုင်းများတယ်။

ကျမတို့ လက်ရှိ CDM ပြုလုပ်ပြီး ဌာနဆိုင်ရာမှာပြန်ဝင်တဲ့ ခေါင်းဆောင်ပိုင်းတွေမှာ Discussion ပြုလုပ်ပြီးမှ ပြန်ဝင်တဲ့သူကတော့ အနည်းငယ်ပဲရှိတယ်။ ကျန်တဲ့ အပိုင်းပြောရရင် ဒုတိယအဆင့် ဦးစီးတို့အပိုင်းမှာ ပြန်ပြီး တာဝန်ထမ်းဆောင်နေတာလည်းရှိတယ်။ ရာခိုင်နှုန်းနဲ့တွက်ရရင် နည်းနေတဲ့ ရာခိုင်နှုန်းတော့ဖြစ်တယ်။

မေး ။ ။ CDM အင်အားစုတွေမှာ အများစုက ဌာနဆိုင်ရာမှာ အလုပ်ပြန်ဝင်တာ မတွေ့ရသလို CDM လုပ်တဲ့ ဌာနအသီးသီးကဝန်ထမ်းတွေ လက်ရှိကြားကာလမှာ ဘယ်နေရာတွေမှာ တာဝန်ပြန်ထမ်းဆောင်တာရှိပါလဲ။

ဖြေ ။ ။ ကျမတို့သိရသလောက် အသိုင်းအဝန်းကဆိုရင် ပညာရေး ၊ ကျန်းမာရေးက အင်အားအကောင်းဆုံး ဖြစ်တယ်။ ပြီးတော့ ထွေအုပ်။ ကျန်တဲ့ဌာနဆိုင်ရာတွေကတော့ နည်းတယ်လို့ ပြောရမယ်။ ဝန်ထမ်းအင်အား လည်း နကိုယ်ကတည်းကလည်း များတာမဟုတ်တော့ တချို့ဌာနတွေကတော့ ရာခိုင်နှုန်းနဲ့ပြောရင်တော့ ၁၀၀ မှာ ၃၀ ရာခိုင်နှုန်းပေါ့။ ကျမတို့တရားရုံးအဖွဲ့ကတော့ ၄ ပုံမှာ ၁ ပုံတောင် မပါဘူးပေါ့၊ အလွန်နည်းတယ်။ ဂဏန်းအရေအတွက်နဲ့ပြောရင် တစ်ဌာနမှာ ၄ ၊ ၅ ယောက်လောက်ပဲ ပါဝင်ဖြစ်တယ် တရားရုံးအနေအထားပါ။

ကျန်တဲ့ဌာနအနေအထားကတော့ ပြောရရင်တော့ ဒေတာကောက်တဲ့အချိန်မှာ ဆက်သွယ်လို့ မရတဲ့ အခန်းကဏ္ဍတွေလည်းများတော့ ကျမတို့မှာ တိကျတဲ့ အချက်အလက်တွေတော့ မရှိသေးဘူ။ အခုမှ ပြန်ပြီး ဆောင်ရွက်တယ်။ ၃ နှစ်ကျော် ၄ နှစ်ဝန်းကျင်ရောက်လာတဲ့အချိန်မှ ရှေ့မှာ CDM အစုအဖွဲ့အနေနဲ့ ရှေ့မှာ ခေါင်းဆောင်တွေ အများကြီးကြိုးစားခဲ့တယ်။ သို့သော်လည်း အခြေအနေအရ ပြည်နယ်အနေအထားအရ တကွဲတပြား ဖြစ်ကုန်တယ်။ စစ်ရှောင်ရတဲ့ဒဏ်က ခါးသည်းတော့ တချို့ကလည်း ဒဏ်မခံနိုင်တော့ဘဲနဲ့ ပြန်ဝင်သွားတဲ့သူရှိသလို ဖိအားကြောင့် ပြန်ဝင်သွားရတဲ့ Non CDM တွေ အများကြီးရှိခဲ့ပါတယ်။

မေး ။ ။ ဖိအားကြောင့် စစ်ကောင်စီထံ ပြန်ရောက်သွားတာဆိုတော့ ဘယ်လိုဖိအားတွေကြောင့် ဖြစ်ပါလဲရှင်။

ဖြေ ။ ။ တချို့ကတော့ စားဝတ်နေရေးက အဓိက ဖြစ်တယ်။ ဝန်ထမ်းဘဝဆိုတာက လုံလောက်တဲ့ဝင်ငွေ လစာကြောင့် ရပ်တည်ခဲ့ကြတာ မဟုတ်ဘူး။ တချို့ကလည်း အိုးအိမ်မရှိဘဲနဲ့ ဝန်ထမ်းအိမ်ရာမှာနေရတယ်။ သူကိုယ်တိုင်က CDM လုပ်ပြီးသွားတော့ ထွက်သွားတဲ့အချိန်မှာ ဝန်ထမ်းအိမ်ရာမှာကျန်ခဲ့တဲ့သူတွေက သူ့မိသားစုအတွက်ဆိုပြီး စစ်အာဏာရှင်ကို မကြိုက်သော်လည်း မိသားစုရဲ့အရေးကို ရှေ့တန်းတင်ရတဲ့အချိန်မှာ ပြန်ပြီး Non – CDM လုပ်သွားတဲ့ မိတ်ဆွေတွေလည်းရှိတယ်။

မေး ။ ။ CDM လုပ်ထားကြတဲ့သူတွေကလည်း ဒီလိုမျိုး ဖိအားတွေ ထပ်မဖြစ်ရလေအောင် ကရင်နီပြည်က ကြားကာလ သက်ဆိုင်ရာအစိုးရတွေကနေ ဘယ်လိုအခွင့်အလမ်းတွေ လုပ်ဆောင်ပေးသင့်တယ်လို့ထင်လဲ။

ဖြေ ။ ။ ဝန်ထမ်းတစ်ယောက်အနေနဲ့ဘယ်ဌာနမှာမဆို အလုပ်ပြန်ဝင်မယ်ဆိုရင် ပျမ်းမျှအားဖြင့် ထိုက်သင့်တဲ့ လစာ ရရမယ်ပေါ့။ သို့ပေမယ့်လည်း ဝန်ထမ်းတယောက်က ယခင်လိုပဲ မိမိတို့အလုပ်ကို အားကြိုးမာန်တက် မရှိဘဲနဲ့ မိမိလုပ်ရမယ့်အလုပ် ဘယ်ဌာနပဲဝင်ဝင် မလေးစားဘူး မလုပ်ချင်ဘူး။ အကြောင်းပြချက် အမျိုးမျိုးနဲ့ ရှိနေမယ်ဆိုရင် ကျမ အခုအစိုးရတရပ်အနေနဲ့ သို့မဟုတ် ကြားကာလအစီအမံတရပ်အနေနဲ့ တည်ထောင်ထားတဲ့ ဌာနဆိုင်ရာတွေမှာလည်း အရမ်းခက်ခဲတယ်။ ငွေရေးကြေးရေးက ပထမဆုံးဖြစ်ပေမယ့် အလွန်ခက်ခဲတဲ့ကာလမှာ ထိုက်သင့်တဲ့လစာကို ပေးနေပြီ ဖြစ်တယ်။

တရားရုံးစီရင်ရေးဖြစ်ဖြစ် ၊ တခြားဌာနဆိုင်ရာဖြစ်ဖြစ် စားဝတ်နေရေးပြေလည်အောင်ဆိုပြီးတော့မှ ကျမတို့ ထိုက်သင့်တဲ့လစာ ပေးနေပြီဖြစ်တယ်။ နောက်တခုက နေရေးထိုင်ရေးပေါ့ အားလုံးက စစ်ရှောင်တွေဖြစ်ကြတော့ နေရာထိုင်ခင်းပေးတာလည်း တွေ့ရတယ်။ ကျမတို့ အောက်ခြေဝန်ထမ်းထိ ဘာတွေလိုအပ်လဲဆိုတာ သိပြီးသားပေါ့။ သို့ပေမယ့် ဖြည့်ဆည်းပေးဖို့ ကြိုးစားနေဆဲအခြေအနေပေါ့။ အားလုံးရင်ဆိုင်ကျော်လွှားတဲ့ အခြေအနေဖြစ်တယ်ပေါ့။ လက်ရှိ ကြီးလေးတဲ့တာဝန်ကို ပြန်ပြီးထမ်းဆောင်နေတဲ့ သူတစ်ယောက်အနေနဲ့ အများကြီး လိုအပ်သေးတယ်။ အစစအရာရာ မပြည့်စုံသေးတဲ့အခြေအနေမှာ သူတို့ကလည်း ဘာမှမရှိတဲ့ ကွင်းပြင်ကြီးကို ကျမတို့ ပန်းချီကို ရေးဆွဲကြမယ်။ တယောက်က လက်ကိုထုတ်ရင် တစ်ယောက်က ခေါင်းက တယောက်က ဦးနှောက်ပေါ့ တစ်ကိုယ်လုံးပုံဖော်ဖို့က ဝိုင်းဝန်းပြီး ကြိုးစားဆောင်ရွက်ရမယ့် အခြေအနေမှာပဲ ရှိနေသေးတယ်။

မေး ။ ။ CDM အင်အားက ၅၆၀၀ ကျော် ရှိတယ်လို့ပြောတယ်ပေါ့နော။ ဘယ်ဌာနတွေက အများဆုံး ပြန်ပြီးပါဝင်ကြလဲ။ တခြား တာဝန်မထမ်းဆောင်နိုင်ကြသေးတဲ့သူတွေရော ဘာအကြောင်းကြောင့် ဖြစ်မလဲပေါ့။

ဖြေ ။ ။ ကျမတယောက်အနေနဲ့ ပထမဆုံးတချက်က မိမိတို့ မိသားစုအရေးကို ဦးစားပေးတဲ့သူလည်းရှိတယ်။ စစ်ရေးအခြေအနေအရ နေ့လား၊ညလား စိုးရိမ်စိတ်ဆိုလည်း ကြောက်နေရတယ်။ လေကြောင်းကိုလည်း ကြောက်ရတယ်။ ဒရုန်းကိုလည်း ကြောက်ရတယ်။ စားဝတ်နေရေးကို ကိုယ်ကိုယ်တိုင် ဦးဆောင်နေရသူရှိသလို တချို့ကလည်း အမျိုးသမီးတွေကလည်း ကလေးတွေကို ငဲ့ရတယ်။ မိမိတို့အခု ပြန်ပြီးတာဝန်ထမ်းဆောင် မယ်ဆိုရင် အားလုံးကိုစွန့်ရတယ်။ ပြည်နယ်အတွက် တစ်ထောင့်တစ်နေရာမှာ ပြန်ပါဝင်နိုင်ဖို့ ထောက်ပံ့ပေး နိုင်ဖို့က အများကြီးလိုတယ်။ ဒီအချိန်မှာ အရင်လို ရုံးသွားရုံးပြန် ပျော်ပျော်ပါးပါးသွားရမယ့် အချိန်မဟုတ်ဘူး။ ကျမတို့ အရမ်းကြိုးစားရတယ် ခက်ခဲတယ်။ ဝန်ထမ်းလောကကို ပြန်ပြီးလုပ်ဖို့က အတွေးတွေအများကြီးရှိတယ်။

တချို့ကလည်း မိမိတို့ဆန္ဒအလျောက် CDM ပြုလုပ်ပြီးနောက်ပိုင်းမှာ တချို့ကတော့ ဝန်ထမ်းကို ပြန်လုပ်ချင်တဲ့ ဆန္ဒမရှိဘူးလို့ ပြောကြတယ်။ ကျမတို့ဝန်ထမ်းလောကရဲ့စကားကို ပြောရရင်တော့ ဝန်ထမ်းဘဝကို စိတ်ကုန်သွားပြီ ဆိုတဲ့သူလည်းရှိတယ်။ ကျမတို့ ဝန်ထမ်းတွေကို တတ်နိုင်သလောက် ဆက်သွယ်ကြပါတယ်။ ခေါ်ယူတယ် ချိတ်ဆက်မှုတွေ လုပ်တယ်။ CDM တွေရဲ့ ဦးဆောင်သူနေရာကို ကျမတို့ ညီလာခံကြီးတရပ် ခေါ်ရမယ်။ လုံခြုံမှုမရှိတဲ့ အနေအထားကြားမှာ စုစည်းနိုင်ခဲ့တယ်။ ရှိတဲ့အင်အားနဲ့ အဆင်ပြေတဲ့နေရာကနေ ဆက်သွယ်ကြတယ်။ သို့သော် အဆက်အသွယ် ပြတ်နေတဲ့သူတွေလည်း အများကြီးရှိနေသေးတယ်ပေါ့။ CDM ကော်မတီတရပ် ဖြစ်ပေါ်လာဖို့က တော်တော်လေး ခက်ခဲပါတယ်၊ ခရီးလမ်းကလည်း ကြမ်းမယ်ပေါ့။

မေး ။ ။ တော်လှန်ရေးကာလ ၃နှစ်ကျော်အတွင်းမှာမှ ဒီလို CDM တွေကိုစုစည်းပြီး ကော်မတီတရပ် ပြန်ဖွဲ့စည်းတာ ဘာကြောင့်ပါလဲ။

ဖြေ ။ ။ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း CDM အင်အားစုဆိုတာ ရှိပြီးသား။ ပြည်နယ်နဲ့တိုင်းမှာ ကျမတို့ ပြည်နယ်ကသေးငယ်ပေမယ့် CDM အင်အားက ကြီးမားခဲ့တယ်၊ အလွှာစုံကနေ ရှိတယ်။ အုပ်ချုပ်သူအဆင့်ကနေ အောက်ခြေအဆင့်ထိ ဝန်ထမ်းတွေအားလုံး တပြိုင်တည်းတော်လှန်ကြတဲ့အထဲမှာ ဘာဖြစ်လို့ အဆက်အသွယ် ပျောက်သွားတာလဲ မေးခွန်းကိုဖြေရရင် ဆက်သွယ်ရေးကိုပဲပြောရမလား ကိုယ့်ဘဝရဲ့လုံခြုံရေးကိုပဲပြောရမလား။ စစ်ရဲ့ဒဏ်ကိုခံနေရတဲ့ထဲ ပြည်သူလို့ပြောရင် ကျမတို့ဟာ ပြည်သူတွေပဲဖြစ်တယ်။ နယ်စုံကိုရောက်သွားတယ် တချို့ဆိုရင် ဝေးလံတဲ့နေရာအထိ ရှောင်တိမ်းခဲ့ကြတယ်။

ဆိုတော့ ကရင်နီပြည်မှာ ပြန်လည်စုစည်းဖို့ ၊ CDM ထု ပျောက်ကွယ်လု အခြေအနေတရပ်ကို ကျမတို့ပြန်ပြီး သုံးသပ်မိတယ်။ စိတ်ဓါတ်ပြင်းပြကြတဲ့သူတွေ အချင်းချင်းဆက်သွယ်ကြတဲ့အချိန်မှာတော့ နောက်ကျပြီလို့ မရှိပေမယ့် တစ်လေးလုံးစစ်ဆင်ရေး နောက်ပိုင်းမှာမှ ကျမတို့ပြန်လည် ချိတ်ဆက်ကြတယ်။ ၂၀၂၄ နောက်ပိုင်း မှာမှ အခုစုဖွဲ့ထားတဲ့အဖွဲ့က ပြန်ပြီးချိတ်ဆက်ကြတယ်။ ကျမတို့ပြည်နယ်ကြီးမှာ CDM ဆိုတဲ့အင်အားစုက မှေးမှိန်တော့မယ်၊ ပျောက်ကွယ်တော့မယ်။ ဘယ်တွေရောက်ကုန်ပြီလဲ ရှေ့ကသူတွေ ဘယ်တွေသွားကုန်ပြီလဲ ဆိုတဲ့ မေးခွန်းပေါင်းများစွာနဲ့ ရှေ့ကသူတွေလည်း ရှိရင်လည်းရှိလိမ့်မယ်။

ဒါပေမယ့် ကျမတို့ ကရင်နီပြည်ရဲ့ CDM ထုတရပ်အနေနဲ့ အော်ကြစို့ ဆိုပြီးဖွဲ့တယ် လူအင်အားကတော့ အရမ်းမများဘူး စုဖွဲ့တဲအချိန် နီးစပ်ရာ CDM အစုအဖွဲ့တွေနဲ့ပဲ တွေ့ဆုံကြတယ် အစည်းအဝေးတွေ ပြုလုပ်ကြ တယ်။ တို့ပြည်နယ်မှာကတော့ CDM ထုက မှေးမှန်ကုန်ပြီ ရှိတော့ရှိတယ် အကြောင်းအမျိုးမျိုးကြောင့် ပြန့်ကုန်ပြီပေါ့နော။ ဒီဟာကို ပြန်လည်စုစည်းကြမယ် ဆိုပြီးတော့မှ CDM ကော်မတီတရပ်ကို လူအင်အား ဘယ်လောက်ပဲသေးငယ်ပါစေ ရုန်းထမယ် စုဆောင်းကြမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ညီလာခံကို ကျင်းပနိုင်ဖို့ အခုဆိုရင် အကောင်အထည်ဖော်ပြီဖြစ်တဲ့ အတွက်ကြောင့်မလို့ အများရဲ့ဆန္ဒနဲ့ ရွေးချယ်ကြတယ်။ မဲခွဲဆုံးဖြတ် ကြတယ်၊ စံချိန်စံညွှန်းတွေလည်း သတ်မှတ်ကြတယ်။ ငါတို့ CDM အရေးကို အော်နိုင်မယ့်သူက CDM ထုထဲကပဲ ဖြစ်ရမယ်ဆိုပြီး အခုလိုမျိုး ပြန်ပြီးဖွဲ့နိုင်ခဲ့တယ်။

မေး ။ ။ လူ့စွမ်းအားအရင်းအမြစ်ကို ကိုယ့်ပြည်နယ်ထဲမှာ အသုံးပြုဖို့ ဘယ်လောက်အရေးကြီးလဲ။ ပြန့်ကျဲနေတဲ့ CDM တွေကို ဘယ်လိုပြန်ပြီးစုဆောင်းမလဲ၊ ဒီလိုစုဆောင်းနိုင်ဖို့က ဘယ်လောက်ထိအရေးကြီးပါလဲ။

ဖြေ ။ ။ အခုဆိုရင် CDM လူထုတရပ်အနေနဲ့ ဖေ့ဘွတ်စာမျက်နှာတွေ ဖွင့်ထားတယ်။ ဒါကတော့ အခုခေတ်အရ ဖေ့ဘွတ်သုံးနိုင်တဲ့သူတွေအနေနဲ့ CDM ထု ဆက်ပြီးရှိနေသေးပါလားဆိုပြီး ချိတ်ဆက်မယ်၊ ဆောင်ရွက်မယ်။ လုံးဝအကူအညီလိုအပ်နေတဲ့ သူတွေကြတော့လည်း ကျမတို့ဘယ်လိုနည်းနဲ့ ကူညီကြမလဲ။ ပထမဆုံး ရည်ရွယ်ချက်ကတော့ စိတ်ခွန်အားက အရေးကြီးတယ်။ နောက်တဆင့်က ငွေရေးကြေးရေး ကျမတို့အားလုံး လက်ကြီးဗလာ ဖြစ်နေတယ်။ ပြည်သူတစ်ယောက်အနေနဲ့ တောင့်ခံနိုင်တဲ့အင်အားက နည်းလာပြီ။

ကျမတို့ အင်အားက ဘယ်လောက်ထိအရေးကြီးလဲဆိုရင် CDM ထုသည် စစ်အာဏာရှင်စနစ်ကို တော်လှန်တဲ့ အချိန်မှာ ဝန်ထမ်းရဲ့ CDM ထုက ရှိနေပြီသားဖြစ်တယ်။ အခန်းကဏ္ဍအနေနဲ့ကတော့ သမိုင်းမှာဘာမှပြောစရာ မလိုလောက်အောင် အရေးကြီးတဲ့အခန်းကဏ္ဍမှာ ရှိနှင့်နေပြီးသား ဖြစ်တယ်ပေါ့။ လူ့စွမ်းအားအရင်းအမြစ်အနေနဲ့ သေချာတာပေါ့နော။ ဝန်ထမ်းလုပ်ခဲ့ဖူးရင် ပျမ်းမျှအားဖြင့် ဝန်ထမ်းစည်းမျဉ်း စည်းကမ်းတွေကို သိနှင့်နေပြီးသား ဖြစ်တယ်။ ဝန်ထမ်းတစ်ယောက်လုပ်မယ်ဆိုရင် ဝန်ထမ်းရဲ့နည်းဥပဒေအတိုင်း အခွင့်အရေးရှိတယ်။ လုပ်ပိုင်ခွင့် တွေ အကျိုးခံစားခွင့်တွေ ရှိနှင့်နေပြီးသား။ ဒါတွေအားလုံး CDM လုပ်ထားတဲ့ သူတွေက သိနှင့်ပြီးသားပေါ့။

ဆိုတော့ ကျမတို့ပြည်နယ်မှာ ကြားကာလမှာ လူ့စွမ်းအားအရင်းအမြစ်က ရှာလို့မရဘူးဆိုတဲ့ အကြောင်းပြချက်အနေနဲ့ ရှာမတွေ့တာလည်း ရှိနှင့်သူနဲ့အရင်သွားနှင့်တာလား။ ဌာနလို့ ဖွဲ့လိုက်ရင် သေချာတယ် ဝန်ထမ်းတွေက ဘာမှသင်စရာမလိုဘူးပေါ့ဆိုတော့ တစ်ခုခြွင်းချက်ရှိတာက မူလလုပ်ခဲ့တဲ့ဌာန မဟုတ်ရင်တော့ အသစ်ပဲပေါ့။ မိမိရဲ့မူလဌာန ဥပမာပြောရရင် ထွေအုပ်၊ တရားရုံး၊ ဥပဒေရုံး၊ ပညာရေး၊ ကျန်းမာရေး အစုံစုံသော ကဏ္ဍမှာ ယခင်မိမိလုပ်ခဲ့တဲ့ဌာနအတိုင်းပဲ ပြန်ဝင်မယ်ဆိုရင်တော့ အဲ့ဒီဌာနတစ်ခုလုံးရဲ့ လည်ပတ်စီးဆင်းနိုင်တဲ့ လုပ်ငန်းဆိုင်ရာပေါ့နော။ သူသည် ပြောစရာမလိုလောက်အောင် အစွမ်းအစရှိပြီးသား။ တခြားသူတယောက်ကို နင်က CDM ပဲ ငါတို့ဌာနကို ဝင်လိုက်ပြောရင် နေရာမှားတယ် အဲ့လိုဝင်သွားခဲ့ရင်လည်း လုပ်ငန်းမကျွမ်းကျင် ပထမဆုံးရင်ဆိုင်ရတဲ့စိန်ခေါ်မှုလို့ မြင်တယ်ပေါ့။

မေး ။ ။ CDM ကော်မတီလည်း ဖွဲ့ထားပြီဆိုတော့ ရှေ့ဆက်လုပ်ငန်းစဉ်မှာ ဘာတွေလုပ်ဆောင်သွားမှာပါလဲ။

ဖြေ ။ ။ ရှေ့လုပ်ငန်းစဉ်အနေနဲ့ အများကြီး ချမှတ်ထားပြီဖြစ်တယ်။ ကျမတို့ရဲ့ ပြည်နယ်အရေးအခင်းမှာ KSCC မှာ တစ်နေရာပေါ့နော ပါဝင်ခွင့်ရပြီ။ ကျမတို့ CDM အစုအဖွဲ့ကနေ CDM နေရာမှာ ပါပြီးသားဖြစ်တယ်။ ပြည်နယ်ရဲ့အခန်းကဏ္ဍမှာ CDM ထုရဲ့ နေရာတစ်နေရာ ပါဝင်ခွင့်ရသွားပြီဆိုတဲ့ဟာပေါ့။ ကိုယ့်ရဲ့ပြည်နယ်ကို ကိုယ်တိုင်ရေးဆွဲကြမယ်။ လိုအပ်တဲ့မူတွေကို CDM ရဲ့မူဝါဒတွေ အတူတကွ ပြည်နယ်ရဲ့ပညာရှင်တွေနဲ့ စုဖွဲ့ပြီး ရေးကြမယ်ဆိုတဲ့ နေရာမှာ ကျမတို့ရဲ့ ကိုယ်စားလှယ်တစ်ဦးလည်း ပါဝင်ခွင့်ရတာ အရမ်းဂုဏ်ယူတယ်။ ရှေ့လုပ်ငန်းစဉ်လို့ ပြောရင်တော့ ရှိပါတယ်။ CDM အချင်းချင်း ဘယ်လိုဖေးမကြမလဲ၊ ဘယ်လိုကူညီကြမလဲ။ အလုပ်အကိုင်အခွင့်အလမ်းကို ဘယ်လိုရှာဖွေရင်း သွားကြမလဲဆိုတဲ့ဟာ ရှိပါတယ်။

ကျမတို့ တယောက်ထဲ မသွားဘူး စုပေါင်းအားနဲ့သွားကြမယ်၊ ဆုံးဖြတ်ချက်ကို စုပေါင်းချကြမယ်။ လုပ်ရမယ့် တာဝန်တွေရှိတယ်။ အခုမှ စတာဖြစ်တဲ့အတွက် ကော်မတီတရပ်အနေနဲ့ ရှေ့ဆက်မှာ အကောင်းဆုံး လုပ်ဆောင်ကြမယ်။ မြေပြင်မှာ ရှိပြီးတော့ ချိတ်ဆက်နိုင်မယ့်သူကလည်း အရမ်းနည်းတယ်။ တချို့ကြတော့ လေထဲမှာပဲ ဝေဖန်တယ်၊ ပြစ်တင်တယ် ရှုတ်ချတယ်။ သို့သော် မြေပြင်မှာဦးဆောင်မလားဆိုရင်တော့ အနောက်ကိုပြန်ရောက်သွားတယ်။ မြေပြင်မှာ ဒါကိုကြုံတွေ့နေရတယ်ပေါ့။ ဒါကြောင့် ကော်မတီမှာ ပါတဲ့သူတွေဟာ စိတ်ဓါတ်အားဖြင့် တက်ကြွတယ်။ မိမိတို့နိုင်တဲ့ဘက်ကနေ ကျရာအခန်းကဏ္ဍကနေ တာဝန်ထမ်းနေတဲ့အပြင် CDM ထုရဲ့ အခန်းကဏ္ဍမပျောက်အောင် မမှေးမှိန်အောင်ဆိုပြီး ရဲရဲဝံ့ဝံ့ပေါ့။ အားလုံးအတွက်ပေါ့ အပြောလည်းခံနိုင်ရမယ် အလုပ်လည်းလုပ်နိုင်ရမယ်ဆိုတဲ့မူက စုဖွဲ့ပြီးလုပ်ကြမယ့် ရည်ရွယ်ချက်တွေ ရှိနေပါတယ်။

မေး ။ ။ နောက်ဆုံးအနေနဲ့ တခြားဖြည့်စွက်ပြောစရာရှိသေးရင် ပြောပေးပါဦးရှင့်။

ဖြေ ။ ။ ကျမတို့ စုပေါင်းဖို့လိုတယ်။ အကြံညဏ်ဖြင့်သော်လည်းကောင်း ၊ လူကိုယ်တိုင်ဖြစ်စေ မြေပြင်မှာ စုစုစည်းစည်းနဲ့ပေါ့၊ ဒါကိုလုပ်နိုင်ရင် အကောင်းဆုံးဆိုတဲ့ဟာပေါ့။ သို့သော်လည်း လတ်တလော အခြေအနေအရ စုဖွဲ့နိုင်မှု အရမ်းအားနည်းသေးတယ်။ ကရင်နီပြည်ရဲ့ CDM ကော်မတီကို Page ထောင်ထားပြီဖြစ်တယ်။ အဲ့ကနေ တင်ပြစရာ ဆွေးနွေးစရာတွေကို ဖိတ်ခေါ်မယ်၊ သတင်းစကားတွေကို ယူဆောင်ကြမယ်။ CDM အချင်းချင်း ဥမကွဲ သိုက်မကွဲနေနိုင်ဖို့ လိုင်းပေါ်ဖြစ်စေ မြေပြင်မှာဖြစ်စေ အကူအညီပေးနိုင်ဖို့အရေး ဘာလုပ်ကြမလဲဆိုရင် အရမ်းဒုက္ခရောက်နေတဲ့ CDM မိသားစုတွေရှိတယ်။

တချို့ကလည်း ကိုယ့်ရဲ့ဒုက္ခကို မြိုသိမ့်ပြီးတော့မှ စိတ်ဓါတ်ကျနေတဲ့ CDM လည်း ရှိနေတယ်။ ငါတို့ကြိုးစားတဲ့ CDM ထုကြီးက အရာရောက်ရမယ် သမိုင်းမှာ ရှိပြီးသားဖြစ်တယ်။ ဒါကြီးကို တနေ့တော်လှန်ရေးပြီးသွားကြရင် ခေါင်းမော့ရင်ကော့ပြီးတော့မှ ဘာမှကို သတ်မှတ်ခြင်းမရှိဘဲနဲ့ ဂုဏ်ယူမှုပေါ့နော။ ဒါပေးလို့ ဒါယူချင်တယ် ဆိုတာထက် ရည်ရွယ်ချက်မရှိဘဲ နာမည်တလုံးထဲပဲ လိုချင်တယ်ဆိုတဲ့ CDM တွေရဲ့ လွတ်လပ်မှု မည်သူတစ်ဦး တစ်ယောက်ချင်းရဲ့ တိုက်တွန်းချက် မပါဘူး။ ကိုယ့်ဆန္ဒနဲ့ ကိုယ်ရွေးချယ်ခဲ့တဲ့လမ်းကို ဆက်လျှောက်နိုင်ဖို့ ခွန်အားတွေအများကြီးပေးဖို့ လိုသေးတယ်။ ဒါကိုလုပ်နိုင်အောင် ကြိုးစားမယ်။ အနည်းဆုံး ငွေရေးကြေးရေး ကူညီမထောက်ပံ့ပေးနိုင်ရင်တောင် အလုပ်အကိုင် အခွင့်အလမ်းတွေ ရှာပေးမယ်။

ဆက်သွယ်လာမယ့်သူတွေကို နီးစပ်ရာမှာ ပြန်ပြီးရှာဖွေပေးဖို့ ရည်ရွယ်ချက် ရှိတယ်။ ကျမတို့ကရင်နီပြည်မှာရှိတဲ့ CDM ထုကြီးက ရှိနှင့်နေပြီးသားဖြစ်တယ်။ ဒါကို စိတ်ပျက်အားငယ်ဖို့ မလိုဘူး၊ ကြောက်နေဖို့ မလိုဘူး။ ခေါင်းမော့ ရင်ကော့စွာနဲ့ သွားနိုင်ဖို့ကတော့ ခြေလှမ်းတွေ လိုသေးတယ်။ ဘာမှပြင်ဆင်ထားခြင်း မရှိဘဲနဲ့ ရောက်နိုင်မှာတော့ မဟုတ်ဘူးပေါ့နော။ ပြည်နယ်အရေးမှာ ကျမတို့လုပ်ရမယ် တာဝန်တွေ ရှိတယ်ဆိုတာ ခံယူမှပဲ ဒီတာဝန်ကို ကောင်းမွန်စွာထမ်းနိုင်မယ်လို့ ယူဆတယ်။ စိတ်အားငယ်နေတဲ့ သူတွေကိုလည်း အားပေးချင်ပါတယ်၊ မိမိတို့ လျှောက်ရမယ့်လမ်းကို ကိုယ်တိုင်ရွေးချယ်ထားပြီ ဖြစ်တဲ့အတွက်ကြောင့်မို့ အကောင်းဆုံးဆက်လျှောက်နိုင်ဖို့ အရေးကြီးဆုံးက စိတ်ဓတ်ခွန်အားလိုတယ်ပေါ့နော။

ကန္တာရ၀တီတိုင်း (မ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here