“ဒီတကြိမ်မှာ မှန်မှန်ကန်ကန်နဲ့လုပ်ဆောင်တဲ့ အေဂျင်စီကိုချိတ်ဆက်ပြီး ဆင်ခြင်တုံတရားနဲ့ အထောက်အထား ကိုရအောင်လုပ်ဖို့ လိုအပ်တယ်လို့ ကျွန်တော်အကြံပြုလိုတယ်။ အဲဒီလိုပါအောင် မရိုက်ဘူးဆိုရင် နောက်နောင်မှာ အထောက်အထားမဲ့အနေနဲ့ ထိုင်းနိုင်ငံမှာ စစ်ဆေးဖမ်းဆီးခံရမှာ ဖြစ်တယ်။ ဒီတကြိမ်မှာတော့ အောင်မြင်အောင် လုပ်ဆောင်ပါလို့ တိုက်တွန်းချင်ပါတယ်“ – ဦးအောင်ကျော် (အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း)

0
73
Photo – Social Media

ထိုင်းနိုင်ငံတွင် မကြာခင်ရက်ပိုင်းအတွင်း ပန်းရောင်ကတ်အသစ်ထုတ်ပေးမည့်အစီအစဉ်နှင့် ပတ်သက်ပြီး သိထားသင့်သည်များအပါအဝင် ရွှေ့ပြောင်းမြန်မာလုပ်သားတို့အခြေအနေနှင့်ပတ်သက်ပြီး အလုပ်သမား အခွင့်အရေးဖောင်ဒေးရှင်း (LRF) ပြောခွင့်ရ ဦးအောင်ကျော်နှင့် ဆက်သွယ်မေးမြန်းချက်။

ထိုင်းနိုင်ငံတွင် တရားဝင်နည်းလမ်း၊ တရားမဝင်နည်းလမ်းတို့နှင့် ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် မကြာမီရက်ပိုင်းအတွင်း အလုပ်လုပ်ကိုင်ခွင့်အထောက်အထားများ သက်တမ်းတိုးပေးခြင်း၊ ဘတ်ဟုခေါ်သည့် ပန်းရောင်ကတ်အသစ် ရိုက်ထုတ်ပေးမည့် လုပ်ငန်းစဉ်တို့ စတင်တော့မည်ဖြစ်သည်။

ယခုလိုမျိုး ထိုင်းအစိုးရ၏ စီစဉ်ဆောင်ရွက်ပေးမှုကြောင့် အထောက်အထားမဲ့ မြန်မာများအတွက် အခွင့်အလမ်း တစ်ခု ရရှိသွားစေလိမ့်မည်ဟုလည်း သုံးသပ်ပြောဆိုမှုတို့ ရှိနေသည်။ လက်ရှိတွင် ထိုင်းနိုင်ငံထဲရောက်နေသော မြန်မာရွှေ့ပြောင်းလုပ်သားတို့ အခြေအနေက ဘယ်လိုရှိနေပါလဲ။

ထိုင်းရောက် မြန်မာတော်တော်များများ မျှော်လင့်စောင့်စားနေကြသည့် ပန်းရောက်ကတ်လုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်ပါလဲ။ MoU နှင့်လာသော မြန်မာလုပ်သားများကရော ဘယ်လိုအခက်အခဲများ ရင်ဆိုင်နေကြရပါလဲ။ ဒီအခြေအနေများနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံအခြေစိုက် အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း (LRF) ပြောခွင့်ရ ဦးအောင်ကျော်ကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ လက်ရှိ ထိုင်းနိုင်ငံထဲက မြန်မာရွှေ့ပြောင်းလုပ်သားတွေအခြေအနေက ဘယ်လိုရှိပါလဲ။ ဘယ်လို အခက်အခဲတွေ ကြုံတွေ့နေရပါလဲ။

ဖြေ။ ။ တရားဝင်စာရွက်စာတမ်းမရှိလို့ ထိုင်းနိုင်ငံအတွင်းမှာ အလုပ်အကိုင်မရှိဘဲနဲ့ နေရေးထိုင်ရေး အခက်အခဲဖြစ်နေတာ အများကြီးပေါ့။ အခု ထိုင်းအစိုးရက တရားဝင်လက်မှတ်တွေ ထုတ်ပေးမယ်ဆိုတော့ အထောက်အထားမဲ့တွေအတွက် မျှော်လင့်ချက်ရှိတာပေါ့။ ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင်က ဒီဇင်ဘာလကုန်အထိ ထိုင်းနိုင်ငံအတွင်းက ရွေ့ပြောင်းအလုပ်သမားတွေကို ကင်းလွတ်ခွင့် နေထိုင်သွားလာခွင့် ရှိတယ်ဆိုတာမျိုးတွေ ခွင့်ပြုထားတာ တွေ့ရပါတယ်။

မေး။ ။ မြန်မာအပါအဝင် အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် လုပ်ဆောင်ပေးမယ့် ပန်းရောင်ကတ်သတင်းနဲ့ပတ်သက်ပြီး နောက်ဆက်တွဲဘယ်လိုမျိုးသိရပါလဲ။ ဘယ်အဆင့်အထိ ရောက်နေပြီလဲ။

ဖြေ။ ။ တရားဝင်လျှောက်ထားခွင့်ပြုမယ်လို့ ထိုင်းအစိုးရက ကြေညာထားပါတယ်။ ရက်ထွက်လာဖို့ပဲ စောင့်ရ မှာပါ။ အီလက်ထရောနစ်စနစ်နဲ့ လျှောက်ထားလို့ရတဲ့စနစ်ပေါ့။ ဒါကတော့ ကျွမ်းကျင်တဲ့လုပ်ငန်းရှင်တွေက ကိုယ်တိုင်သွားရောက်စရာမလိုဘဲ လျှောက်လို့ရပါတယ်။

မေး။ ။ ပန်းရောင်ကတ် လုပ်ဆောင်တဲ့နေရာမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေ လက်ရှိ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါလဲ။ ပန်းရောင်ကတ် လျှောက်ထားမှုမှာ ရှောင်ရန်ဆောင်ရန် စတာတွေကို အလုပ်သမားတွေအပေါ် ဘယ်လိုအသိပညာ မျှဝေပေးလိုတာရှိပါလဲ။

ဖြေ။ ။ အဓိကအခက်အခဲက နိုင်ငံတော်အစိုးရက သတ်မှတ်ထားတဲ့နှုန်းထားထက် ဘတ်ပေါင်းများစွာ ပိုပေး နေရတဲ့ ပြဿနာ၊ အဲဒါအကြီးမားဆုံး စိန်ခေါ်မှုပါ။ အဲဒီလိုဖြစ်ရတဲ့ အကြောင်းတရားက သူ့မှာသူဌေးမရှိဘူး၊ ထိုင်းဥပဒေမှာလည်း ထိုင်းလူမျိုးသူဌေးရှိမှ ရတာ။ နာမည်ခံ သူဌေးအငှားနဲ့ ငွေကြေးတွေ ပေးဆောင်ရတဲ့အခါမှာ အများကြီး ကောက်ခံရတယ်။ သူဌေးအငှားနဲ့ သွားတဲ့အတွက်ကြောင့် ကုန်ကျစရိတ် များနိုင်ပါတယ်။

အထောက်အထားမဲ့တွေအနေနဲ့ လုပ်ငန်းရှင်အသစ်ကိုရှာနိုင်မှ ကုန်ကျစရိတ်သက်သာသွားနိုင်မယ်။ လျှောက်တဲ့ အခါမှာလည်း တင်ပေးတဲ့သူက ဘယ်လောက်အထိ ယုံကြည်စိတ်ချမှုရှိလဲဆိုတာ သေချာစိစစ်ပြီးမှ လုပ်ကိုင်ဖို့ တိုက်တွန်းလိုပါတယ်။ သတ်မှတ်နှုန်းထားက ရှစ်ထောင်လောက်ဆိုရင် တစ်သောင်းခွဲလောက်အထိ လိုက်ကောက် နေတာမျိုးတွေက ဒါက အလုပ်သမားတွေအတွက် အကြီးမားဆုံးစိန်ခေါ်မှုတရပ် ဖြစ်ပါတယ်။

မေး။ ။ MOU မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာတွေ အဆက်မပြတ်ရှိနေတာကို တွေ့ရပါတယ်။ MOU အခြေအနေနဲ့ပတ်သက်ပြီး ဘာများပြောလိုပါလဲ။

ဖြေ။ ။ ကျင့်သုံးနေတာ ကြာပါပြီ။ ထိုင်းနိုင်ငံထဲရောက်ရင် ပြီးပြီ။ မင်းအလုပ်အကိုင်ရရင် ငါတို့ကို ပိုက်ဆံ ပြန်ပေးရမယ်။ အဲဒီလိုနဲ့ MOU နဲ့လာပြီးမှ ဒုက္ခပင်လယ်ဝေနေတဲ့ အလုပ်သမားတွေလည်း အများကြီးပါ။

မေး။ ။ NUG ရဲ့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့အချက်ထဲမှာ မြန်မာအလုပ်သမားတွေအပေါ် အခက်အခဲဖြစ်စေမယ့် အလုပ်သမားရဲ့ကိုယ်ရေးအချက်အလက်တွေကို စစ်ကောင်စီထံပေးပို့စေတာ၊ စစ်ကောင်စီထံ ဝင်ငွေခွန်နဲ့ မိသားစုထံငွေလွှဲပြောင်းမှု အထောက်အထားတွေ ပြသစေတာတွေ ပါဝင်ပါတယ်။ အဲဒီအချက်တွေပတ်သက်ပြီး ဘာများပြောလိုပါလဲ။

ဖြေ။ ။ ဥပဒေအရ ကြည့်မယ်ဆိုလည်း အလုပ်သမားတွေရဲ့ ကိုယ်ရေးအချက်အလက်ကို ပေးမယ်ဆိုလည်း မလျော်ကန်ပါဘူး။ ကျွန်တော်တို့က နှစ်ရှည်အလုပ်လုပ်လာတဲ့ သက်ရောက်ရာနိုင်ငံမှာ ကိုယ်ရေးအချက်အလက် တွေကို ပေးထားရတာ ကိစ္စမရှိပါဘူး။ သို့သော် တဖက်ကိုပြန်ပေးတာ လွှဲပြောင်းတာတွေက ဥပဒေရှုထောင့်က ကြည့်ရင် မသင့်လျော်ဘူးလို့ သုံးသပ်ပါတယ်။

မေး။ ။ ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့်ဖမ်းဆီးထောင်ချခံရပြီး နေရပ်ကို အထူးသဖြင့် ကော့သောင်း ဘက်ကို ပြန်လည်ပို့ဆောင်လိုက်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သားအမျိုးသားတွေအပေါ် စစ်ကောင်စီက ဖမ်းဆီးပြီး စစ်မှုထမ်းခေါ်ဆောင်နေတာတွေ ရှိပါတယ်။ ဒီလိုလုပ်ဆောင်ချက်အပေါ်မှာ အလုပ်သမားအရေးဆောင်ရွက်နေသူ တစ်ဦးအနေနဲ့ ဘယ်လိုအကြံပြုပြောချင်ပါလဲ။

ဖြေ။ ။ မလျော်ကန်ဘူးလို့ သုံးသပ်ပါတယ်။ ဒီနိုင်ငံမှာ အလုပ်လုပ်နေတဲ့အလုပ်သမားတွေ ပင်ပန်းဆင်းရဲဒုက္ခ တွေခံပြီးမှ ဖမ်းဆီးခံရလို့ နေရပ်ပြန်ပို့တဲ့အခါ အရင်လို ဟိုဘက်မှာ စစ်မှုထမ်းဥပဒေနဲ့ စစ်မှုထမ်းခိုင်းတာ မသင့်လျော်ဘူးလို့ မြင်ပါတယ်။

မေး။ ။ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုတွေက လက်ရှိမှာ ဘယ်လိုရှိနေပါလဲ။

ဖြေ။ ။ လောလောဆယ်တော့ ပါးလာတယ်လို့ပဲ ကျွန်တော်ပြောလိုပါတယ်။

မေး။ ။ ဖြည့်စွက်ပြောလိုတာရှိရင် ပြောပေးပါဦး။

ဖြေ။ ။ ထိုင်းနိုင်ငံထဲမှာ လူဟောင်းပဲဖြစ်ဖြစ် လူသစ်ပဲဖြစ်ဖြစ် နေထိုင်တဲ့အခါမှာ အခက်အခဲတွေကတော့ အများကြီး ရှိနေပါတယ်။ လူဟောင်းတွေကတော့ ပုံမှန်အလုပ်လုပ် နေထိုင်ဝင်ထွက် လုပ်ငန်းခွင်ကို သွားနေ တယ်။ သို့သော် လူသစ်တွေကတော့ အထောက်အထားတခု ပြုလုပ်ပေးဖို့အတွက်ကို လနဲ့ချီ စောင့်ဆိုင်းနေတဲ့ အတွက် သူတို့မှာအကြွေးတွေတင်နေတာ အတိုးတက်နေတာတွေ ရှိပါတယ်။

ဒီတကြိမ်မှာ မှန်မှန်ကန်ကန်နဲ့ လုပ်ဆောင်တဲ့ အေဂျင်စီကိုချိတ်ဆက်ပြီး ဆင်ခြင်တုံတရားနဲ့ အထောက်အထားကို ရအောင်လုပ်ဖို့ လိုအပ်တယ်လို့ ကျွန်တော်အကြံပြုလိုတယ်။ အဲဒီလိုပါအောင် မရိုက်ဘူးဆိုရင် နောက်နောင်မှာ အထောက်အထားမဲ့အနေနဲ့ ထိုင်းနိုင်ငံမှာ စစ်ဆေးဖမ်းဆီးခံရမှာဖြစ်တယ်။ ဒီတကြိမ်မှာတော့ အောင်မြင်အောင် လုပ်ဆောင်ပါလို့ တိုက်တွန်းချင်ပါတယ်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here