စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပြီးခဲ့သည့်နိုဝင်ဘာလအတွင်း မဟာမဲခေါင်မြစ်ဝှမ်းညီလာခံ တက်ရောက်ရန် တရုတ်နိုင်ငံ၊ ကူမင်းမြို့ကို သွားရောက်ခဲ့သည်။ ထိုသို့သွားရောက်စဉ် တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းလုံခြုံရေးကုမ္ပဏီ (Joint Venture Security Company) ထူထောင်ရန် တရုတ်ကစစ်ကောင်စီကို အဆိုပြုခဲ့ပြီး စစ်ကောင်စီကလည်း လုပ်ငန်းကော်မတီဖွဲ့စည်းနေကြောင်း ဒီဇင်ဘာ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထိုသို့ Joint Venture Security Company ထူထောင်ပါက တရုတ်နိုင်ငံက လုံခြုံရေးပူးပေါင်းတပ်ဖွဲ့များ မြန်မာနိုင်ငံထဲသို့ ဝင်ရောက်လာလျှင် စစ်အာဏာရှင်ဖြုတ်ချရေး တော်လှန်ရေးအခင်းအကျင်းကို ရိုက်ခတ်လာမည့် အခြေအနေ၊ တရုတ်လုံခြုံရေးကုမ္ပဏီ အခြေစိုက်လာခြင်း အကြောင်းအရင်းစသည့် အခြေအနေများအပေါ် အရပ်ဖက်အဖွဲ့ဝင်၊ လူအခွင့်အရေးလှုပ်ရှားသူ၊ သတင်းစာဆရာနှင့် သုတေသီတချို့တို့၏ သဘောထားအမြင်များကို စုစည်းတင်ပြလိုက်ပါသည်။
စာရေးဆရာ ဝေဟင်အောင် (နိုင်ငံရေးအကျဉ်းသားဟောင်း)
စစ်ခေါင်းဆောင် တရုတ်ကိုသွားပြီးတဲ့နောက်ပိုင်း သတင်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတာကတော့ တရုတ်လုံခြုံရေးတွေနဲ့ မြန်မာနိုင်ငံက စစ်တပ်ပေါင်းဖက်ပြီး လုံခြုံရေးကုမ္ပဏီဖွဲ့မယ်ဆိုတာက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတယ်။ ဒီအချိန်မှာ နိုင်ငံရေးကိုစိတ်ဝင်စားတဲ့ ပြည်သူတွေက စိုးရိမ်စိတ်ဝင်စားကြတယ်။ ဘာလို့ဆိုရင် နဂိုကတည်းက တရုတ်ရဲ့အခန်းကဏ္ဍဟာ မြန်မာနိုင်ငံထဲမှာ ထဲထဲဝင်ဝင်ပါဝင်တဲ့အပြင် ကြီးကြီးမားမားရှိနေတဲ့ အတွက် တရုတ်အပေါ်မှာ စိုးရိမ်စိတ်တွေက ပိုပြီးတိုးလာကြတယ်။ သေချာတာကတော့ မင်းအောင်လှိုင်ဟာ တွေးဆထားပြီးသား၊ သူစစ်ရှုံးနေပြီဆိုတာကို သူ့ဟာသူသိနေပြီးသား ဖြစ်တယ်။ အဖြေလည်း ပေါ်ပြီးသားဖြစ်နေတယ်။ ဒါပေမဲ့ ဒီစစ်ရှုံးတဲ့အရှုံးထဲက ဘယ်လိုထွက်ပေါက်ရှာမလဲပေါ့။ ထွက်ပေါက်ရှာတဲ့အခါ စစ်တပ်ရဲ့ ရပ်တည်ချက်ထဲမှာ သွေးခွဲတဲ့စနစ်ဆိုတာ တော်တော်လေးအောင်မြင်ခဲ့တဲ့ ဝါဒတစ်ခုဖြစ်တယ်။ အခုလည်း သွေးခွဲဖို့ သူကကြိုးစားတယ်။ တရုတ်ကို သူတို့သတင်းစကား သွားပါးတာလည်းဖြစ်တယ်။
“မင်းတို့ရဲ့ အကျိုးစီးပွားကို ငါတို့မကာကွယ်နိုင်တော့ဘူး။ အဲဒါကြောင့် မင်းတို့အကျိုးစီးပွားကို မင်းတို့ နည်းလမ်းနဲ့ပဲ ကာကွယ်ကြ၊ ငါတို့ကတော့ ပူးပေါင်းပါဝင်ပေးမယ်၊ ပံ့ပိုးပေးမယ်” ဆိုပြီး သွားပြောတာ။ တခြား တဖက်က ပြန်ကြည့်ရင် သူကိုယ်တိုင်က စစ်ရှုံးနေတဲ့အတွက် တရုတ်ရဲ့အကျိုးစီးပွားကို မကာကွယ်နိုင်တဲ့အတွက် ကိုယ့်ဟာကိုယ်လုပ်ကြပါဆိုပြီး ထိုးအပ်တဲ့သဘောဖြစ်နေတယ်။ တရုတ်ကလည်း မြန်မာ့နိုင်ငံရေးမှာ ထဲထဲဝင်ဝင် ပါဝင်တဲ့အပိုင်းတွေ အများကြီးရှိတယ်။ ဥပမာ TNLA တို့ MNDAA တို့ကို ပြင်းပြင်းထန်ထန်ဖိအားပေးတဲ့ အပိုင်းကို ကြည့်ရင် သိသာပါတယ်။ တခြားတဘက်မှာ ‘ဝ’ အဖွဲ့ကိုခေါ်ပြီး ဖိအားပေးတာကို မြင်ရတဲ့အတွက် စစ်ရေးအရ၊ နိုင်ငံရေး ပြင်းပြင်းထန်ထန် ဝင်ရောက်စွက်ဖက်နေတဲ့ အပိုင်းတွေလည်း ရှိနေတာကြောင့် ဒါကိုပြည်သူတွေဘက်က စိုးရိမ်နေတယ်ဆိုလည်း မမှားပါဘူး။ ပြီးတော့ ဒီတရုတ်တပ်ဖွဲ့ မြန်မာနိုင်ငံကို ဝင်လာတဲ့အတွက် နွေဦးတော်လှန်ရေးရဲ့ တော်လှန်ရေးအခန်းကဏ္ဍတွေ မှေးမှိန်သွားမှာမဟုတ်ဘူး။ ပိုပြီးတော့ ပြင်းထန်လာဖို့ပဲမြင်တယ်။ နောက်တခုက ပြည်သူလူထုနဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကလည်း တရုတ်အပေါ်မှာ ပိုပြီးတော့ဆိုးဆိုးရွားရွားနဲ့ ပြင်းပြင်းထန်ထန် တော်လှန်လာကြလိမ့်မယ်လို့ မြင်တယ်။
မသင်ဇာရွှန်းလဲ့ရည် (လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ)
တရုတ်ပုဂ္ဂလိက လုံခြုံရေးတပ်တွေက မြန်မာနိုင်ငံမှာအခြေချဖို့ ကြိုးစားနေတာကို ကျမအနေနဲ့ ချက်ချင်း သွားတွေ့မိတာ ဘာလဲဆိုတော့ အခုမှချမှာလားပေါ့လေ။ ကျမအမြင်ကတော့ မြန်မာနိုင်ငံကို စီးပွားရေး၊ နိုင်ငံရေး၊ ဘဏ္ဍာရေးအရ တရုတ်နိုင်ငံက ကြီးစိုးထားပြီးသားဖြစ်နေတယ်။ တော်လှန်ရေးတပ်တွေမှာရော စစ်ကောင်စီဘက် ကရော တရုတ်ဆိုရင် လွန်ဆန်လို့မရတဲ့အနေအထား။ တရုတ်ရဲ့ကြီးစိုးမှုက ရှိနေပြီးသားဆိုတာကို တွေ့ရတယ်။ အဲဒီတော့ သူတို့တပ်တွေ ဝင်လာသည်ဖြစ်စေ၊ မဝင်လာသည်ဖြစ်စေ တရုတ်က ကြိုးကိုင်ခြယ်လှယ်မှုတွေ အများကြီး လုပ်နေပြီးသားဖြစ်တယ်။ ဒါပေမဲ့ ပုဂ္ဂလိကတပ်တွေ၊ လုံခြုံရေးတပ်တွေက မြန်မာပြည်ကို အခြေချပြီ ဆိုရင်တော့ ပိုပြီးတော့ပြင်းပြင်းထန်ထန် လုပ်လာတယ်လို့ မှတ်ယူရမယ်။ နောက်တခုက TNLA၊ MNDAA တို့ အပါအဝင် တရုတ်နယ်စပ်တလျှောက်မှာရှိနေတဲ့ တော်လှန်ရေးအစုအဖွဲ့တွေအပြင် တစ်နိုင်ငံလုံးက တော်လှန်ရေး အစုအဖွဲ့တွေဟာ စစ်တပ်ရဲ့အကြောင်းကို နှံ့စပ်နေပြီ။
ဘယ်လောက်ပဲ တရုတ်က ကြားဝင်ညှိနှိုင်းမယ်ပြောပြော တကယ်တမ်းကျတော့ မတရားမှုတွေက ထပ်ထပ်ပြီး ဖြစ်နေတယ်။ အဲဒါကလည်း စစ်အုပ်စုရဲ့ နိုင်ငံရေးပိုင်းဆိုင်ရာ ဒီမိုကရေစီနည်းအတိုင်း မလိုက်နာတာ၊ လူ့အခွင့်အရေး ချိုးဖောက်တာ၊ ကြီးစိုးလိုစိတ် ရှိတာတွေကြောင့် ဒီနေ့အချိန်ထိ ၂၁ ရာစုမှာ လူငယ်တွေက လက်နက်ကိုင်နေရတာ ဖြစ်တယ်။ ပြောချင်တာက TNLA ဖြစ်ဖြစ် MNDAA ဖြစ်ဖြစ် တရုတ်ရဲ့ဖိအားကြောင့် တွေ့လိုက်ဆုံလိုက်ရတာပဲ ရှိလိမ့်မယ်။ ဒါပေမဲ့ စစ်ကောင်စီရဲ့ ကတိကဝတ်တွေကို ယုံကြည်လိမ့်မယ်လို့ မမြင်ဘူး။ အဲဒီတော့ နိုင်ငံရေးအရ ဘာတွေတိုးတက်ဆောင်ရွက်လို့ရမလဲ ဆိုတာကို အဓိက ကြည့်လိမ့်မယ်။ ဖိအားပေးလိုက်ရင်တော့ စားပွဲဝိုင်းကို ရောက်သွားလိမ့်မယ်။ သို့သော် အဲဒီစားပွဲဝိုင်းပေါ်က ဆွေးနွေးချက်တွေက ဘယ်လောက်ထိ နိုင်ငံရေးကို တက်သွားစေလဲ၊ တရားမျှတမှုကို ဘယ်လောက်ထိ ဆောင်ကျဉ်းပေးမလဲဆိုတာကတော့ ဒီအစုအဖွဲ့တွေရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ပဲဖြစ်တယ်။
ဦးအောင်မင်းဦး (အယ်ဒီတာချုပ်) Development Media Group (DMG)
တရုတ်က လုံခြုံရေးအရဝင်လာရင် သူတို့ရဲ့စီမံကိန်းကို ကာကွယ်မယ်လို့ ပြောတာပဲရှိတယ်။ နောက်ပိုင်းမှာ နည်းပညာပိုင်းအရ၊ တခြားလက်နက်ခဲယမ်းတွေ အကူညီပေးလာနိုင်တာတွေ အများကြီးရှိမယ်။ အဲဒါကြောင့် ရခိုင့်တော်လှန်ရေးမှာလည်း အဟန့်အတားတွေ၊ စိန်ခေါ်မှုတွေ ဖြစ်လာနိုင်တဲ့အနေအထားရှိတယ်။ ပြီးတော့ တရုတ်ရဲ့ TNLA နဲ့ MNDAA အပေါ်ဖိအားကြောင့် ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ရေးအရ တစုံတရာ နည်းသွား လိမ့်မယ်။ ဒါပေမဲ့ ဗမာပြည်အလယ်ပိုင်းတွေဖြစ်တဲ့ မန္တလေး၊ စစ်ကိုင်းနဲ့ တခြားဒေသတွေမှာတော့ စစ်ရေးအရှိန်က ပုံမှန်ပဲရှိလိမ့်မယ်။ TNLA နဲ့ MNDAA တို့ကလည်း မတိုက်ချင်လို့ မဟုတ်ဘဲ ဖိအားတွေကြောင့် ငြိမ်နေရတဲ့ သဘောမျိုးပဲရှိတယ်။ ဒါပေမယ့် သူတို့လည်း နည်းလမ်းပေါင်းစုံရှာပြီး ခုနကပြောသလို PDF တို့ တခြားမဟာမိတ် တပ်ပေါင်းစုတွေကို နိုင်တဲ့ဘက်က အကူညီပေးမယ်လို့ထင်တယ်။ တရုတ်က ဖိအားပေးပေမယ့် သူတို့မှာ ဘယ်လိုထွက်ပေါက်တွေနဲ့ လုပ်မလဲဆိုတာက မဟာဗျူဟာတွေရေးဆွဲပြီးတော့ စစ်အာဏာရှင် အမြစ်ပြတ်အောင် ချေမှုန်းဖို့အတွက် ပြင်ဆင်ပြီးသား။ လုပ်လည်းလုပ်မယ်ဆိုပြီး ပြောထားတာလည်းရှိတယ်။
တရုတ်ကလည်း အကျိုးစီးပွားတွေ၊ စီမံကိန်းတွေရှိလို့ စစ်ကောင်စီကို ထောက်ခံတဲ့ပုံစံမျိုး ဖြစ်နေပေမယ့် နိုင်ငံတကာမှာ စစ်အာဏာရှင်ဆိုတာကို ဘယ်လိုမှလက်မခံဘူး။ တရုတ်ကလည်း နောက်ပိုင်းဆိုရင် ချင့်ချိန် လာမှာ။ ဒီဘက်မှာလည်း PDF တို့ တော်လှန်ရေးအုပ်စုတို့ အင်အားကြီးလာရင် တရုတ်ကလည်း အင်အားကြီးတဲ့ အုပ်စုကိုပဲလိုက်မှာ။ အခုအခြေနေကတော့ ချိန်ခွင်လျှာ မျှနေတယ်လို့ ပြောလို့ရတယ်။ နောက်ထပ် နှစ်လ၊ သုံးလ လောက်အတွင်းမှာ တရုတ်တို့ အိန္ဒိယတို့က ဘက်ပြောင်းလာမယ့် အနေအထားရှိတယ်။ အခုအခြေနေမှာလည်း တော်လှန်ရေးအုပ်စုတွေက နယ်မြေတစ်ခုပြီးတစ်ခု သိမ်းလာတဲ့အခါမှာ သူတို့လည်း အင်အားမကြီးလာဘူးလို့ ပြောလို့မရဘူး။ တရုတ်က ကြားဝင်ညှိနှိုင်းပြီး ဆွေးနွေးပေးပေမဲ့ ကြီးကြီးမားမား အပြောင်းအလဲကတော့ ဖြစ်လာမှာ မဟုတ်ဘူး။ အတိုင်းအတာတစ်ခုအထိ အဟန့်အတား၊ စိန်ခေါ်မှုတွေတော့ ဖြစ်လာနိုင်တယ်။
ကိုမိုးထက်နေ (နိုင်ငံရေးနှင့်သုတေသနအကြံပေး/ ဉာဏ်လင်းသစ်သုတေသနအဖွဲ့)
တဘက်က ဒီလုံခြုံရေးကုမ္ပဏီတွေရဲ့ စစ်ရေးအဆင့်အတန်းတွေ၊ သူတို့ ဘယ်လိုလက်နက်တွေကို ကိုင်ဆောင်တယ်၊ ဘယ်နေရာဒေသတွေမှာ နေရာချမယ်ဆိုတာကိုကြည့်ပြီး မြန်မာနိုင်ငံရဲ့တော်လှန်ရေးကို ထိခိုက်လာမလားဆိုတာကို ခန့်မှန်းရမယ်။ ဒါပေမယ့် အကြမ်းဖျင်း စဉ်းစားနိုင်တာကတော့ ဒီလုံခြုံရေး ကုမ္ပဏီတွေဟာ တရုတ်နဲ့ဖက်စပ်လုပ်နေတဲ့လုပ်ငန်းတွေ၊ နောက်ပြီး ရေနံသဘာဝ ဓာတ်ငွေ့ပိုက်လိုင်းတွေ၊ လုပ်လက်စ ပရောဂျက်တွေပေါ့။ ဒီလိုနေရာတွေကို စောင့်ရှောက်ကာကွယ်ဖို့ လုပ်မယ်လို့ ယူဆရတယ်။ ဥပမာ မလေးကျွန်းဆွယ်ကနေ တရုတ်နယ်စပ်ထိ ရေနံပိုက်လိုင်းတလျှောက်လုံး အရေးကြီးတဲ့နေရာတွေကို ကွက်ပြီး ကာကွယ်မယ်ဆိုရင်တော့ ပြဿနာအင်မတန်ကြီးတယ်။ ဒီနေရာက မြေပုံမှာကြည့်ရင် တော်လှန်ရေးအစုအဖွဲ့တွေ ရှိနေတဲ့နေရာတွေ။ အဲဒီတော့ ဒီလုံခြုံရေးကုမ္ပဏီကတော့ စစ်တပ်ဘက်က စစ်ကူတိုက်ပေးတာတို့ ဘာတို့တော့ လုပ်လို့မရဘူး။ ဒါပေမဲ့ သူတို့ရှိနေတဲ့နေရာမှာ တိုက်ပွဲဖော်ဖို့ တစုံတရာခက်ခဲလာတာမျိုးတွေ ဖြစ်လာနိုင်တယ်။
တော်လှန်ရေးတပ်ဖွဲ့တွေက တကယ်တမ်း တရုတ်ရဲ့အကျိုးစီးပွားရှိတဲ့ နေရာတွေ၊ ဓာတ်ငွေ့ပိုက်လိုင်းတွေ ဒီလိုနေရာတွေကို တကယ်မထိရလေအောင် သတိထားပြီးလုပ်ဆောင်နေကြတယ်။ အိမ်နီးနားချင်းအပေါ်ထားတဲ့ လေးစားမှု၊ အပြန်အလှန် အပြုသဘောဆောင်တဲ့ ပုံစံတွေနဲ့။ ကျနော်သိရလောက်တော့ တရုတ်ရဲ့ ဘိလပ်မြေ စက်ရုံတွေပဲဖြစ်ဖြစ်၊ ဓာတ်ငွေ့ပိုက်လိုင်းတွေပဲ ဖြစ်ဖြစ်၊ ဒီလိုနေရာတွေကို တကယ့်ကိုရှောင်ပြီး တိုက်ပွဲတွေ ဖော်နေကြတာ။ ဒါပေမဲ့ ဒီလုံခြုံရေးကုမ္ပဏီတွေ ဝင်လာတယ်ဆိုရင် ခုနကပြောသလို အရမ်းအရေးကြီးတဲ့နေရာ တွေမှာ ချလိုက်တယ်၊ ပိုက်လိုင်းတလျှောက် ချလိုက်တယ်ဆိုရင်တော့ စစ်တပ်က အဲဒီလုံခြုံရေးကုမ္ပဏီတွေကို အကာအကွယ်ယူပြီး လက်နက်ရိက္ခာသယ်တာမျိုးတွေ၊ နောက်တခါ အခုသူတို့ဘယ်လိုမှ မလုပ်နိုင်တဲ့ စစ်ကူ အင်အား ပို့တာမျိုးတွေ လုပ်လာနိုင်တာပေါ့။ ဆိုလိုတာက တရုတ်လုံခြုံရေးကုမ္ပဏီနဲ့ တိုက်ရိုက်ပစ်ခတ် တာမျိုးတွေ၊ ကျည်ကျတာမျိုးတွေ ဖြစ်လို့မရဘူး။ အဲဒီအကန့်အသတ်တွေကို အခွင့်အရေးယူပြီးတော့မှ တော်လှန်ရေးဘက်ကနေပြီး အခုစစ်တပ်ရင်ဆိုင်နေရတဲ့ ကျနော်တို့ဘက်က အားသာနေတဲ့ထိုးစစ်တွေကို ရပ်တန့်သွားဖို့ ရည်ရွယ်ချက်ပါလိမ့်မယ်။ အဲဒီတော့ တော်လှန်ရေးဘက်သားတွေအနေနဲ့ လောလောဆယ်မှာ တရုတ်နဲ့ စစ်တပ်နဲ့ ပူးပေါင်းပြီး ထူထောင်မယ့် လုံခြုံရေးကုမ္ပဏီ ဘယ်အခြေအနေဖြစ်နေပြီ၊ ဘာတွေလုပ်မယ်၊ ဘယ်လိုမျိုးနေရာတွေမှာ ချမယ်ဆိုတာတွေကို စောင့်ကြည့်ရမယ်။
အောင်ထိန် (DMG ) ပေးပို့သည်။