စစ်ကောင်စီလက်အောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားသည့် ကယားပြည်နယ်ပြည်သူ့ပါတီ (KySPP) ကို ပြီးခဲ့သည့် ဒီဇင်ဘာ ၂၆ ရက်နေ့တွင် ရွေးကောက်ပွဲကော်မရှင်က ပါတီတည်ထောင်ခွင့်ပြုပေးလိုက်သည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။
ကယားပြည်နယ်ပြည်သူ့ပါတီ KySPP ပါတီသည် စစ်အာဏာသိမ်းပြီးနောက်မှ ပေါ်ပေါက်လာသည့် နိုင်ငံရေးပါတီတစ်ခုလည်းဖြစ်ပြီး လာမည့် ၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီက ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ယူဆရသော်လည်း မည်သည့်ဒေသတွင် ယှဉ်ပြိုင်သွားမည်ကိုတော့ မသိရှိရသေးပါ။
နိုင်ငံရေးပါတီ တည်ထောင်ခွင့်ရရှိသော ကယားပြည်နယ်ပြည်သူ့ပါတီ (KySPP) သည် ရက်ပေါင်း (၃၀) အတွင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေ (၇) နှင့်အညီ ကော်မရှင်သို့ မှတ်ပုံတင်လျှောက်ထားရမည်ဖြစ်ကြောင်းနှင့် လက်ရှိအချိန်ထိ တည်ထောင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီ (၁၅) ပါတီရှိပြီဟု ရွေးကောက်ပွဲကော်မရှင် ဆိုသည်။
စစ်ကောင်စီက ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲပြုလုပ်နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး စစ်ရေးပဋိပက္ခဖြစ်ပွားနေသည့် ကရင်နီပြည်က စစ်ကောင်စီထိန်းချုပ်သည့် နေရာအနည်းစု၌ ရွေးကောက်ပွဲ မဖြစ်မနေ ပြုလုပ်နိုင်သည်ဟုလည်း သုံးသပ်ပြောဆိုမှုများ ရှိနေသည်။
လက်ရှိကာလ၌ နိုင်ငံရေးပါတီအသစ်အနေဖြင့် ပေါ်လာထွက်လာသည့် ကယားပြည်နယ်ပြည်သူ့ပါတီ (KySPP) ဖွဲ့စည်းမှုအပေါ် ကရင်နီပြည်တွင်းက တော်လှန်ရေးအင်အားစု၊ အရပ်ဖက်အဖွဲ့အစည်း၊ နိုင်ငံရေးပါတီဝင်တချို့၏ သဘောထားအမြင်များကို ကောက်နုတ်စုစည်းဖော်ပြလိုက်ပါသည်။
ခူဒယ်နီယာယ် (ဒုဝန်ကြီး – ကာကွယ်ရေးဝန်ကြီးဌာန/ ကရင်နီပြည်အစိုးရ)
အခုမင်းအောင်လှိုင်ရဲ့ရွေးကောက်ပွဲကို ပါဝင်ပြီးတော့မှ ရွေးကောက်ခံတဲ့ပါတီတွေကလည်း ဒါမင်းအောင်လှိုင်နဲ့ တဖွဲ့တည်းပဲဖြစ်မယ်။ မင်းအောင်လှိုင်က တရားဝင်အစိုးရလဲ မဟုတ်ဘူး။ မတရားသိမ်းထားတဲ့ အာဏာသိမ်းထားတဲ့ စစ်တပ်ပဲ ဖြစ်တယ်။ ဆိုတော့ သူ့မှာက Mandate (လုပ်ပိုင်ခွင့်အာဏာ ) မရှိဘူး။ Mandate ရှိတာက လူထုပဲ ရှိတာပေါ့နော။ ဆိုတော့ အခုရွေးကောက်ပွဲက သူ့အတွက်ပဲဖြစ်မယ်။ ဒီစစ်အာဏာရှင် ဆက်လက်ရပ်တည်နိုင်ဖို့က သူလုပ်တာဖြစ်တယ်။ အဲ့တော့ ဒီရွေးကောက်ပွဲမှာ ပါဝင်နေတဲ့ ပါတီတွေ အားလုံးကလဲ ထိုနည်းတူပဲပေါ့လေ။ အဲ့တော့ ကျနော်တို့လူထုတွေအပါအဝင်၊ လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ တော်လှန်ရေးအဖွဲ့အစည်းတွေ အားလုံးက ဒီရွေးကောက်ပွဲ မဖြစ်ဖို့ ကျနော်တို့ကတော့ တတ်နိုင်တဲ့နည်းလမ်း အဖက်ဖက်ကနေတော့ တားဆီးရမှာ ဖြစ်တယ်။ ကျနော်တို့ ဒီလိုမှမလုပ်ဘူးဆိုရင် ခုန ကျနော် ပြောသလိုပါပဲ ဒီစစ်အာဏာရှင် အောက်မှာဘဲ ဆက်အသက်ရှင်နေတော့ သိပ်တော့မလွယ်တော့ဘူး ပေါ့လေ။ ဒီရွေးကောက်ပွဲ မဖြစ်ဖို့အတွက်က ကျနော်တို့တော်လှန်ရေးလုပ်နေတဲ့ လူတွေအားလုံးက ဟန့်တား နိုင်ဖို့အတွက် ဒီတော်လှန်ရေးမှာ လုပ်နေတဲ့ လူတွေအားလုံးရဲ့ တာဝန်တစ်ခုလည်း ဖြစ်တယ်ဆိုတာ လူတိုင်းသိစေချင်ပါတယ်။
မူအန်းဂျေလာ (တွဲဖက်အတွင်းရေးမှူး – ၂ / ကယန်းအမျိုးသမီးအစည်းအရုံး (KyWO))
ဒီတရားမဝင်၊အတုအယောင်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်မယ့် ဘယ်နိုင်ငံရေးပါတီမဆို ပြည်သူလူထုက လက်ခံမှာ မဟုတ်ပါဘူး။ လက်ရှိကရင်နီပြည်မှာ စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ နိုင်ငံရေးပါတီတည်ထောင်ခွင့်လျှောက်ထားတဲ့ ကယားပြည်နယ်ပြည်သူ့ပါတီ (KySPP) ဟာ ပြည်နယ်သူ၊ ပြည်နယ်သားရဲ့ တော်လှန်ရေးကို ဆန့်ကျင်တယ်လို့ မြင်တယ်။ ဆန့်ကျင်တဲ့အတွက် ကရင်နီပြည်ရဲ့ သမိုင်းတရားခံတွေ ဖြစ်လာမှာပါ။
ဦးဗညား (အတွင်းရေးမှူး – ၂ / ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC)
ကျနော့်အမြင်ကတော့ ရှင်းပါတယ်။ စစ်ကောင်စီကပဲဖြစ်စေ စစ်ကောင်စီအောက်ကလူတွေက ရွေးကောက်ပွဲ ဖော်ဆောင်ဖို့က ပါတီစုံဖို့လိုတာရယ် နိုင်ငံတကာကိုပြဖို့အတွက်ကြောင့် ခုလိုပြည်နယ်နာမည်ခံသုံးစွဲတာ သက်သက်ပဲလို့ မြင်ပါတယ်။
ခူးသဲရယ် (ဥက္ကဌ – ကရင်နီပြည်နယ်ဒီမိုကရက်တစ်ပါတီ / KSDP)
ဘယ်သူဦးဆောင်တယ်ဆိုတာ ကျနော်တို့မသိရပါဘူး။ စကစ (စစ်ကောင်စီ )အောက်က ၂၀၀၈ အောက်က ဘယ်လိုမှ ဒီမိုကရေစီစနစ် တည်ဆောက်လို့မရဘူးဆိုတာ သိဖို့လိုတယ်။ ကျနော်တို့ KSDP ကတော စကစနဲ ၂၀၀၈ အောက်က ဘယ်တော့မှ နိုင်ငံရေးတည်ဆောက်မှာ မဟုတ်ဘူး။ စဥ်းလည်း မစဥ်းစားတော့ဘူး။ စစ်အာဏာရှင်နဲ့ အာဏာရှင်မှန်သမျှ အဆုံးသတ်ရေးက ကျနော်တို့ရဲ့ ပထမဦးစားပေးဖြစ်တယ်။ ပြီးမှ ဖက်ဒရယ်ကို တည်ဆောက်မှာဖြစ်တယ်။ အခု KySPP ဆိုတဲ့ ပါတီကတော့ စကစနဲ့အပေါင်းအပါတွေကပဲ တည်ထောင်တာ ဖြစ်မှာပါ ။ သူတို့ကိုထောက်ခံတဲ့ ပြည်သူတွေ ရှိလားမရှိလားတော့ မသိဘူး။ လူထုအပေါ် မူတည်ပါတယ်။ လူထုမပါတဲ့တော်လှန်ရေး ၊လူထုမပါတဲ့နိုင်ငံရေးက ဘယ်လိုမှ ရပ်တည်လို့ရမှာမဟုတ်ပါဘူး။
ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။