မသန်စွမ်းစစ်ဘေးရှောင်များ လက်ရှိကြုံတွေ့နေရသော အခက်အခဲ၊ လိုအပ်ချက်များနှင့်ပတ်သက်ပြီး ပလက်ဝမြို့နယ်၊ နှမဒါကျေးရွာမှတိမ်းရှောင်လာသူ စစ်ဘေးရှောင်မခိုင်ခိုင်မာနှင့် မေးမြန်းချက်။
တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ဒေသတွင် သိန်းနှင့်ချီသည့် ပြည်သူများမှာ အိုးအိမ်စွန့်ခွာတိမ်းရှောင်နေရပြီး စားဝတ်နေရေး၊ ကျန်းမာရေးပိုင်းတို့တွင် လိုအပ်ချက်မြင့်မားမှုနှင့်အတူ အခက်အခဲများစွာ ရင်ဆိုင်ကြုံနေကြရသည်။
စစ်ဘေးရှောင်များထဲတွင် ကလေးသူငယ်၊ သက်ကြီးရွယ်အိုများအပြင် ကိုယ်လက်အင်္ဂါ မသန်စွမ်းသူများလည်းပါဝင်ပြီး ၎င်းတို့သည် စားဝတ်နေရေး ခက်ခဲမှုဒဏ်ကို ပို၍ခံစားနေရသည်။
မသန်စွမ်းစစ်ဘေးရှောင်များ လက်ရှိကြုံတွေ့နေရသော အခက်အခဲ၊ လိုအပ်ချက်များနှင့်ပတ်သက်ပြီး ကျောက်တော်မြို့၊ ကဝိရတနာစစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသည့် ပလက်ဝမြို့နယ်၊ နှမဒါကျေးရွာမှ အသက် ၂၁ နှစ်အရွယ် စစ်ဘေးရှောင် မခိုင်ခိုင်မာကို တွေ့ဆုံမေးမြန်းထားပါသည်။
မေး။ ။ လက်ရှိ စစ်ဘေးရှောင်စခန်းမှာ နေထိုင်နေရတဲ့အခြေအနေကို ပြောပြပေးပါ။
ဖြေ။ ။ လူအများနဲ့နေရတာဆိုတော့ ထမင်း၊ ဟင်း ချက်ချိန်ဆိုရင် ညှော်နံ့တွေကြောင့် ဒဏ်ရာအတွက် စိုးရိမ်ရတယ်။ ညှော်နံ့တွေကိုရှောင်ပြီး အဝေးတနေရာမှာ နေဖို့ကျတော့လည်း သွားလို့မှမရတာ။ သံပုရာသီးကို အနံ့ရှူပြီး နေရတယ်။ ပြီးတော့ ကျမကလမ်းလျှောက်ပြီး မသွားနိုင်ဘူး။ အိမ်သာသွားလို့လည်း မရဘူး။ အခန်းထဲမှာပဲ ပလက်စတိတ်အိတ်တွေနဲ့ သွားရတယ်။ အခန်းထဲမှာဆိုရင်လည်း ဝါးနံရံတွေနဲ့ တံခါးတွေမကောင်းတော့ လုံခြုံမှုလည်းမရှိဘူးလို့ ခံစားရတယ်။
မေး။ ။ အခုလို မသန်စွမ်းဖြစ်သွားရတဲ့ အကြောင်းကိုလည်း သိချင်ပါတယ်။
ဖြေ။ ။ ကျမတို့က အရင်တိုက်ပွဲတုန်းကနေ စစ်ဘေးရှောင်နေကြတာပါ။ ၆ နှစ်နီးပါးအကြာမှာ အိမ်ကိုပြန်ခွင့်ရခဲ့ပါတယ်။ ရွာကိုပြန်တာက ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းမှာဖြစ်တယ်။ ရွာပြန်သွားတော့ အိမ်တွေက စစ်ကောင်စီတပ်သားတွေ ဖျက်ဆီးသွားလို့ ပျက်စီးနေတယ်။ ဒါကြောင့် သစ်တွေဝါးတွေခုတ်ပြီး အိမ်ဆောက်ပြီးနေရတယ်။
ရွာမှာနေပြီး လေးလကျော်အကြာမှာ ရွာတဖက်ကမ်းက စစ်ကောင်စီတပ်သားတွေ စခန်းချနေထိုင်ခဲ့တဲ့ စေတီတောင်မှာ ထင်းခုတ်ဖို့သွားတယ်။ ပထမတစ်ရက်မှာ ဘာမှမဖြစ်ဘူး။ ဒုတိယနေ့ ထင်းခုတ်ပြီး ပြန်အလာမှာ မိုင်းနင်းပြီး ဘယ်ဖက်ခြေထောက် ပြတ်သွားတယ်။ ညာဖက်ခြေထောက်က အရိုးတွေကျိုးသွားပြီး အခုလို ဖြစ်သွားရတာပါ။
မေး။ ။ နေရပ်ပြန်သွားပြီးမှ ကျောက်တော်ကစစ်ရှောင်စခန်းကို ဘယ်လိုပြန်ရောက်လာတာပါလဲ။
ဖြေ။ ။ ပထမတော့ ရွာမှာနေပြီး ပလက်ဝမြို့မှာ ဆေးကုသမှုခံယူခဲ့ပါတယ်။ အဲဒီမှာလည်း အဆင်မပြေတော့ ကျောက်တော်မြို့မှာသွားပြဖို့ ဆရာဝန်ကလမ်းညွှန်ပေးပါတယ်။ ခြေတဖတ်ပြတ်သွားပြီး နောက်တဖက်လည်း အရိုးတွေ ကျိုးသွားတယ်။ ကျောက်တော်ကို သွားရင်ကောင်းမယ်ဆိုပြီး ပြောတယ်။ ကျောက်တော်မှာက အရိုးပါရဂူ ရှိတယ်လေ။
နောက် ခြေထောက်တဖက် ပြန်ကောင်းရင်ကောင်းနိုင်မလားဆိုပြီး ဆေးကုဖို့ လာတာဖြစ်တယ်။ ရွာက လာပြီးတော့ ဆေးကုသမှုခံ ယူမယ်ဆိုရင်လည်း တလတကြိမ်၊ နှစ်ပတ်တကြိမ်လိုလို သွားနေရတယ်။ ကျမက လမ်းမလျှောက်နိုင်တော့ အတက်အဆင်းတွေမှာ သွားရတာလည်း အခက်အခဲရှိတယ်။ လမ်းခရီးက ဝေးတာကြောင့် ပိုက်ဆံလည်း အကုန်အကျများပြီး မတတ်နိုင်တော့ ဒီမှာပြန်ပြီးနေရတာဖြစ်တယ်။
မေး။ ။ လက်ရှိ ဆေးကုသမှုခံယူနေရတဲ့အခြေအနေနဲ့ ဒဏ်ရာအခြေအနေက ဘယ်လိုရှိလဲ။
ဖြေ။ ။ ကျမဒဏ်ရာက တလတကြိမ် ပုံမှန်သွားပြရတာ။ တခါတလေဆိုရင် နှစ်ပတ်တကြိမ် သွားပြရတယ်။ အရင်လတွေကတော့ ဆွေမျိုးတွေကို အကူအညီတောင်းပြီး ပုံမှန်လိုလို သွားပြတယ်။ ဒဏ်ရာက ယားတယ်။ ပြီးတော့ ကိုက်တယ်၊ အေးတယ်။ ဒါတွေကို ဆေးလူးပေးရတာရှိတယ်။ ဒါပေမဲ့ ဒဏ်ရာတွေကို ဆေးလူးတဲ့ အခါမှာ ဆေးဝယ်ဖို့ ပိုက်ဆံမရှိတာကြောင့် ဆေးကိုနည်းနည်းလောက်ပဲလူးပြီး နေရတာမျိုးရှိပါတယ်။
အခုဆိုရင် ဆေးခန်းလာပြရမှာ နောက်ဆုံးလို့တော့ ဆရာဝန်ကပြောတယ်။ ဒါပေမဲ့ ကျမမှာ ပိုက်ဆံတပြားမှ မရှိသေးဘူး။ ဘယ်လိုလုပ်ရမလဲ စိတ်ပူနေတာ။ တခါတလေဆိုရင် ဒဏ်ရာက နာကျင်၊ ထမင်းစားဖို့ ဆန်မရှိတာကို စိတ်ပူရနဲ့ ငါသေခဲ့ရင်တောင် ကောင်းမယ်ဆိုပြီး တွေးဖြစ်တယ်။
မေး။ ။ လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေကိုလည်း ပြောပြပေးပါဦး။
ဖြေ။ ။ ကျမ မိုင်းနင်းမိတဲ့အချိန်မှာတော့ ငွေကြေးအကူအညီတွေကို အဖွဲ့အစည်းကလာပြီး ပေးခဲ့တာရှိတယ်။ ဒါပေမဲ့ အခုက အကူအညီအထောက်အပံ့တွေလည်း မရတော့ဘူး။ ကယ်ဆယ်ရေးစခန်းမှာလည်း အရင်နှစ်တွေ ကတော့ လစဉ်ထောက်ပံ့မှုတွေရခဲ့တယ်။ အခုက အဲဒီလိုလည်း မရှိတော့ဘူး။ ကျမအပါအဝင် အကုန်လုံး စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြတယ်။ အကူအညီထောက်ပံ့မှုတွေ လိုချင်ပါတယ်။
မေး။ ။ ကျန်းမာရေးပိုင်းနဲ့ မိသားစုစားဝတ်နေရေးကိုရော ဘယ်လိုဖြေရှင်းနေကြပါလဲ။
ဖြေ။ ။ ကျမ အခုလိုမဖြစ်ခင်ကဆိုရင်တော့ ကျမယောက်ျားက အလုပ်ထွက်ပြီး သွားလုပ်လို့ရတယ်။ အခုက အိမ်မှုကိစ္စကအစ သူကပဲလုပ်နေရတော့ အလုပ်သွားလုပ်လို့လည်း မရတော့ဘူး။ ကျမကိုလည်း ပြုစုပေးနေ ရတယ်။ လုံးဝအဆင်မပြေတော့ဘူး။ သားတစ်ယောက်ရှိတာကလည်း ၉ နှစ်အရွယ်ဆိုတော့ သူလည်း ဘာမှ မလုပ်တတ်သေးဘူး။ အရင်ကဆို အိမ်ရှင်က ကြုံရာကျပန်းကုန်တင်ကုန်ချ အလုပ်လုပ်တယ်။
အိမ်ရှင်အလုပ်သွားလုပ်ရင် ပိုက်ဆံသုံးသောင်းလောက် ရတယ်။ အဲ့ဒါတွေနဲ့ စားသောက်လို့ အဆင်ပြေခဲ့တယ်။ အခုက တခါတလေ အိမ်မှုကိစ္စပြီးလို့ အလုပ်သွားလုပ်ရင်လည်း ကျမကိုပြုစုရတာတွေနဲ့ အချိန်နောက်ကျတာ ကြောင့် လူတွေအကုန်လုံး လုပ်ပြီးသွားပြီဆိုတော့ အလုပ်မကျန်တော့ဘူး။ တစ်ရက်မှာ ငွေသုံးလေးထောင်ပဲ ရတယ်။ ဆွေမျိုးတွေကပေးတဲ့ ငွေကြေးနဲ့ စားသောက်နေကြရပါတယ်။
မေး။ ။ စစ်ရှောင်စခန်းမှာနေရတဲ့အချိန် စိတ်ပိုင်း/ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေနဲ့ ကြုံတွေ့ရတာရှိပါလား။
ဖြေ။ ။ အခုက ဂျက်လေယာဉ်တွေလည်း နေ့တိုင်းလိုလို ပျံသန်းနေတော့ကြောက်တယ်။ သူများတွေက အကြောင်းတစုံတရာ ဖြစ်လာရင် ထပြီးသွားနိုင်တယ်။ ကျမက ဒီအတိုင်းကျန်လိုက်ရမှာ မသွားနိုင်ဘူး။ ဗုံးကြဲခဲ့ရင်လည်း သေရမယ်၊ သွားမှမသွားနိုင်တာ။ ပုံမှန်အတိုင်း ခြေအစုံနဲ့ဆိုရင် ဒီလောက်ထိကြောက်မှာ မဟုတ်ဘူး။ တစ်နေရာရာကိုရှောင်ပြီး သွားနေလို့ရတယ်။ အခုက သူများအကူအညီမပေးရင် သွားလို့မရတော့ဘူး။
မေး။ ။ ဖြည့်စွက်ပြီး ဘာပြောချင်တာရှိပါလဲ။
ဖြေ။ ။ သူတို့ (စစ်ကောင်စီတပ်သား) တွေက စစ်လက်နက်ပစ္စည်းတွေကို အလွဲသုံးစားလုပ်ပြီး အပြစ်မရှိတဲ့ ပြည်သူလူထုသွားလာတဲ့လမ်းမှာ မိုင်းတွေထောင်တဲ့အတွက် ကျမအခုလို (မသန်စွမ်း) ဖြစ်ရတာဖြစ်တယ်။ လေယာဉ်တွေနဲ့လည်း ပစ်မှတ်ထားတိုက်ခိုက်နေတယ်။ သူတို့မှာ ဖြစ်ချင်တဲ့သူနဲ့ဖြစ်ပေါ့။
ပြည်သူတွေကို ဒုက္ခမပေးရင် ပိုကောင်းမယ်။ အခုက ပြည်သူလူထုနေထိုင်တဲ့ လုပ်စားရာ နေရာတွေမှာ မိုင်းတွေထောင်တယ်။ ဒါတွေကြောင့် တိုက်ပွဲမရှိတော့ရင်လည်း လုပ်စားလို့မရတော့ဘူး။ ကျမတို့က တောတောင်ကိုမှီခိုပြီး ထင်းခုတ်၊ မျှစ်ချိုးလိုက် အဲဒီလိုစားသောက်နေကြတာ။ အခုက တောတောင်ကို မသွားရဲကြတော့ အကုန်လုံးအခက်အခဲ ဖြစ်တာပေါ့။
မေး။ ။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
အောင်ထိန် (DMG) ပေးပို့သည်။