ကရင်နီပြည်ရှိ ကဏ္ဍအသီးသီးတွင်ပါဝင်ဆောင်ရွက်နေကြသည့် ခေါင်းဆောင်တချို့က ပြည်သူလူထုထံ ၂၀၂၅ ခုနှစ် နှစ်သစ်ဆုတောင်းစကားသံများ။

0
58

အာဏာရှင်စနစ်ကို တော်လှန်နေပြီး တိုက်ပွဲပဋိပက္ခများကို ရင်ဆိုင်ကြုံနေကြရသည့် ကရင်နီပြည်သူလူထုထံ ကရင်နီပြည်ရှိ ကဏ္ဍအသီးသီးတွင် ဦးဆောင်ပါဝင်လုပ်ဆောင်နေကြသည့် ခေါင်းဆောင်တချို့က ပေးပို့သော ၂၀၂၅ နှစ်သစ်ဆုတောင်း စကားသံများနှင့် အမှာစကားတချို့ကို စုသည်းတင်ဆက် ဖော်ပြပေးလိုက်ပါသည်။

မော်ဒေးဒေးဖော (အမြဲတမ်းဗဟိုတော်မတီဝင် – ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP))

လူထုတွေအနေနဲ့ကတော့ ဘယ်လိုပဲအခက်အခဲရင်ဆိုင် ဘာမှမရှိ အိမ်မရှိအိုးမရှိ ဒီလိုပဲ စစ်ရှောင်စခန်းမှာတစ်ရက်တစ်ရက် ဒီလိုပဲ သူများကူညီထောက်ပံ့တာပဲ စားနေတာဆိုတော့ စိတ်တော့ ပျော်မှာမဟုတ်ဘူး။ ဒါပေမဲ့လို့ မကြာခင်မှာတော့ အမှောင်ကြီးက ဖြိုခွင်းနိုင်ပြီးတော့မှ အလင်းရောင် ရောက်တော့မှာပေါ့နော။ စိတ်ဓာတ်ကျစရာတော့ မလိုပါဘူးလို့၊ အဓိက က စည်းလုံးညီညွှတ်မှု နောက် ဘယ်ဘာသာမဆိုပေါ့နော ကိုယ့်ဘာသာရေးအပေါ်မှာ ကိုယ်ဆုတောင်းကြဖို့ လိုတယ်။

ခူးထဲဘူး (ဒုဝန်ကြီး – ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဌာန/ အမျိုးသားညီညွတ်ရေးအစိုးရ (NUG))

ကျနော်တို့ မြန်မာနိုင်ငံနိုင်ငံသူနိုင်ငံသား အားလုံးပေါ့လေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အေးအေးချမ်းချမ်းနေနိုင်သွားဖို့ အရေးကြီးတယ်။ တိုက်ပွဲဝင်နေတဲ့ ရဲဘော်ရဲဘက်ရော တပ်ဗိုလ်၊တပ်မှူး အကြီးဆုံးကနေမှ အငယ်ဆုံးအထိပေါ့လေ သူတို့ကိုလဲ ခွန်အား အပြည့်အဝနဲ့ရှိစေဖို့ နောက်လိုအပ်တဲ့ဟာလည်း ရရှိဖန်တီးနိုင်ပေးဖို့လဲ အရေးကြီးတယ်။ ဒါမှလဲ ကျနော်တို့ ရဲဘော်ရဲဘက် တွေလဲ အားနဲ့အင်နဲ့ တိုက်ပွဲဆက်လက်ဝင်နိုင်ပြီး အောင်မြင်သည်အထိ သူတို့ဆုံးခန်းတိုင်အောင် တိုက်သွားမှာပါလို့ ကျနော်အဲ့လိုပဲ ယုံကြည်တဲ့အတွက်ကြောင့် ရဲဘော်ရဲဘက်များနဲ့ တပ်ဗိုလ်တပ်မှူးများအတွက်လဲ အားလုံးဆုတောင်းပေးချင်ပါတယ်။

ကျနော်တို့နဲ့ တိုက်ပွဲအတူတူဝင်နေတဲ့ ထောက်ပံ့နေတဲ့၊ ကူညီနေတဲ့ ပြည်သူတစ်ရပ်လုံးကပေါ့လေ ကျနော်တို့ ဆင်နွှဲနေတဲ့ တိုက်ပွဲကိုလဲ သူတို့က အဆုံးစွန်အထိကို ပါဝင်ပေးဖို့လဲလိုတယ်။ လမ်းခုလပ်မှာ မကျန်စေချင်ဘူးပေါ့နော။ ပင်ပန်းတယ်ဆိုတာတော့သိတယ် အဲ့ဒီပင်ပန်းတာတွေကို ကျနော်တို့အားလုံးအတူတကွ ခံစားကြပြီးတော့ ကျနော်တို့ ဆုံးခန်းတိုင်အထိပေါ့နော၊ တိုက်ပွဲအတူတူဝင်သွားကြနိုင်ဖို့ရယ် ကျနော်တို့ရဲ့ ဒီနွေဦးတော်လှန်ရေးကနေပြီးတော့ ထာဝရ ငြိမ်းချမ်းရေးပေါ့နော။ တခါမှမရှိခဲ့ဖူးတဲ့ ကျနော်တို့ အလုံးစုံငြိမ်းချမ်းရေး တော်လှန်ရေးအောင်မြင်သွားနိုင်အောင်လဲ အားလုံး ပါဝင်ပေးကြဖို့ကို တိုက်တွန်းခွန်အားပေးချင်ပါတယ်ပေါ့နော။

မူအန်းဂျလာ (တွဲဖက်အတွင်းရေးမှူး – ၂ / ကယန်းအမျိုးသမီးအစည်းအရုံး)

၂၀၂၅ နှစ်သစ်မှာ ပြည်သူလူထုလိုလားတဲ့ စစ်အာဏာရှစ်စနစ် ချုပ်ငြိမ်းရေး၊ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို တော်လှန်ရေးစုစည်းမှုအင်အားနဲ့ အောင်မြင်မှုကို ဖော်ဆောင်ပေးနိုင်မဲ့နှစ် ဖြစ်ပါစေ။ တပြိုင်နက်ထဲ ကျား-မ ၊ လိင်စိတ်ခံယူမှု ကွဲပြားမှုအပေါ် အခြေခံပြီး ခွဲခြားဆက်ဆံမှု ဖိနှိမ်မှုမှန်သမျှကို ဆန့်ကျင်တွန်းလှန်ပြီး တန်းတူညီမျှသော သာတူညီမျှသော လူမှုအသိုင်းအဝိုင်းသို့ ဦးတည်ဖော်ဆောင်နိုင်ပါစေ။ ပြည်သူများအားလုံး ဘေးကင်းလုံခြုံပါစေ။

ခူဒယ်နီယာယ် (ဒုဝန်ကြီး – ကာကွယ်ရေးဝန်ကြီး / ကရင်နီပြည်အစိုးရ)

အခုတလောပေါ့လေ အခုမေးခွန်းနဲ့အတူပဲ လူငယ်တွေရော၊ လူထုတွေရော မေးခွန်းတွေတော်တော်များများမေးလာကြတာပေါ့။ လူငယ်တွေက ဘာမေးလဲဆိုတော တော်လှန်ရေး ဘယ်အချိန်ပြီးမလဲပေါ့လေ၊ နောက်လူထုတွေကလဲ ငါတို့ဘယ်အချိန် အိမ်ပြန်ရမလဲ အဲ့ဒီမေးခွန်းက ကျနော်ဆီ ခဏခဏတော့ရောက်တယ်။ အဲ့ဒီတော့ ကျနော်ပြောချင်ပါတယ် လူငယ်တွေကိုလေ ကျနော်တို့က ဒီစစ်အာဏာရှင်ကို မကြိုက်လို့ တော်လှန်တဲ့လူတွေ ဖြစ်တယ်ဆိုတော့ တော်လှန်တဲ့အချိန်မှာလဲ လူငယ်တွေ အများကြီး ပါဝင်လာတယ်။ ပေးဆပ်မှုကလဲ တအားများခဲ့ပြီးပြီဆိုတော့ ဒီတော်လှန်ရေးပြီးဆုံးတဲ့အထိကတော့ လူငယ်တွေ အားလုံးပါဝင်ဖို့ အားပေးချင်ပါတယ်။ လူထုလဲပဲ လူထုရဲ့ ၈၀% က ဒီစစ်အာဏာရှင်ကိုမကြိုက်လို့ ဒီတော်လှန်ရေး လက်နက်ကိုင်တဲ့လူတွေကို အားပေးထောက်ခံတယ် ကူညီပံ့ပိုးမှု လုပ်တယ်။ ဒါက ၇၅% ကတာ့ သေချာတယ် လူထုက ဒီတော်လှန်ရေးဘက်မှာ ရပ်တည်တယ်။

ဆိုတော့ လူငယ်တွေနဲ့အတူ လူထုတွေကလည်း ပေးဆပ်မှုတွေ အများကြီးရှိပြီ။ အိုးအိမ်တွေစွန့်ခွာရတာတို့ အသက်တွေ ပေးရတာတို့ စသဖြင့် စည်းစိမ်ဥစ္စာတွေက ကုန်သလောက်ရှိနေပြီ။ ဒါဟာ ကျနော်တို့ ကရင်နီပြည်ထဲမှာမှ မဟုတ်ဘူးပေါ့လေ။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ကြည့်ရင် ဒါက အများကြီးဖြစ်နေပြီ။ ဆိုတော့ဒီအချိန်မှ ဒီတော်လှန်ရေးမှ မအောင်မြင်ဘူးဆိုရင် ဒီထက်မက ဆုံးရှုံးမှုတွေက ရှိသွားနိုင်တယ်၊ ရှိလိမ့်မယ်။ အဲ့တော့ ကျနော်တို့ ဒီတော်လှန်ရေးပြီးတဲ့အထိ ကျနော်တို့နဲ့အတူတူ လက်တွဲပြီးမှ ပါဝင်ထောက်ခံဖို့ လူထုကိုလဲပြောချင်ပါတယ်။ ဒီတော်လှန်ရေးမှ မပြီးဆုံးဘူးဆိုရင် ကျနော်တို့အဘိုးအဘွား ခေတ်ကတည်းက ကိုလိုနီလက်အောက်မှာ နေလာခဲ့ပြီးပြီ။ ဒီမြန်မာပြည်စစ်အစိုးရရဲ့ ဖိနှိပ်မှုအဆက်ဆက်တွေမှာ နေလာခဲ့ပြီးပြီ။ လွတ်လပ်ရေးရတာနဲ့ကို ကျနော်တို့တိုင်းရင်းသားတွေရဲ့ဘဝက လူထုတွေရဲ့ဘဝက ဒီစစ်အာဏာရှင်အောက်မှာပဲရှိတယ်။ ဆိုတော့ ဒီတကြိမ်တော်လှန်ရေးမှ မအောင်ဘူးဆိုရင် ကျနော်တို့ သားသမီးတွေကတော့ ဒီထက်မက ရင်လေးစရာဖြစ်တယ်။ အဲ့ဒီတော့ လူငယ်တွေနဲ့အတူ တော်လှန်ရေးနဲ့အတူ လူထုလဲပါဝင်ဖို့ ဆက်လက်အားပေး ထောက်ခံဖို့ စကားပါးချင် ပါတယ်။

ဆရာမမူဘီး (အကြံပေး၊ ကရင်နီအမျိုးသမီးအစည်းအရုံး)

အထူးသဖြင့်ပေါ့နော ဒီကရင်နီပြည်မှာရှိနေတဲ့ ကလေးငယ်တွေရယ် အမျိုးသမီးတွေအတွက်ပေါ့နော၊ ကျမအနေနဲ့ သတိရ ဆုတောင်းပေးတာကတော့ သူတို့အတွက် ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ပျော်ရွှင်ခြင်း ရှိဖို့အတွက်ပေါ့နော။

ကန္တာရ၀တီတိုင်း (မ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here