21 ဇန်နဝါရီ 2025 /

See today's Peace Related News

BPLA တပ် အရွေ့နှင့် အညာဒေသ စစ်မျက်နှာ

နိဒါန်း

“၁၀၂၇ စစ်ဆင်ရေး” တစ်နှစ်ပြည့်နေ့။

၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ကွပ်ကဲရေးမှူး မောင်ဆောင်းခက “ပြည်သူတွေကို အသိပေးချင်တာတခုက BPLA ဟာ မကြာခင် အညာဒေသမှာ အခြေချပြီး စစ်ဆင်ရေးတွေ ဖော်ဆောင်လာနိုင်တော့မယ်ဆိုတာပါပဲ” ဟု လူမှုကွန်ရက်မှတဆင့် ပြည်သူလူထုထံ သတင်းစကားပါးခဲ့သည်။ အညာပြည်သူလူထုအနေဖြင့်လည်း ၎င်းတို့အား ကြိုဆိုလိမ့်မည်ဟု ယုံကြည်မျှော်လင့်ကြောင်း ဆိုထားပါသည်။

ယခုတစ်ပတ် BNI-Myanmar Peace Monitor ၏ အပတ်စဉ် သတင်းသုံးသပ်ချက်တွင် BPLA တပ်အရွေ့နှင့် အညာဒေသစစ်မျက်နှာကို အချက်အလက်များ၊ ဖြစ်စဉ်ဖြစ်ရပ်များအပေါ်အခြေပြုပြီး ချဉ်းကပ်တင်ပြသွားပါမည်။

ဘီပီအယ်လ်အေ အရွေ့နှင့် ကောက်ကြောင်းနောက်ခံ

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ကို ၂၀၂၁ ခုနှစ် ဧပြီလ ၁၇ ရက် (မြန်မာနှစ်ဆန်း ၁ ရက်နေ့) တွင် စတင်ဖွဲ့စည်းခဲ့သည်။ စစ်အာဏာသိမ်းကာလအတွင်း အသက်ပေးခဲ့ရသည့် ပြည်သူများစွာအတွက် တရားမျှတမှုဖော်ဆောင်ရန်၊ အာဏာရှင်စနစ်နှင့် လူမျိုးကြီးဝါဒတိုက်ဖျက်ရန်၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ဖက်ဒရယ်စနစ်တည်ထောင်ရန် အခြားတိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့်အတူ လက်နက်ကိုင်တိုက်ပွဲဝင်ရန် BPLA က ဆုံးဖြတ်ထားသည်။

“အာဏာရှင်စနစ်ကျဆုံးပြီး ပြည်သူလူထုအားလုံး အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေး၊ လူမျိုးကြီးဝါဒချုပ်ငြိမ်းပြီး တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ ဒီမိုကရေစီနှင့် လူ့ရပိုင်ခွင့်ကို အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ်တည်ဆောက်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုသစ်တည်ဆောက်ရာတွင် ပြည်ထောင်စုအဖွဲ့ဝင် ဗမာဖက်ဒရယ်ယူနစ် (ဝါ) ဗမာပြည်/ဗမာပြည်နယ် သတ်မှတ်ပါဝင်တည်ဆောက်ရေးနှင့် ပြည်သူလူထုတို့၏ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်စောင့်ရှောက်ရေး” ဟူသော နိုင်ငံရေးရည်မှန်းချက် (၅) ချက်ကို ရှေးရှုပြီး ပြည်သူလူထုကို အကြမ်းဖက်နေသည့် အာဏာသိမ်းစစ်အုပ်စုကို အမြစ်ပြတ်နှိမ်နင်းသွားရန် ဘုံရည်မှန်းချက်တူညီသည့် အဖွဲ့အစည်းများနှင့် မဟာမိတ်ပြုလုပ်ကာ တိုက်ပွဲများ ဆင်နွှဲသွားမည်ဟု ဆိုပါသည်။

အာဏာရှင်စနစ်ကို တွန်းလှန်ရာတွင် ဆန္ဒပြသည့်နည်းလမ်းတစ်ခုတည်းဖြင့် တရားမျှတမှုကို မရရှိခဲ့သည့်အတွက် လက်နက်ကိုင်တော်လှန်ရန် ဆုံးဖြတ်ဖွဲ့စည်းခဲ့သည့် BPLA တွင် လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီ (GSCN) မှ လူငယ်များ၊ အနုပညာသမားများ၊ လူ့အခွင့်အရေးလှုပ်ရှားသူများ၊ ကျောင်းသားသမဂ္ဂနှင့် ဒေသအသီးသီးမှ သပိတ်အဖွဲ့ခေါင်းဆောင်များ ဦးဆောင်ပါဝင်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် အာရက္ခတပ်တော် (AA) တို့၏ အကူအညီများဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။ 1

BPLA ၏ တပ်ဖွဲ့စည်းပုံအရ ကရင်ပြည်နယ်အတွင်း အမှတ် (၁၀၇) စစ်ဒေသနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း အမှတ် (၂၀၃) စစ်ဒေသဟူ၍ ဖွဲ့စည်းထားပြီး စစ်ဒေသအလိုက် စခန်းမှူးများထားရှိကာ တပ်ရင်းများဖွဲ့စည်းထားသည်ဟု ဆိုပါသည်။ ထို့ပြင် ဗမာအများစုနေထိုင်သည့် စစ်ကိုင်း၊ မကွေး၊ မန္တလေး စသည့်ဒေသများတွင် စိုးမိုးနယ်မြေများရရှိနိုင်ရန်နှင့် ပြည်သူများ၏ လူ့ဂုဏ်သိက္ခာ၊ လွတ်လပ်မှုနှင့် လုံခြုံမှုတို့ကို ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက်လည်း ကြိုးပမ်းသွားမည်ဟု ဆိုပါသည်။ 2

ကွပ်ကဲရေးမှူး မောင်‌ဆောင်းခကတော့ အညာဒေသသို့ BPLA တပ်အရွေ့အတွက် ယခုလိုအသိပေးထားသည်။

“ကျနော်တို့ အညာဒေသကို အခြေချတဲ့အခါ MOD/PDF တပ်ရင်းတွေနဲ့ရော၊ MOD လက်အောက်ခံမဟုတ်တဲ့ အခြားအင်အားစုတွေနဲ့ပါ ကောင်းမွန်သောဆက်ဆံရေး တည်ဆောက်ပြီး တော်လှန်ရေးအမြန်ဆုံးအောင်မြင်ဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။ BPLA က ဗမာလူမျိုးစုကိုယ်စားပြုဖို့နဲ့ ဗမာလူထုရဲ့ အသိအမှတ်ပြုမှုရရှိဖို့ တဆင့်ချင်း အကောင်အထည်ဖော်သွားပါမယ်။ သေချာတာတခုကတော့ BPLA ဟာ NUG/MOD လက်အောက်ခံတပ် မဟုတ်ပါဘူး။ ဒါပေမယ့် ညီညွတ်ရေးကိုရှေးရှုပြီး အညာဒေသခံတပ်ဖွဲ့တွေအားလုံးနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့ အစဉ်တစိုက် ကြိုးစားသွားမယ်လို့ ကတိပြုပါတယ်”

အညာဒေသ စစ်ငွေ့ ပိုကဲလာနိုင်သလား

မိမိတို့ BNI-Myanmar Peace Monitor ၏ မှတ်တမ်းအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်၊ စစ်အာဏာသိမ်းချိန်မှစပြီး ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၅ ရက်အထိ (၄) နှစ်နီးပါးကာလအတွင်း နိုင်ငံတဝှမ်းတိုက်ပွဲဖြစ်စဉ်ပေါင်း (၅၅၅၉) ခု ဖြစ်ပွားခဲ့ပြီး ထိုအထဲမှ တိုက်ပွဲဖြစ်စဉ် ပေါင်း (၁၈၃၂) ခုသည် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် မန္တလေး၊ မကွေးနှင့် စစ်ကိုင်းတိုင်း စသော အညာဒေသတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် စစ်အာဏာသိမ်းကာလအတွင်း နိုင်ငံတဝှမ်းလုံးတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲဖြစ်စဉ်များ၏ ၃၃ ရာခိုင်နှုန်းသည် အညာဒေသအတွင်းဖြစ်ပွားခြင်းဖြစ်ပြီး စစ်ကိုင်းတိုင်းသည် စစ်ရေးပဋိပက္ခတိုက်ပွဲ အများဆုံးနှင့် အကျယ်ပြန့်ဆုံးဒေသဖြစ်ခဲ့ပါသည်။

မြန်မာနိုင်ငံတဝှမ်းလုံးတွင် ဖြစ်ပွားခဲ့သော၊ ဖြစ်ပွားနေဆဲဖြစ်သော ပဋိပက္ခတိုက်ပွဲဖြစ်စဉ်များကို နှစ်အလိုက်၊ လအလိုက် လေ့လာကြည့်ပါက စစ်ကိုင်း၊ မကွေးနှင့် မန္တလေး စသော အညာဒေသတစ်ခွင်လုံးရှိ တိုက်ပွဲဖြစ်စဉ်များသည် အခြားသော နယ်မြေဒေသများနည်းတူ အရှိန်အဟုန်ဖြင့် အပြန့်ကျယ်နေဆဲဖြစ်ပါသည်။

အညာဒေသတစ်ခွင် တိုက်ပွဲဖြစ်စဉ်များ၏ ၉၉ ဒသမ ၅ ရာခိုင်နှုန်းသည် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (ERO) များ၊ မြို့ပြဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF-LDF) များနှင့် စစ်ကောင်စီတပ်များအကြား ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သုညဒသမ ၅ ရာနှုန်းကသာ တော်လှန်ရေးအင်အားစုအချင်းချင်းအကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။ အထူးသဖြင့် စစ်ကိုင်းတိုင်းအထက် ဗန်းမောက်မြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်များအတွင်း လှုပ်ရှားရာ ရှမ်းနီအမျိုးသားတပ်မတော် (SNA) နှင့် တော်လှန်ရေးအင်အားစုများအကြား ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်း၊ မကွေး၊ မန္တလေးစသော အညာဒေသသည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ ဦးဆောင်မှုဖြင့် စစ်ကောင်စီတပ်များအား ထိုးစစ်ဆင်လျက်ရှိသည့် အမှတ် (၁) စစ်ဒေသ၏ အစိတ်အပိုင်းတစ်ခုပြီး လက်တလောအခြေအနေတွင်ပင် စစ်ကိုင်းတိုင်းအတွင်းရှိ ခမ်းပတ်၊ ရွှေပြည်အေး၊ မော်လူး၊ ကနီ၊ မြို့သစ်မြို့နှင့် ပင်လယ်ဘူးမြို့၊ မန္တလေးတိုင်းအတွင်းရှိ စဥ့်ကူး၊ မိုးကုတ်၊ တကောင်းနှင့် သပိတ်ကျင်းမြို့တို့အား စစ်ကောင်စီထံမှ သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်သည်။ အဆိုပါ ထိန်းချုပ်သိမ်းပိုက်ထားသည့် မြို့များတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တော်လှန်ရေးအင်အားစုများ ပူးပေါင်းကာ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးယန္တယားများ အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းလျက်ရှိသည်ကို တွေ့ရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်များအား ခုခံတော်လှန်စစ်ဆင်နွှဲလျက်ရှိသော အညာဒေသတွင် ရာနှင့်ချီသည့် PDF-LDF များ၊ NUG လက်အောက်ခံ PDF တပ်ရင်းများ၊ လူမျိုးစုအလိုက် တော်လှန်ရေးတပ်ဖွဲ့များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ၏ စစ်ကြောင်းများ စသဖြင့် အင်အားစုအလိုက် ပူးပေါင်းလှုပ်ရှားမှုများကို ထင်ရှားစွာ တွေ့ရှိနေရပြီဖြစ်သည်။

ထို့ကြောင့် ကဗျာဆရာမောင်ဆောင်းခ ကွပ်ကဲသော BPLA တပ်များ၏ အညာဒေသသို့ အရွေ့သည် တော်လှန်ရေးအင်အားစုများအတွက် အားဖြည့်ပေးမည့် ခွန်အားတရပ်ဟု ရှုမြင်သုံးသပ်ကြသူများရှိသကဲ့သို့ စစ်ရေး၊ စစ်နယ်အလိုက် လှုပ်ရှားဆောင်ရွက်မှုများအပေါ်မူတည်ပြီး အချင်းချင်းအကြား ပဋိပက္ခဖြစ်ပွားမည်ကို စိုးရိမ်သူများလည်း ရှိပါသည်။

သုံးသပ်တင်ပြချက်

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) တပ်များသည် ရှမ်းမြောက်ဒေသရှိ “၁၀၂၇ စစ်ဆင်ရေး” အတွင်း ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ဦးဆောင်ဦးရွက်ပြုမှုနှင့်အတူ အာဏာသိမ်းစစ်ကောင်စီတပ်များအား ထိုးစစ်ဆင်လှုပ်ရှားရာတွင် ပူးပေါင်းပါဝင်ခဲ့သကဲ့သို့ တောင်ပိုင်းစစ်ဒေသရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၏ စစ်ရေး ဦးဆောင်မှုဖြင့် ပူးတွဲစစ်ရေးကွပ်ကဲမှု (Joint Operations Command – JOC) အောက်တွင်လည်း ပူးပေါင်းပါဝင်တိုက်ပွဲဝင်လျက်ရှိပါသည်။

နိုင်ငံရေးအရ တန်းတူညီမျှမှုရှိသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ဆောက်နိုင်ရေးအတွက် ဗမာပြည်နယ် သို့မဟုတ် ဗမာဖက်ဒရယ်ယူနစ်တရပ် ပေါ်ထွန်းရန်လိုအပ်သည်ဟု ယုံကြည်ထားသည့် BPLA ၏ အညာဒေသသို့ တပ်အရွေ့သည် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် ခုခံတော်လှန်နေကြသော အညာဒေသရှိ တော်လှန်ရေးအင်အားစုများအတွက် စစ်ရေးအရ ခွန်အားတရပ်ဖြစ်လာစေမည်ဟု ရှုမြင်ရသော်လည်း နိုင်ငံရေးအရ အမြင်မတူမှုများ ရှိလာနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။

တဆက်တည်းတွင် BPLA တပ်များအရွေ့ကြောင့် စစ်ကိုင်း၊ မကွေးနှင့် မန္တ‌လေးစသော အညာဒေသအတွင်း ပဋိပက္ခတိုက်ပွဲများသည် လက်ရှိအရှိန်အဟုန်ထက်ပင် ပိုမိုအားကောင်းကျယ်ပြန့်လာနိုင်ကြောင်း သုံးသပ်ရပါသည်။ အမှတ် (၃၀၈) အညာစစ်ဒေသအဖြစ် တိုးချဲ့လာခဲ့သည့် BPLA ၏ တပ်အရွေ့နှင့် အညာဒေသစစ်မျက်နှာသည် စောင့်ကြည့်ရမည့်အခြေ အနေတွင် ရှိပါသည်။

BPLA ကွပ်ကဲရေးမှူး မောင်ဆောင်းခကတော့ ပြည်သူလူထုသို့ ယခုလိုသတင်းစကား ပေးထားပါသည်။

“ကျနော်တို့ ဗမာပြည်နယ် ရှိလာရမယ်၊ ဗမာပြည်နယ်ကို ငါတို့ကပဲ ကိုယ်စားပြုမယ်ဆိုတာမျိုး လုံးဝမဟုတ်ဘူးဆိုတာကို ဒီနေရာမှာ ပြည်သူလူထုကို ရှင်းရှင်းလင်းလင်း အသိပေးလိုပါတယ်။ တကယ်လို့သာ နောက်ပိုင်းမှာ အညာဒေသမှာ၊ ဗမာဒေသမှာ ရှိပြီးသားတပ်ဖွဲ့တွေနဲ့ မဟာမိတ်တွေစုဖွဲ့ပြီးတော့ စစ်ကောင်စီကို သေသေချာချာတွန်းလှန်နိုင်မယ်ဆိုရင် ဒီဗမာဒေသဟာလည်း တကယ်လွတ်မြောက်တဲ့ဒေသ မဖြစ်လာနိုင်စရာအကြောင်း မရှိဘူး”

1 မူဝါဒရပ်တည်ချက်၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် ပေါ်ပေါက်လာပုံ၊ BPLA ၊ ၄ ဇန်နဝါရီ ၂၀၂၄
2 မူဝါဒရပ်တည်ချက်၊ စစ်ရေးမဟာဗျူဟာဦးတည်ချက်၊ BPLA ၊ ၄ ဇန်နဝါရီ ၂၀၂၄

Karen National Union (KNU)

Arakan National Council (ANC/AA)

All Burma Students’ Democratic Front (ABSDF)

Chin National Front (CNF/CNA)

Karen National Union (KNU)

Arakan National Council (ANC/AA)

All Burma Students’ Democratic Front (ABSDF)

Chin National Front (CNF/CNA)

Arakan Liberation Party/Army (ALP/ALA)

Democratic Karen Benevolent Army (DKBA)

Kachin Independence Army (KIO/KIA)

Karenni National Progressive Party (KNPP/KA)

Kuki National Organization (Burma)

Lahu Democratic Union (LDU)

Myanmar National Democratic Alliance Army (MNDAA)

National Democratic Alliance Army-Eastern Shan State (NDAA-ESS)

New Mon State Party (NMSP)

National Socialist Council of Nagaland-Khaplang (NSCN-K)

Pa-Oh National Liberation Organization (PNLO)

The Palaung State Liberation Front (PSLF/TNLA)

The Restoration Council of Shan State (RCSS/SSA – South)

Shan State Progress Party/Shan State Army (SSPP/SSA – North)

United League of Arakan/Arakan Army (ULA/AA)

UWSP/UWSA