နိဒါန်း
အာဆီယံ၏ ဘုံသဘောတူညီချက် (၅) ချက်သည် အာဆီယံအဖွဲ့ကြီး၏ ရပ်တည်ချက်နှင့် လုပ်နိုင်စွမ်းကို ပျက်ရယ်ပြုလျက်ရှိပါသည်။ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာစစ်အုပ်စုကို နေရာပေးဆက်ဆံမိခြင်း၏ အကျိုးဆက်အဖြစ်လည်း သင်ခန်းစာယူသင့်ပြီဖြစ်သည်။ ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်တွင် ပြုလုပ်ခဲ့သည့် အာဆီယံ အရေးပေါ်အစည်းအဝေးမှ ဘုံသဘောတူညီချက် (၅) ချက်သည် (၃) နှစ်ကျော်လာခဲ့သည့်တိုင် လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်နိုင်ခြင်း မရှိခဲ့ပေ။
ယခုတစ်ပတ် BNI-Myanmar Peace Monitor ၏ သတင်းသုံးသပ်ချက်တွင် အာဆီယံအဖွဲ့ကြီးအတွင်း မြန်မာ့အရေးအတွက် အလေးပေးမှုအခြေအနေများကို လေ့လာတင်ပြသွားပါမည်။
ထိပ်သီးညီလာခံအပြီး အာဆီယံဥက္ကဌ၏ ထုတ်ပြန်ချက်
အောက်တိုဘာလ ၈ ရက်မှ ၁၁ ရက်အထိ လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တွင်ပြုလုပ်သော အာဆီယံထိပ်သီးညီလာခံအပြီး အောက်တိုဘာလ ၁၃ ရက်တွင် စာမျက်နှာ (၄၄) မျက်နှာပါဝင်သည့် ထုတ်ပြန်ချက်ကို အာဆီယံ အလှည့်ကျဥက္ကဌက ထုတ်ပြန်ခဲ့ပါသည်။
စာမျက်နှာ ၄၂ ၊ စာပိုဒ် (၁၈၀) တွင်တော့ မြန်မာ့အရေးနှင့်ပတ်သက်ပြီး အာဆီယံအဖွဲ့အတွင်း ဆွေးနွေးချက်များ၊ အလေးပေးမှုများနှင့် တောင်းဆိုချက်များကို ထည့်သွင်းဖော်ပြထားပါသည်။ 1
(၃) နှစ်ကျော်ကြာသည်အထိ လက်တွေ့အကောင်အထည်ဖော်နိုင်ခြင်းမရှိခဲ့သည့် အာဆီယံခေါင်းဆောင်များ ဘုံသဘောတူညီချက် (၅) ချက်ကို ဆက်လက်တည်ရှိနေကြောင်း ညီလာခံက ထပ်မံအတည်ပြုခဲ့သည်။ မြန်မာနိုင်ငံအတွင်း ပဋိပက္ခဖြစ်ပွားမှုများ ဆက်လက်မြင့်တက်နေခြင်းကို ရှုတ်ချထားပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးနိုင် ရေးနှင့် အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးအဖြေရှာနိုင်သည့် အခြေအနေတရပ်ကို ဖန်တီးကြရန် တိုက်တွန်းထားသည်။
ထူးခြားချက်အဖြစ် အာဆီယံထိပ်သီးညီလာခံကို မြန်မာအာဏာသိမ်းစစ်ကောင်စီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် တက်ရောက်လာခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၅ ရက်၊ အာဆီယံအရေးပေါ် နိုင်ငံခြားရေးရာဝန်ကြီးများအစည်းအဝေးမှ “အာဆီယံထိပ်သီးအစည်းအဝေးပွဲကို အာဏာသိမ်းစစ်ခေါင်းဆောင်အား ပါဝင်တက်ရောက်ခွင့်မပြုဘဲ ၎င်းအစား နိုင်ငံရေးနှင့် ပတ်သက်မှုမရှိသည့် အရပ်သားကိုယ်စားလှယ်ကို တက်ရောက်ခွင့်ပေးမည်” 2 ဟူသော ဆုံးဖြတ်ချက်ကို စစ်အုပ်စုအနေဖြင့် လက်ခံလိုက်ရခြင်းဖြစ်သည်။
သို့သော် တရုတ်အစိုးရဦးဆောင်သည့် နိုင်ငံတကာအစည်းအဝေးများတွင် ကိုယ်စားပြုပါဝင်ခွင့်ရနေသည့် မြန်မာအာဏာသိမ်းစစ်အုပ်စုသည် ၎င်းတို့ကျင်းပရန် လျာထားသည့် အထွေထွေရွေးကောက်ပွဲအား အသိအမှတ်ပြုမှုရရှိရေးအတွက် ခြေလှမ်းပြင်လာခြင်းဟုလည်း ဆိုရပေမည်။
အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် Dr. Kao Kim Hourn ကတော့ မြန်မာ့အရေးသည် အလွန်ရှုပ်ထွေးသည့်ကိစ္စရပ်ဖြစ်ကြောင်း၊ စိတ်ရှည်သည်းခံဖို့ လိုအပ်ကြောင်းနှင့် မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်ဖို့ မမျှော်လင့်သင့်ကြောင်း ပြောဆိုထားပါသည်။ 3 ဘုံသဘောတူညီချက် (၅) ချက်ကို အခြေပြုကာ မြန်မာ့အရေးဖြေရှင်းနိုင်ရေးကြိုးပမ်းမှုသည် အာဆီယံအတွက် မည်မျှ အချိန်လိုအပ်နေသလဲဆိုသည်က မေးခွန်းထုတ်ဖွယ်ဖြစ်လာပါသည်။
ဂျာကာတာဆွေးနွေးပွဲ
အာဆီယံထိပ်သီးအစည်းအဝေးမတိုင်ခင် ရက်ပိုင်းအလိုတွင် ကျင်းပသည့် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ရှိ မြန်မာ့အရေးဆွေးနွေးပွဲသည် အလွန်ထူးခြားသည်။ အာဏာသိမ်းစစ်အုပ်စုကို လူရာမသွင်းဘဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေးအင်အားစုများနှင့် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂအပါအဝင် နိုင်ငံတကာ အစိုးရကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးကြခြင်း ဖြစ်သည်။
အောက်တိုဘာလ ၃ ရက်မှ ၅ ရက်အထိ ပြုလုပ်သည့် ဂျာကာတာဆွေးနွေးပွဲကို အာဏာသိမ်းစစ်အုပ်စုအား ဆန့်ကျင်တော်လှန်နေကြသည့် NUG ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၊ ကရင်အမျိုးသားအစည်း အရုံး (KNU)နှင့် ချင်းအမျိုးသားတပ်ဦး (CNF) အပြင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့မှ ကိုယ်စားလှယ် (၁၈) ဦး တက်ရောက်ခဲ့ ပြီး ကုလသမဂ္ဂ (UN) ၊ ဥရောပသမဂ္ဂ (EU) ၊ ဗြိတိန် ၊ အမေရိကန်၊ နော်ဝေ၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ ကိုယ်စားလှယ်တို့ တက်ရောက်ဆွေးနွေးခဲ့ပါသည်။ 4
ဆွေးနွေးပွဲအတွင်း အကြောင်းအရာများ၊ ရှေ့လုပ်ငန်းစဉ်များအပေါ် တရားဝင်သတင်း ထုတ်ပြန်ခြင်း မရှိသေးသော်လည်း လက်ရှိအာဆီယံအလှည့်ကျဥက္ကဌ လာအိုနိုင်ငံမှ သဘောမတူသည့်အတွက် “ASEAN Troika” ပါဝင် မည့်အစီအစဉ် ပျက်ပြယ်ခဲ့ရသည်ဟု ဆိုပါသည်။ သို့သော် ထိပ်သီးအစည်းအဝေးအပြီး အာဆီယံဥက္ကဌ၏ ထုတ်ပြန်ချက်တွင်တော့ ဂျာကာတာဆွေးနွေးပွဲကို အသိအမှတ်ပြုကြောင်း ဖော်ပြထားပါသည်။
သုံးသပ်တင်ပြချက်
ဘုံသဘောတူညီချက် (၅) ချက်ကို အခြေပြုထားသည့် မြန်မာ့အရေးအတွက် အာဆီယံ၏ ခြေလှမ်းများသည် နှစ်လရာသီ အလီလီပြောင်းခဲ့သည့်တိုင် ရွေ့လျားမှုအလျင်းမရှိဘဲ ရပ်တန့်နေခဲ့ပါသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် အာဏာသိမ်းစစ်အုပ်စုကို ဗဟိုပြုကာ မြန်မာပြည်သူလူထုနှင့် တော်လှန်ရေးအင်အားစုများ၏ အသံများ၊ တောင်းဆိုမှုများကို လစ်လျူရှုထားခြင်းကလည်း အာဆီယံ၏ လုပ်နိုင်စွမ်းကို အကန့်အသတ်ဖြစ်စေသည်ဟု ဆိုရပါမည်။
သို့သော် ယခုအောက်တိုဘာလသည် ထူးခြားသည်။ အာဆီယံထိပ်သီးအစည်းအဝေးအတွင်း ရရှိခဲ့သည့် ဘုံသဘောတူညီချက် (၅) ချက်အား အကောင်အထည်ဖော်မှုအခြေအနေသည် ကျဆုံးခဲ့ကြောင်း ထင်ရှားစေသည်။ သို့သော် အဆိုပါသဘောတူညီချက် (၅) ချက်ကိုပင် ဆက်လက်ဖက်တွယ်ကာ မြန်မာ့အရေးအတွက် ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးအဖြေရှာ ရေးကို ဦးတည်နေခြင်းသည် အာဆီယံအဖွဲ့ကြီး၏ သင်ခန်းစာမယူတတ်သေးခြင်းကို မီးမောင်းထိုးပြနေပါသည်။
ဂျာကာတာဆွေးနွေးပွဲအတွင်း ဆွေးနွေးချက်များ၊ ရလဒ်များ၊ သဘောတူညီချက်များ ထွက်ပေါ်လာခြင်း မရှိသေးသည့်တိုင် စစ်ကောင်စီမဟုတ်သော တော်လှန်ရေးအင်အားစုများ၏ အသံများ၊ တောင်းဆိုမှုများနှင့် လက်တွေ့မြေပြင်အခြေအနေများကို ထပ်ဟပ်စေနိုင်ပါသည်။ လာမည့် ၂၀၂၅ ခုနှစ်တွင် အာဆီယံ အလှည့်ကျဥက္ကဌ တာဝန်ယူရမည့် မလေးရှားနိုင်ငံမှ ကိုယ်စားလှယ်လည်း တက်ရောက်ဆွေးနွေးခဲ့သည့်အတွက် စိတ်ဝင်စားဖွယ် စောင့်ကြည့်ချင်စရာဖြစ်သည်။
၂၀၂၁ ခုနှစ်မှ ရေတွက်လျှင် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနှင့် လာအိုဟူ၍ အာဆီယံ အလှည့်ကျဥက္ကဌ (၄) ဆက်တိုင်ခဲ့သော်လည်း မြန်မာ့အရေး ဖြေရှင်းရေးအတွက် အာဆီယံ၏ ခြေလှမ်းများသည် အသက်ဝင်လှုပ်ရှားမှုမရှိခဲ့ပေ။ အာဏာသိမ်းစစ်အုပ်စုအား ဗဟိုပြုချဉ်းကပ်ခြင်းသည် အာဆီယံ၏လုပ်နိုင်စွမ်းကို အကန့်အသတ်ဖြစ်စေကြောင်း သင်ခန်းစာယူသင့်ပြီဖြစ်သည်။ စစ်အာဏာရှင်စနစ်ဆိုးအောက်မှ လွတ်မြောက်ရေးအတွက် ရုန်းထလှုပ်ရှားနေကြသည့် တော်လှန်ရေးအင်အားစုများ၏ အခန်းကဏ္ဍနှင့် အရေးပါမှုကို အာဆီယံအနေဖြင့် ထည့်သွင်းစဉ်းစားချိန်တန်ပြီဟု ဆိုရပါမည်။
အထူးသဖြင့် ငြိမ်းချမ်းရေးအတွက် အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးအဖြေရှာရေးအတွက် ဦးတည်ရာတွင် အင်အားစုများအားလုံး ပါဝင်ခွင့်ရရှိစေရေးကို အလေးအနက်ထား ချဉ်းကပ်မှသာ မြန်မာ့အရေးအတွက် အာဆီယံအဖွဲ့ကြီး၏ အလေးပေးမှုကို ပေါ်လွင်စေမည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။
1 Chairman’s Statement of the 44th and 45th ASEAN Summits , ASEAN, 13 Oct 2024
2 စစ်ခေါင်းဆောင်အား လက်မခံသည့် အာဆီယံဆုံးဖြတ်ချက်ကို ကြိုဆိုသော်လည်း အရပ်သားကိုယ်စားလှယ် ဖိတ်ကြားမည့်အပေါ် အရပ်ဖက်အဖွဲ့အစည်းများ ကန့်ကွက်၊ BNI-MPM ၊ ၁၉ အောက်တိုဘာ ၂၀၂၁
3 ASEAN plays ‘stabilising’ role on regional tensions, secretary-general says, Reuters, 10 Oct 2024
4 တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေကို အာဆီယံက ဘာလို့ခေါ်တွေ့တာလဲ၊ သျှမ်းသံတော်ဆင့်၊ ၁၁ အောက်တိုဘာ ၂၀၂၄