21 ဇန်နဝါရီ 2025 /

See today's Peace Related News

လူ့အခွင့်အရေး ထွန်းကားစေ၊ တရားမျှတ လွတ်လပ်မြေ

နိဒါန်း

“မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး ကောင်းတဲ့အမှတ်တရ တခုမှမရှိခဲ့ပါဘူး”

“၇၆” ကြိမ်မြောက် နိုင်ငံတကာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ် အခမ်းအနားတွင် လူ့အခွင့်အရေးပညာပေးလုပ်ငန်းများ လုပ်ကိုင်နေသူ ကျေးလက်မြေအဖွဲ့မှ မူစဲကပြောပါသည်။ ၂၀၁၈ ခုနှစ် ဝန်းကျင်၊ သူ့လုပ်ငန်းများ မစတင်ခင်က မကွေးတိုင်းအတွင်းရှိ ဒေသခံပြည်သူလူထု၏ လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးမှုများ လိုလားတောင့်တမှုများကိုလည်း မူစဲက ပြန်ပြောပြခဲ့ပါသည်။ မြန်မာနိုင်ငံအတွင်းရှိ ပြည်သူလူထုသည် လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများကိုပင် လူ့အခွင့်အရေးချိုးဖောက်မှုအဖြစ် ဝေခွဲမရဖြစ်နေခဲ့ကြရပါသည်။

“Our Rights, Our Future, Right Now” ဆိုသည့် ကြွေးကြော်သံနှင့်အတူ “၇၆” ကြိမ်မြောက် လူ့အခွင့်အရေးနေ့ကို ကမ္ဘာ့နိုင်ငံအသီးသီးတွင် လှုပ်ရှားဆောင်ရွက်လျက်ရှိပါသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော စစ်အုပ်စု၏ စစ်အာဏာသိမ်းကာလနှင့် ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံအတွင်းတွင်တော့ “လူ့အခွင့်အရေး ထွန်းကားစေ၊ တရားမျှတလွတ်လပ်မြေ” ဟူသော ကြွေးကြော်သံများနှင့်အတူ စစ်အုပ်စု၏ ထိန်းချုပ်မှုမှ လွတ်ကင်းလာသော တော်လှန်ရေးအင်အားစုများ၏ နယ်မြေများအတွင်း လှုပ်ရှားလျက်ရှိပါသည်။

ယခုတပတ် BNI-Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် စစ်အာဏာသိမ်းကာလအတွင်း အကာအကွယ်ကင်းမဲ့ပြီး ပြစ်မှုပြစ်ဒဏ်မှ လွတ်ကင်းနေသော မြန်မာနိုင်ငံတဝှမ်းမှ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုဖြစ်စဉ်များနှင့် လူ့အခွင့်အ‌ရေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုများအကြောင်းကို လက်လှမ်းမီသမျှ လေ့လာတင်ပြသွားပါမည်။

လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုများ

ဒီဇင်ဘာလ ၁၀ ရက်၊ နိုင်ငံတကာ လူ့အခွင့်အရေးနေ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူ့အခွင့်အရေးဝန်ကြီးဌာနမှ ဦးဆောင်ပြီး ဒီဇင်ဘာလ ၁ ရက်မှ ၁၀ ရက်အထိ လူ့အခွင့်အရေးဆိုင်ရာ ပညာပေးခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း လှုပ်ရှားမှုများကို “လူ့အခွင့်အရေး ထွန်းကားစေ၊ တရားမျှတ လွတ်လပ်မြေ” ဟူသော ကြွေးကြော်သံဖြင့် ဦးဆောင် လှုပ်ရှားခဲ့ပါသည်။

စစ်ကိုင်းတိုင်းအတွင်း ကနီ၊ ဆားလင်းကြီး၊ ကသာ၊ ကလေး၊ ဘုတလင်၊ ဒီပဲယင်း၊ ထီးချိုင့်၊ ကောလင်း၊ အရာတော်၊ ခင်ဦး၊ ချောင်းဦး၊ တန့်ဆည်၊ မြောင်၊ အင်းတော်၊ ရွှေဘို၊ ဝန်းသို၊ ဗန်းမောက်၊ ဝက်လက်၊ ပုလဲ၊ စစ်ကိုင်း၊ ကန့်ဘလူ၊ မြင်းမူ၊ ကျွန်းလှ၊ မင်းကင်း၊ ယင်းမာပင်နှင့် ပင်လည်ဘူးမြို့နယ်များ၊ မကွေးတိုင်းအတွင်း ရေစကြို၊ ဂန့်ဂေါ၊ ဆော၊ ထီးလင်း၊ ပေါက်၊ စလင်း၊ စေတုတ္တရာ၊ ပခုက္ကူ၊ မြိုင်၊ မကွေး၊ ဆိပ်ဖြူနှင့် ပွင့်ဖြူမြို့နယ်များ၊ တနင်္သာရီ တိုင်းအတွင်း လောင်းလုံးနှင့် သရက်မြို့နယ်၊ ကချင်ပြည်နယ်အတွင်း ဖားကန့်မြို့နယ်၊ မန္တ လေးတိုင်း အတွင်း မဟာအောင်မြေမြို့နယ်၊ မတ္တရာ၊ စဥ့်ကူး၊ နွားထိုးကြီးနှင့် တောင်သာမြို့ နယ်များတွင် “လူ့အခွင့်အရေး ထွန်းကားစေ၊ တရားမျှတ လွတ်လပ်မြေ” လှုပ်ရှားမှုများကို တွေ့ရသည်။ လူ့အခွင့်အရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ အဆိုအရ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ တနင်္သာရီ၊ ရန်ကုန်၊ ကရင်နှင့် ကရင်နီဒေသများအတွင်းရှိ မြို့နယ်ပေါင်း (၆၀) ကျော်တွင် လူ့အခွင့်အရေးဆိုင်ရာ ပညာပေးခြင်း၊ ဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေ ခြင်းနှင့် အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များအကြား အသိပညာပေးခြင်း၊ ဆွေးနွေးခြင်းများ ပြုလုပ်နိုင်ခဲ့သည်ဟု ဆိုပါသည်။

“ဝန်ကြီးဌာနတွေနဲ့အတူ အရပ် ဖက်လူမှုအဖွဲ့အစည်းတွေ၊ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုတွေတွေ့ရတာ အားရစရာကောင်းပါတယ်။ ပြည်သူတွေကို လူ့အခွင့်အရေး ပညာပေးမှုလုပ်ဆောင်သလို လူ့အခွင့်အရေး လေးစားလိုက်နာဖို့ တာဝန်ရှိတဲ့သူတွေကြားထဲမှာ လူ့အခွင့်အရေးကို လေးစားပြီး၊ အမှန်တကယ် လိုက်နာကျင့်သုံးပြီး ပြည်သူတဦးတယောက်ချင်းစီရဲ့ အခွင့်အရေး ကာကွယ်ပေးဖို့အတွက်၊ မိမိကိုယ်တိုင်က ချိုးဖောက်သူတွေ မဖြစ်ဖို့အတွက် အထူးလုပ်ဆောင်နေလျက်ရှိပါတယ်” ဟု ဝန်ကြီးက ဆိုသည်။

အဆိုပါလှုပ်ရှားမှုများအတွင်း NUG လက်အောက်ခံ မြို့နယ်အလိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) များ၊ မြို့နယ်အလိုက် လူ့အခွင့်အရေးတာဝန်ခံများနှင့် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ခဲ့ကြပြီး အချို့သောဒေသများတွင်မူ လူထုသပိတ်ကော်မတီများမှလည်း ပါဝင်လှုပ်ရှားခဲ့ကြပါသည်။ ထို့အပြင် အာဏာသိမ်းစစ်ကောင်စီအား ခုခံတော်လှန်စစ် ဆင်နွှဲနေကြသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း၊ တပ်ဖွဲ့များအတွင်းတွင်လည်း လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်လှုပ်ရှားမှုများ ရှိခဲ့ပါသည်။ “လူ့အခွင့်အရေး ထွန်းကားစေ၊ တရားမျှတလွတ်လပ်မြေ” ဆိုသည့် ဆောင်ပုဒ်၏ အဓိပ္ပါယ်နှင့်ပတ်သက်ပြီး NUG ၏ လူ့အခွင့်အရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ယခုလို ရှင်းပြပါသည်။

“အကြမ်းဖက်စစ်တပ်ရဲ့ ဘယ်လောက်အထိ ယုတ်မာမှုတွေ ရှိနေရှိနေ ကျနော်တို့ရဲ့ အနာဂတ်ကို အလှပဆုံးမျှော်မှန်းတယ်၊ ကျနော်တို့ရဲ့ လှပတဲ့အနာဂတ်မှာ လူ့အခွင့်အရေးတွေ ထွန်းကားသလို တရားမျှတမှုတွေ ပြည့်ဝနေရမယ်။ တချိန်တည်းမှာ လွတ်လပ်မှုတွေ ဖုံးလွှမ်းပြီး လူသားတိုင်းလူသားတိုင်းက တန်းတူညီမျှတဲ့ လူ့အခွင့်အရေးကို ရရှိစေရမယ်၊ အဲဒီအနာဂတ်ကို ဖော်ဆောင်နိုင်မှုမရမချင်း လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်”

နိုင်ငံတဝှမ်း လူ့အခွင့်အရေး ချိုးဖောက်မှုများ

NUG ၏ လူ့အခွင့်အရေးဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် အောက်တိုဘာ တလတာအတွင်း အချက်အလက်အရ မြန်မာနိုင်ငံတဝှမ်းလုံးတွင် လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးအစား (၁၉) ခုဖြင့် စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ်ပေါင်း (၅၉၉) မှုအထိ ရှိခဲ့ပါသည်။ အဆိုပါအရေအတွက်သည် တိကျသေချာသော သတင်းအရင်းမြစ်များမှ ကောက်ယူထားသည့် အချက်အလက်များသာဖြစ်ပြီး မြေပြင်တွင် ယခုထက် ပိုများနိုင်သည်ဟုလည်း လူ့အခွင့်အရေးဝန်ကြီးဌာနက ဆိုပါသည်။ 1

တရားလက်လွတ်သတ်ဖြတ်မှု၊ နေအိမ်အဆောက်အအုံဖျက်ဆီးခံရမှု၊ အဓမ္မခိုင်းစေမှု၊ မတရားဖမ်းဆီးမှု၊ လွတ်လပ်စွာသွားလာခွင့် ကန့်သတ်ခံရမှု၊ အတင်းအကြပ် ရွေ့ပြောင်းခိုင်းမှု၊ ညှင်းပန်းနှိပ်စက်မှု၊ လွတ်လပ်စွာပြောဆိုခွင့်အပေါ် ချိုး‌ဖောက်မှု၊ ဘာသာရေးအဆောက်အအုံ ဖျက်ဆီးခံရမှု၊ မတရားထိန်းသိမ်းမှု၊ လူသားစာနာမှုအကူအညီများ တိုက်ခိုက်ခံရမှု၊ ကလေး စစ်သား စုဆောင်းခံရမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု၊ ကျန်းမာရေးဌာနများ တိုက်ခိုက်ခံရမှု၊ လူပျောက်ဆုံးစေမှု၊ ဘာသာရေးလွတ်လပ်ခွင့်အပေါ် ချိုးဖောက်မှု၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှု၊ မတရားသဖြင့် တရားရုံးတင်စစ်ဆေးမှုနှင့် အခြားသောချိုးဖောက်မှုများ ပါဝင်နေသည်။

အာအက်ဖ်အေသတင်းဌာန၏ အချက်အလက်အရ စစ်အာဏာသိမ်းချိန်မှစပြီး ၂၀၂၄ ခုနှစ် နိုဝင်ဘာလကုန်အထိ မြန်မာနိုင်ငံတဝှမ်းတွင် စစ်ကောင်စီတပ်၏ လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဘာသာရေးဆိုင်ရာ အဆောက်အအုံပေါင်း (၇၈၇) လုံးအထိ ထိခိုက်ပျက်စီးခဲ့ရပြီး စစ်ကိုင်းတိုင်းတွင် (၃၉၇) လုံး၊ ချင်းပြည်နယ်တွင် (၁၁၇) လုံး၊ ကရင်ပြည်နယ်တွင် (၈၄) လုံး၊ ရခိုင်ပြည်နယ်တွင် (၇၃) လုံး၊ မကွေးတိုင်းတွင် (၃၆) လုံး၊ ကရင်နီ (ကယား) ပြည်နယ်တွင် (၃၆) လုံး၊ ရှမ်းပြည်နယ်တွင် (၂၇) လုံး၊ တနင်္သာရီတိုင်းတွင် (၁၁) လုံး၊ ပဲခူးတိုင်းတွင် (၅) လုံးနှင့် ကချင်ပြည်နယ်တွင် (၁) လုံး အသီးသီး ထိခိုက်ပျက်စီးခဲ့ရသည်။ 2

စစ်အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ် မေလ ၁ ရက်မှ ၂၀၂၄ ခုနှစ် သြဂုတ်လ ၃၁ ရက်အထိ Data For Myanmar ၏ အချက်အလက်အရ မြန်မာနိုင်ငံတဝှမ်း စစ်ကောင်စီတပ်နှင့် စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားပြည်သူပိုင် နေအိမ်ပေါင်း (၁၀၁,၄၇၄) လုံး ပျက်စီးဆုံးရှုံးခဲ့ရပါသည်။ တိုင်းနှင့် ပြည်နယ်အလိုက် လေ့လာကြည့်ပါက စစ်ကိုင်းတိုင်းတွင် နေအိမ်ပေါင်း (၇၃,၃၅၁) လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး နေအိမ် မီးရှို့ဖျက်ဆီးခံရမှုအားလုံး၏ (၆၉) ရာခိုင်နှုန်းအထိ ရှိနေသည်ကို တွေ့ရပါသည်။ 3

မိမိတို့ BNI-Myanmar Peace Monitor ၏ မှတ်တမ်းအရ မြန်မာနိုင်ငံတဝှမ်းလုံးတွင် (၅) ဦးနှင့်အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုဖြစ်စဉ်ပေါင်း (၂၁၇) ခုရှိပြီး အဆိုပါဖြစ်စဉ်များအတွင်း အရပ်သားပြည်သူ (၂၀၉၇) ဦးအထိ သေဆုံးခဲ့ရပါသည်။ ထိုအထဲ အရပ်သားပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းကဲ့သို့သော အကြမ်းဖက်မှုဖြစ်စဉ်များနှင့် အရပ်သားပြည်သူများအား ပစ်မှတ်ထားကာ လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်များသည် ဖြစ်စဉ်အားလုံး၏ (၇၂) ရာခိုင်နှုန်းအထိ ရှိခဲ့ပါသည်။ ထို့အပြင် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသည့် ဖြစ်စဉ်များအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးမှု အများဆုံးဖြစ်ခဲ့ပါသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်မှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃ ရက်အတွင်း မြန်မာနိုင်ငံတဝှမ်း စစ်ကောင်စီတပ်၏ လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း (၁၇၁၉) ခုရှိခဲ့ပြီး ထိုဖြစ်စဉ်များ၏ (၄၇) ရာခိုင်နှုန်းသည် အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါသည်။ 4

ဆိုရသော် စစ်အာဏာသိမ်းကာလအတွင်း မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားပြည်သူလူထုတရပ်လုံး ရင်ဆိုင်ကြုံတွေ့နေရသည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများသည် ပုံသဏ္ဍာန်မျိုးစုံဖြင့် ရင်ဆိုင်ကြုံတွေ့နေရခြင်းဖြစ်သည်။ ထိုအတွက် တရားမျှတမှုရရှိရေးနှင့် ကျူးလွန်သူများအား တာဝန်ခံ၊ တာဝန်ယူစေရေးသည် မည်မျှအထိ အချိန်ကြာမြင့်ဦးမည်ကိုမူ တွေးဆရန်ပင် ခက်ခဲနေပါသည်။

သုံးသပ်တင်ပြချက်

၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်တွင် စတင်ခဲ့သည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ရေး (၁၆) ရက်တာလှုပ်ရှားမှုသည် ဆက်လက်လှုပ်ရှားသက်ဝင်နေရမည်ဖြစ်သည်။ ထို့အတူ “လူ့အခွင့်အရေး ထွန်းကားစေ၊ တရားမျှတလွတ်လပ်မြေ” ဆိုသည့် လူ့အခွင့်အရေးအထိမ်းအမှတ် လှုပ်ရှားမှုများသည်လည်း တနေ့တရက်၊ တပတ်ဆယ်ရက်သာ ပူးပေါင်းပါဝင်နိုင်သည့် လှုပ်ရှားမှုများမဖြစ်စေဘဲ တိုင်းရင်းသားပြည်သူတရပ်လုံး ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုအားလုံးအတွက် တရားမျှတမှုရရှိစေရေးအတွက် အစဉ်တစိုက် တိုက်ပွဲဝင်သွားကြရမည်ဖြစ်သည်။

NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်း တွေ့ရှိရသည့် လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း (၅၉၉) မှုသည် အာဏာသိမ်းစစ်အုပ်စုမှ ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု ဆိုပါသည်။ မိမိတို့ BNI-Myanmar Peace Monitor ၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုဆိုင်ရာ အချက်အလက်များကို လေ့လာကြည့်လျှင်လည်း ဖြစ်စဉ်များ၏ (၉၂) ရာခိုင်နှုန်းကျော်အား ကျူးလွန်သူသည် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ၎င်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ ဖြစ်နေသည်ကို တွေ့ရပါသည်။

ယခုအခါ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (ERO) များသည် နိုင်ငံတဝှမ်းတွင် မြို့ပေါင်း (၈၆) မြို့အထိ စစ်အုပ်စုထံမှ သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။ အလားတူ တောင်တန်း မြေပြန့်ဒေသအလိုက် ကျေးရွာပေါင်းများစွာတွင်လည်း စိုးမိုးထိန်းချုပ်လှုပ်ရှားနေနိုင်ပြီ ဖြစ်သည်။ တော်လှန်ရေးအင်အားစုများ စိုးမိုးထိန်းချုပ်ရာ နယ်မြေများအတွင်းလည်း လူ့အခွင့်အရေးများ ထွန်းကားစေပြီး တရားမျှတမှု၊ လွတ်လပ်မှုများ ဖြစ်တည်ပေါက်ဖွားစေရေးအတွက် အစဉ်တစိုက် ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်သည်။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို လက်ကိုင်ထားကြသည့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်လည်း မြန်မာနိုင်ငံအတွင်းရှိ ပုံသဏ္ဍန်မျိုးစုံဖြင့် ကျူးလွန်ခံနေရသည့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တရားမျှတမှုရရှိရေးနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ရပ်တန့်စေရေးအတွက် အလေးပေးစဉ်းစားသင့်ပြီဖြစ်သည်။ “Our Rights, Our Future, Right Now” ဆိုသည့် “၇၆” ကြိမ်မြောက် လူ့အခွင့်အရေးနေ့ ကြွေးကြော်သံသည် စစ်အာဏာသိမ်းမှုနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် မြန်မာပြည်သူလူထုအတွက်လည်း ထပ်တူဖြစ်ကြောင်း လက်တွေ့ကျစွာ ထောက်ကူပံ့ပိုးသင့်ပြီဖြစ်သည်ဟု သုံးသပ်တင်ပြအပ်ပါသည်။

1 ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း စုဆောင်းရရှိခဲ့သည့် အကြမ်းဖက်စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ Ministry of Human Rights ၊ ၂၉ နိုဝင်ဘာ ၂၀၂၄
2 ပစ်မှတ်ထား တိုက်ခိုက်ခံရမှုကြောင့် ပျက်စီးရတဲ့ ဘာသာရေးအဆောက်အအုံ ရှစ်ရာနီးပါးရှိလာ၊ အာအက်ဖ်အေ၊ ၂ ဒီဇင်ဘာ ၂၀၂၄
3 ပဋိပက္ခကာလအတွင်း အရပ်သားနေအိမ်များ မီးရှို့ဖျက်ဆီးခံရမှုအခြေအနေ၊ အစီရင်ခံစာအမှတ်စဉ် (၅)၊ Data For Myanmar၊ သြဂုတ်လ ၂၀၂၄
4 Military Junta’s Airstrikes in Myanmar: 1 Feb 2021 – 3 Dec 2024 , BNI-Myanmar Peace Monitor

Karen National Union (KNU)

Arakan National Council (ANC/AA)

All Burma Students’ Democratic Front (ABSDF)

Chin National Front (CNF/CNA)

Karen National Union (KNU)

Arakan National Council (ANC/AA)

All Burma Students’ Democratic Front (ABSDF)

Chin National Front (CNF/CNA)

Arakan Liberation Party/Army (ALP/ALA)

Democratic Karen Benevolent Army (DKBA)

Kachin Independence Army (KIO/KIA)

Karenni National Progressive Party (KNPP/KA)

Kuki National Organization (Burma)

Lahu Democratic Union (LDU)

Myanmar National Democratic Alliance Army (MNDAA)

National Democratic Alliance Army-Eastern Shan State (NDAA-ESS)

New Mon State Party (NMSP)

National Socialist Council of Nagaland-Khaplang (NSCN-K)

Pa-Oh National Liberation Organization (PNLO)

The Palaung State Liberation Front (PSLF/TNLA)

The Restoration Council of Shan State (RCSS/SSA – South)

Shan State Progress Party/Shan State Army (SSPP/SSA – North)

United League of Arakan/Arakan Army (ULA/AA)

UWSP/UWSA