21 ဇန်နဝါရီ 2025 /

See today's Peace Related News

ဘုတလင်၊ စီပါရွာဖြစ်စဉ်နှင့် နိုင်ငံတဝှမ်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုဖြစ်စဉ်များ

နိဒါန်း

“အရူးပုလ္လင်အတွက် ဘုတလင်လိုဖြစ်ရပ်တွေ ထပ်ရှိရဦးမှာလား …”။

ဘုတလင်မြို့နယ် စီပါရွာမှ အရပ်သားပြည်သူ (၆) ဦး ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရသည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြုလုပ်သည့် “No more inhumanity in Myanmar” ခေါင်းစဉ်ဖြင့် ဓာတ်ပုံကမ်ပိန်းလှုပ်ရှားမှုမှ ထိုသို့ မေးခွန်းထုတ်ထားပါသည်။

အာဏာသိမ်းစစ်ကောင်စီတပ်၏ လူမဆန်မှုများကို ပြည်သူလူထုတရပ်လုံးသာမက တော်လှန်ရေးအင်အားစုများကပါ မမေ့မလျော့ အမှတ်ရနေစေရန်နှင့် ယခုလိုလူသားမဆန်မှုများ ထပ်မံမဖြစ်ပွားစေရန်အတွက် တော်လှန်ရေးတာဝန်ကို အားသွန်ခွန်စိုက် ဆက်လက်ဆောင်ရွက်သွားနိုင်ကြစေရန်လည်း အသိပေးထားပါသည်။ 1

ယခုတပတ် BNI – Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် ဘုတလင်မြို့နယ် စီပါရွာ အရပ်သားပြည်သူများ ရက်စက်စွာသတ်ဖြတ်ခံရမှုနှင့် မြန်မာနိုင်ငံအနှံ့အပြား (၅) ဦးနှင့်အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသည့်ဖြစ်စဉ်များကို ဖြစ်စဉ်ဖြစ်ရပ်များ၊ အချက်အလက်များအခြေပြုကာ မှတ်တမ်းပြုတင်ပြသွားပါမည်။

စီပါရွာအတွင်း သတ်ဖြတ်ခံရမှု ဖြစ်စဉ်

ထိုနေ့က ဗုဒ္ဓဘာသာဝင်များအတွက် နေ့ထူးနေ့မြတ်ဖြစ်သော သီတင်းကျွတ်လပြည့်နေ့၊ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၇ ရက်။ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါရွာအတွင်း အရပ်သားပြည်သူ (၆) ဦး၏ ခန္ဓာကိုယ်များအား စစ်ကောင်စီတပ်သားများက အပိုင်းပိုင်းဖြတ်တောက်ကာ နေအိမ်ခြံစည်းရိုးများတွင် ချိတ်ဆွဲထားခဲ့သည်။ ဦးခေါင်း၊ လက်၊ ခြေ စသဖြင့် အပိုင်းအစများ၊ အရေပြားများ အနွှာခံထားရသည့် ခန္ဓာကိုယ်အရိုးစု၊ ဝမ်းဗိုက်အတွင်းမှ အစိတ်အပိုင်းများကို စိတ်နှလုံးမချမ်းမြေ့ဖွယ် မြင်တွေ့ရပါသည်။

ဓာတ်ပုံ – ဦးခေါင်း ၊ ခြေ၊ လက်များအား ချိတ်ဆွဲထားခဲ့သည့် ခြံစည်းရိုး

စီပါရွာထိပ်တွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေကြသည့် အသက် (၅၀) ဝန်းကျင်အရွယ် စီပါရွာသား ဦးရာစိန်နှင့် ဦးဌေးလွင်တို့နှင့်အတူ အခြားအမည်မသိ ရုပ်အလောင်းတို့အား တွေ့ရှိခဲ့ရပြီး စီပါရွာအလယ်ပိုင်းတွင်တော့ အသက် (၈၀) ကျော်အရွယ် ဦးတင်လှိုင်နှင့် အသက် (၄၀) ကျော်အရွယ် ဦးတက်အောင်နှင့် ဦးကြောင်ပိုတို့၏ ရုပ်အလောင်းများအား ရုပ်ပျက်ဆင်းပျက်၊ အပိုင်းပိုင်းအပြတ်ပြတ် တွေ့ရှိခဲ့ရသည်။ 2

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အ‌ရေးဆိုင်ရာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အောက်တိုဘာလ ၁၀ ရက်မှ ၂၀ ရက်အထိ (၁၁) ရက်တာအတွင်း စစ်ကောင်စီလက်အောက်ခံ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ အင်အား (၁၀ဝ) ကျော်ပါ စစ်ကြောင်းသည် ဘုတလင်မြို့နယ်အတွင်းရှိ ကျေးရွာများ၊ ရပ်ကွက်များအတွင်း ဝင်ရောက်စီးနင်းကာ နေအိမ်များ မီးရှို့ဖျက်ဆီးခြင်းနှင့် အရပ်သားပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည်။ ထို့အပြင် လေကြောင်းမှတဆင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုများလည်း ပြုလုပ်ခဲ့သည်။ အရပ်သားပြည်သူ (၂၄) ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရပြီး ထိုအထဲ ကလေးငယ် (၃) ဦး၊ အမျိုးသမီး (၃) ဦးနှင့် သက်ကြီးရွယ်အို (၁) ဦး ပါဝင်ခဲ့သည်။ 3

ဆက်စပ်ဖြစ်စဉ်များ

စစ်ကောင်စီလက်အောက်ခံ ခမရ – ၁၁ ၊ ခမရ – ၃၆၁ ၊ ခမရ -၇၀၈ နှင့် ပျူစောထီး ပူးပေါင်းစစ်ကြောင်းသည် စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် အနောက်ပိုင်းကျေးရွာများအား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်မှ မတ်လ ၃ ရက်အထိ (၁၂) ရက် စစ်ကြောင်းထိုးခဲ့ရာ အရပ်သားပြည်သူ (၁၁) ဦး ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရသည်။ ဦးခေါင်းဖြတ်ခြင်း၊ လည်လှီး ခြင်း၊ ကိုယ်အင်္ဂါအစိတ်အပိုင်းများ ဖြတ်တောက်ခြင်း၊ ဦးခေါင်းပုဆိန်ဖြင့် ထုခြင်း စသည့် ပုံစံမျိုးစုံဖြင့် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။ 4

၂၀၂၃ ခုနှစ် မတ်လ ၁ ရက်၊ စစ်ကောင်စီလက်အောက်ခံ တပ်မ (၉၉) စစ်ကြောင်းသည် စစ်ကိုင်းမြို့နယ် တာတိုင်းရွာအတွင်း ဝင်ရောက်စီးနင်းကာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ရဲဘော်မိုက်ကယ် (ခေါ်) ကိုကျော်ဇောကို ခန္ဓာကိုယ် အပိုင်းပိုင်းဖြတ်ကာ သတ်ဖြတ်ခဲ့သည်။ မတ်လ ၂ ရက်၊ တာတိုင်းရွာမှ စစ်ကြောင်းပြန်ထွက်ချိန်တွင် ဒေသခံအရပ်သားပြည်သူ (၁၆) ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ထိုအထဲ အသက် (၁၇) နှစ်မှ (၆၇) အရွယ် အမျိုးသား (၁၃) ဦးနှင့် အမျိုးသမီး (၃) ဦးတို့ ပါဝင်သည်။ စစ်ကောင်စီစစ်ကြောင်းမှ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည့် တာတိုင်းရွာခံ (၁၆) ဦးစလုံး သတ်ဖြတ်ခံခဲ့ရပြီး ရုပ်အလောင်းများကို တာတိုင်းရွာနှင့် မြင်းမူမြို့နယ် ညောင်ရင်းရွာ၊ ညောင်ရင်းကျွန်းတွင် မတ်လ (၂) ရက်က တွေ့ရှိခဲ့ရသည်။ ရုပ်အလောင်းများအား မျက်မြင်တွေ့ရှိခဲ့သူ၏အဆိုအရ အမျိုးသမီးရုပ်အလောင်းများသည် အဓမ္မပြုကျင့်ခံရပြီးမှ သတ်ဖြတ်ခံထားရသည့် ပုံစံဖြစ်နေသည်ဟု ဆိုပါသည်။ 5

၂၀၂၃ ခုနှစ် မတ်လ ၃၀ ရက်ကလည်း စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာအနီး စစ်ကိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အမှတ် (၁) တပ်ရင်း၊ ဒု-တပ်ရင်းမှူးဖြစ်သူ အသက် (၃၁) နှစ်အရွယ် ဗိုလ်ဆင်ရိုင်းအား စစ်‌ကောင်စီတပ်သားများက ခေါင်းဖြတ်သတ်ဖြတ်ခဲ့သလို ခြေ၊ လက်စသည့် ကိုယ်အင်္ဂါအစိတ်အပိုင်းများကို ဖြတ်တောက်ထားခဲ့သည်။ ဗိုလ်ဆင်ရိုင်းသည် မြောင်မြို့နယ် မီးသတ်တပ်ဖွဲ့ တပ်ကြပ်တစ်ဦးဖြစ်ခဲ့ပြီး စစ်အာဏာသိမ်းကာလအတွင်းတွင်မှ အကြမ်းမဖက် ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်လာခဲ့သူဖြစ်သည်။ 6

နိုင်ငံတဝှမ်း ၅ ဦးနှင့်အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသည့် ဖြစ်စဉ်များ

မိမိတို့ BNI-Myanmar Peace Monitor ၏ မှတ်တမ်းအရ ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၅ ရက်အတွင်း မြန်မာနိုင်ငံအနှံ့အပြား (၅) ဦးနှင့်အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသည့် ဖြစ်စဉ်‌ပေါင်း (၂၀ဝ) အထိ ရှိခဲ့ပါသည်။ ဖြစ်စဉ်များ၏ ၉၂ ရာခိုင်နှုန်း (၁၈၅ ခု) ကျော်ကို အာဏာသိမ်းစစ်ကောင်စီတပ်မှ ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး ဖြစ်စဉ် (၁၂) ခု (၆ ရာခိုင်နှုန်း) ကို အမည်မဖော်နိုင်သေးသည့် အစုအဖွဲ့များမှ ကျူးလွန်ခဲ့ပါသည်။ ဖြစ်စဉ် (၂) ခု (တစ်ရာခိုင်နှုန်း) ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF-LDF) မှ ကျူးလွန်ခဲ့ပြီး ဖြစ်စဉ် (၁) ခုကို အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်ဖွဲ့ (ARSA) က ကျူးလွန်ထားကြောင်း တွေ့ရှိရသည်။

ဖြစ်စဉ်များ၏ ၂၉ ရာခိုင်နှုန်း (၅၈ ခု) ကို စစ်ကိုင်းတိုင်းအတွင်းတွေ့ရှိရပြီး အဆိုပါဖြစ်စဉ်များအတွင်း အရပ်သားပြည်သူ ၆၄၅ ဦး သေဆုံးခဲ့ရကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု အများဆုံးဒေသဖြစ်ခဲ့သည်။ ရခိုင်ပြည်နယ်အတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသည့်ဖြစ်စဉ် (၃၀) ခုရှိခဲ့ပြီး အရပ်သားပြည်သူ (၃၆၇) သေဆုံးကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ဒုတိယအများဆုံးခံရသည့်ဒေသ ဖြစ်ခဲ့သည်။ ထို့နောက်တွင်မှ မန္တလေး၊ ရှမ်းမြောက်၊ မကွေးနှင့် ကချင်ဒေသ တစ်ခုချင်းစီတွင်လည်း (၅) ဦးနှင့်အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသည့် ဖြစ်စဉ်ပေါင်း (၁၀) ခုထက် မနည်း ရှိခဲ့ပါသည်။

၅ ဦးနှင့်အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသည့် ဖြစ်စဉ်များကို အချိန်ကာလအလိုက် လေ့လာကြည့်ပါက မိမိတို့၏ မှတ်တမ်းအရ ၂၀၂၂ ခုနှစ် ဧပြီလမှ ၂၀၂၄ ခုနှစ် အောက်တိုဘာလအထိ လပေါင်း (၃၁) လအတွင်း လစဉ်လတိုင်းတွင် အဆိုပါ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုဖြစ်စဉ်များကို အနည်းဆုံး (၁) ခုမှ အများဆုံး (၁၅) ခုအထိ တွေ့ရှိခဲ့ရပါသည်။ ထို့အပြင် လတစ်လတည်းတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသည့်ဖြစ်စဉ် (၁၀) ခုနှင့်အထက်ရှိခဲ့ပြီး လ (၆) လရှိခဲ့ကာ ထိုအထဲမှ လ (၅) လသည် ၂၀၂၄ ခုနှစ်ထဲတွင် ဖြစ်နေသည်ကို ထူးခြားစွာ တွေ့ရှိရပါသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလ (၂၅) ရက်အထိ နိုင်ငံတဝှမ်း (၅) ဦးနှင့်အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသည့် ဖြစ်စဉ်ပေါင်း (၉၄) ခုရှိခဲ့ပြီး ဖြစ်စဉ် (၂၀ဝ) ၏ ၅၀ ရာခိုင်နှုန်းနီးပါးရှိခဲ့ရာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လာနေသည်ဟု ရှုမြင်နိုင်ပါသည်။

သုံးသပ်တင်ပြချက်

အရပ်သားပြည်သူများအား အစုလိုက်အပြုံလိုက် ရက်စက်စွာသတ်ဖြတ်မှုများ ကျုးလွန်နေသော စစ်ကောင်စီတပ် စစ်ကြောင်းများကို ဒေသခံပြည်သူများကတော့ ကျားဘီလူးစစ်ကြောင်း၊ ဘီလူးစစ်ကြောင်း စသဖြင့် ပြောဆိုကြပါသည်။ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းများအား အပိုင်းပိုင်းဖြတ်တောက်ကာ ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးသတ်ဖြတ်ခဲ့ကြသည့် စစ်ကောင်စီတပ်သားများထံတွင် လူသားဆန်မှု၊ လူစိတ်ကင်းမဲ့နေကြကြောင်း ထင်ရှားနေသည်။

ဘုတလင်မြို့နယ် စီပါရွာဖြစ်စဉ်အပါအဝင် အခြားသော ရက်စက်စွာသတ်ဖြတ်ခဲ့ကြသည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များကို လေ့လာကြည့်ပါက စစ်ရေးပဋိပက္ခဖြစ်စဉ်များအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်ကျဆုံးမှု၊ အထိနာမှုကြီးမားသည့် ဖြစ်စဉ်များနှင့် တိုက်ရိုက်ဆက်စပ်နေပါသည်။

၂၀၂၄ ခုနှစ် စက်တင်ဘာ (၃၀) ရက်နေ့၊ စီပါရွာအနီးတိုက်ပွဲအတွင်း အင်အား (၈၀) ကျော်ပါ စစ်ကြောင်းတစ်ခုလုံးနီးပါး ပျက်သုဉ်းသွားသည်အထိ ကျရှုံးခဲ့ရသည်။ ထိုအထဲ စစ်ကောင်စီတပ်သား (၄၀) ကျော်ကို ဒေသတော်လှန်ရေးအဖွဲ့များက အရှင်ဖမ်းမိရရှိခဲ့သည်။ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) နှင့် မိုင် (၂၀) ခန့်သာကွာဝေးသည့် စီပါရွာအနီး တိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုများဘက်မှ ဘုတလင်၊ ယင်းမာပင်၊ ကနီ၊ ဒီပဲယင်းနှင့် အရာတော်မြို့နယ်အခြေစိုက် တော်လှန်‌ရေးအင်အားစုများ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါသည်။ သို့သော် တိုက်ပွဲအပြီး အာဏာသိမ်းစစ်ကောင်စီသည် ၎င်းတို့၏ လူသားဆန်မှုကင်းမဲ့သော စစ်ကြောင်းတစ်ခုကို ဘုတလင်မြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းစေလွှတ်ကာ တွေ့ရှိသမျှ ပြည်သူများအား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းနှင့် အရပ်သားပြည်သူနေအိမ်များအား မီးရှို့ခြင်းနှင့် လေကြောင်းမှတဆင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်စေခဲ့သည်ဟု ဆိုရပါမည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၎င်းတို့လက်လွှတ်ဆုံးရှုံးခဲ့ရသည့် မြို့များ ပြန်လည်ရရှိရေးနှင့် သတင်းရရှိမှုအခြေအနေပေါ်မူတည်ပြီး လိုအပ်သလို တုန့်ပြန်သွားမည်ဖြစ်ကြောင်း အတိအလင်းပြောဆိုထားပြီးဖြစ်သည်။

မြို့သိမ်းဖြစ်စဉ်များနှင့် စစ်အုပ်စုအား အထိနာစေသည့် စစ်ရေးလှုပ်ရှားမှုများသည် အာဏာသိမ်းစစ်အုပ်စုအား တုန်လှုပ်ခြောက်ခြားစေသော်လည်း စီပါရွာဖြစ်စဉ်ကဲ့သို့သော အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားတိုက်ခိုက်လာနိုင်ချေကိုလည်း တော်လှန်ရေးအင်အားစုများအနေဖြင့် အလေးအနက်ထား ထည့်သွင်းစဉ်းစားရန် လိုအပ်လာပြီဟု ရှုမြင်ရပါသည်။

ဘုတလင်မြို့နယ် စီပါရွာဖြစ်စဉ်အပါအဝင် အရပ်သားပြည်သူပေါင်း (၁၉၆၀) ဦးအထိ သေဆုံးခဲ့ရသည့် (၅) ဦးနှင့်အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသည့် ဖြစ်စဉ် (၂၀ဝ) အတွက် တရားမျှတမှုရရှိရေး ဆောင်ကျဉ်းပေးရန် အားထုတ်သင့်ပါသည်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကတော့ ခန္ဓာကိုယ်အစိတ်အပိုင်းများ ခုတ်ထစ်ခြင်း၊ ဦးခေါင်းများ ခြံစည်းရိုးတွင် ချိတ်ဆွဲထားခြင်းတို့ကို ရက်စက်စွာ ကျူးလွန်ခဲ့သည့် စစ်ကောင်စီတပ်သားများသည် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေသူများသာဖြစ်ပြီး ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ “ပြောင်းလဲလာသည့် ပတ်ဝန်းကျင်တွင် အမျိုးသမီးများ ငြိမ်းချမ်းရေးတည်ဆောက်ရေး” ခေါင်းစဉ်ဖြင့် တံခါးဖွင့်အစည်းအဝေးတွင် တင်ပြခဲ့သည်။

“No more inhumanity in Myanmar” ခေါင်းစဉ်ဖြင့် ဓာတ်ပုံကမ်ပိန်းလှုပ်ရှားမှုမှ “အရူးပုလ္လင်အတွက် ဘုတလင်လိုဖြစ်ရပ်တွေ ထပ်ရှိရဦးမှာလား” ဟူသည့် အမေးအတွက် တော်လှန်ရေးအင်အားစုများအပါအဝင် နိုင်ငံတကာအစိုးရများ၊ အဖွဲ့အစည်းများအနေဖြင့်လည်း အရေးတယူပြုသင့်ပြီဟု သုံးသပ်ရပါသည်။

1 ဘုတလင် စီပါရွာဖြစ်စဉ်ဟာ မြန်မာမှာ လူသားဆန်မှုမရှိတော့ဘူးဆိုတဲ့ ဓာတ်ပုံကမ်ပိန်းကို PIA ပြုလုပ် ၊ Public Voice Television ၊ ၂၇ အောက်တိုဘာ ၂၀၂၄
2 စီပါရွာမှ လူ့ငရဲ ၊ မြန်မာနောင်း၊ ၂၂ အောက်တိုဘာ ၂၀၂၄
3 ဘုတလင်မြို့နယ်အတွင်း အရပ်သားများကို သတ်ဖြတ်ခြင်း၊ လူသားဒိုင်းအဖြစ် စေခိုင်းခြင်းတို့သည် အကြမ်းဖက်စစ်အုပ်စု၏ စစ်ရေးနည်းဗျူဟာတရပ်အဖြစ် ကျူးလွန်ခြင်း ပေါ်လွင်ထင်ရှားကြောင်း ထုတ်ပြန်ချက်၊ NUG-MOHR၊ ၂၂ အောက်တိုဘာ ၂၀၂၄
4 တန့်ဆည်တွင် အရပ်သား ၁၁ ဦး အပိုင်းပိုင်းခုတ်သတ်ခံရ၊ မြန်မာနောင်း၊ ၆ မတ် ၂၀၂၄
5 တာတိုင်ရွာသတ်ဖြတ်မှုမှာ အမျိုးသမီးသုံးဦး အဓမ္မပြုကျင့်အသတ်ခံခဲ့ရ၊ အာအက်ဖ်အေ၊ ၆ မတ် ၂၀၂၄
6 စစ်ကိုင်းတိုင်းက စစ်ကောင်စီတပ်ရဲ့ နာမည်ကျော် ဘီလူးစစ်ကြောင်း၊ အာအက်ဖ်အေ၊ ၁၃ ဧပြီ ၂၀၂၄

Karen National Union (KNU)

Arakan National Council (ANC/AA)

All Burma Students’ Democratic Front (ABSDF)

Chin National Front (CNF/CNA)

Karen National Union (KNU)

Arakan National Council (ANC/AA)

All Burma Students’ Democratic Front (ABSDF)

Chin National Front (CNF/CNA)

Arakan Liberation Party/Army (ALP/ALA)

Democratic Karen Benevolent Army (DKBA)

Kachin Independence Army (KIO/KIA)

Karenni National Progressive Party (KNPP/KA)

Kuki National Organization (Burma)

Lahu Democratic Union (LDU)

Myanmar National Democratic Alliance Army (MNDAA)

National Democratic Alliance Army-Eastern Shan State (NDAA-ESS)

New Mon State Party (NMSP)

National Socialist Council of Nagaland-Khaplang (NSCN-K)

Pa-Oh National Liberation Organization (PNLO)

The Palaung State Liberation Front (PSLF/TNLA)

The Restoration Council of Shan State (RCSS/SSA – South)

Shan State Progress Party/Shan State Army (SSPP/SSA – North)

United League of Arakan/Arakan Army (ULA/AA)

UWSP/UWSA