၁၀ နိုဝင်ဘာ ၂၀၂၂
လွန်ခဲ့သည့် နိုဝင်ဘာ ၈ ရက် တစ်နေ့တည်းအတွင်း စစ်ကောင်စီတပ်နှင့် နေရာ (၅) ခုတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA) မှ သတင်းထုတ်ပြန်သည်။
နိုဝင်ဘာလ (၉) ရက် နေ့စွဲဖြင့် ထုတ်ပြန်သည့် ထုတ်ပြန်ချက်ထဲတွင် တိုက်ပွဲများသည် မင်းပြားမြို့နယ်၊ မောင်တောမြို့နယ်၊ ပလက်၀မြို့နယ်တို့တွင် တစ်ကြိမ်စီနှင့် အမ်းမြို့နယ်တွင် ၂ ကြိမ် ဖြစ်ပွားခဲ့သည်ဟု ဖော်ပြသည်။
နိုဝင်ဘာလ (၈) ရက်နေ့၊ နံနက် (၉) နာရီအချိန်တွင် မင်းပြားမြို့နယ်၊ ခေါင်းလောင်းချောင်းရွာ၏ အနောက်မြောက်ဖက် (၁.၆) ကီလိုမီတာ၌ တပ်မ (၅၅) လက်အောက်ခံ တပ်ဖွဲ့ဝင်များ၊ လက်နက်ခဲယမ်းများပါဝင်သော စစ်ကောင်စီ၏ စစ်သုံး ဇက်သင်္ဘော (၁) စီးနှင့် ၎င်းဇက်သင်္ဘောနှင့်အတူ လေကြောင်းမှ လုံခြုံရေးပါလာသော ရဟတ်ယာဉ် (၁) စီးအား နေရာ (၂) ခုမှ ဖြတ်တောက်တိုက်ခိုက်ခဲ့ကြောင်း၊ ဇက်သင်္ဘောအား ကြီးကြီးမားမား ထိရောက်မှုမရှိခဲ့သော်လည်း ဇက်သင်္ဘောပေါ်တွင်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထိခိုက်၊ သေဆုံးမှုရှိခဲ့ကြောင်း ဖော်ပြသည်။
အမ်းမြို့နယ်၊ ကဇူးကိုင်းရွာ၏ အနောက်တောင်ဖက် (၃.၁) ကီလိုမီတာအကွာသို အေအေတပ်ဖွဲ့များရှိသည့်နေရာသို့ စစ်ကောင်စီတပ်မှ ဝင်ရောက်လာသောကြောင့် နိုဝင်ဘာလ (၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၃၉) မိနစ်အချိန်တွင် (၄၅) မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။
နိုဝင်ဘာလ (၈) ရက်နေ့၊ နေ့လယ် (၂) နာရီ (၁၀) မိနစ်အချိန်တွင် မောင်တောမြို့နယ်၊ ဝက်ကျိန်း (မြို) ရွာ၏ အရှေ့မြောက်ဖက် ၉၉၇ မီတာအကွာ၌ စစ်ကောင်စီ၏ တပ်မ (၇၇) နှင့် ကြိမ်ချောင်း နခခ (၇) တို့ ပူးပေါင်းစစ်ကြောင်းသည် မိမိတို့တပ်ဖွဲဝင်များရှိရာနေရာသို့ ထိုးစစ်ဆင် တိုက်ခိုက်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုဆိုသည်။
အလားတူ နိုဝင်ဘာလ (၈) ရက်နေ့၊ ညနေ (၄) နာရီ (၃၅) မိနစ်အချိန်တွင် အမ်းမြို့နယ်၊ ဟင်းရွက်ရွာ၏ အရှေ့တောင်ဖက် ၅၇၅ မီတာအကွာ၌လည်း စစ်ကောင်စီ၏ ခမရ ၃၀၈ /၃၅၄ ပူးပေါင်းစစ်ကြောင်းနှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဖော်ပြသည်။
နိုဝင်ဘာလ (၈) ရက်နေ့၊ နေ့လယ် (၂) နာရီ (၃) မိနစ်အချိန်တွင် ပလက်ဝမြို့နယ်၊ ပကာဝရွာအနီး၌လည်း နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။
၎င်းပြင် စစ်ကောင်စီတပ်သည် ရန်သူသည် မြေပုံမြို့နယ်၊ ကြိုးကြာပြင်ကျေးရွာ၏မြောက်ဖက်၊ မီတာ (၈၀၀) ခန့်ရှိ ယိုးချောင်းဗျူဟာကုန်း နှင့် အမ်းမြို့နယ်၊ စွိချောင်းကျေးရွာ၏ အနောက်မြောက်ဖက်၊ မီတာ (၅၀၀) ခန့်အကွာအဝေး၌ရှိသော စွိချောင်းဗျူဟာကုန်းများမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။
အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က သေဆုံးသူ (၁၀) ဦးခန့်နှင့် ဒဏ်ရာရရှိသူအချို့ရှိခဲ့ပြီး ရန်သူ့စစ်အသုံးအဆောင်ပစ္စည်းအချို့၊ လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ရက္ခိုင့်တပ်တော်၊ သတင်းနှင့်ပြန်ကြားရေးမှ သတင်းထုတ်ပြန်ရာတွင် ဖော်ပြထားသည်။
ခိုင်လူလှ (ရိုးမမြေ) – ပေးပို့သည်။