မြန်မာပြည်သူများအပေါ် အကြမ်းဖက်မှုအမျိုးမျိုးကျူးလွန်နေသည့် စစ်ကောင်စီ၏လုပ်ရပ်များကို အားပေးထောက်ခံနေသော နိုင်ငံအချို့ကို သတိထားကြရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောဆိုလိုက်သည်။
မေလ ၅ ရက်နေ့က ပြုလုပ်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် မိန့်ခွန်းထဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးရည်မွန်က ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“အခုဆိုရင် မြန်မာ့အရေးဟာ ကမ္ဘာ့အခင်းအကျင်းနဲ့လည်း ဆက်စပ်လာတယ်။ ပြည်သူတွေရဲ့ဆန္ဒသဘောထားကို လျစ်လျူရှု့ပြီး မြန်မာပြည်အပေါ်ဩဇာလွှမ်းဖို့ ကိုယ်ကျိုးစီးပွားအမြတ်ထုတ်ဖို့ ကြံရွယ်ချက်နဲ့ စစ်ကောင်စီရဲ့ လူမဆန်မှုတွေကို လူမိုက်အားပေးလုပ်နေတဲ့ ပြည်ပနိုင်ငံတချို့ ရှိလာတယ်ဆိုတာကိုလည်း သတိကြီးကြီးထားရမယ်” ဝန်ကြီးဦးရည်မွန်က ပြောသည်။
ပြည်ပနိုင်ငံအချို့က စစ်ကောင်စီ၏အကြမ်းဖက်မှုများအပေါ် အားပေးထောက်ခံနေမှုတို့ကို ဂရုစိုက်မနေဘဲ တော်လှန်ရေးခရီးဆုံးသည်အထိ ဆက်ပြီးချီတက်သွားဖို့လိုသည်ဟု ဝန်ကြီးဦးရည်မွန်က ပြောသည်။
ဝန်ကြီးဦးရည်မွန်က “PDF တပ်မတော်အဖို့တော့ မရွဲ့မစောင်း ကိုယ့်လမ်းကြောင်းကို အားကောင်းမောင်းသန် ဆက်လက်ချီတက်ကြဖို့ပဲ ဖြစ်လိမ့်မယ်။ အင်းတော်အောင်ပွဲကိုပြန်ကြည့်ရင် တောင့်ခံနိုင်စွမ်းက အဆုံးအဖြတ်ဖြစ်ခဲ့တယ်။ PDF ရဲဘော်တစ်ဦးချင်းအနေနဲ့လည်း စိတ်ရှည်ဖို့၊ ဇွဲကောင်းဖို့ ဘယ်လိုအခက်အခဲမျိုးကြုံပါစေ ကြံ့ကြံ့ခိုင်ဖြတ်သန်းဖို့ လိုအပ်တယ်။ အင်းတော်အောင်ပွဲနည်းတူ တော်လှန်ရေးတစ်ခုလုံးရဲ့အောင်ပွဲကိုလည်း ငါတို့ရဲ့ တောင့်ခံနိုင်စွမ်းကပဲ အဆုံးအဖြတ်ပေးလိမ့်မယ်” ဟု ပြောသည်။
စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ NUG က ၂၀၂၁ ခုနှစ် မေလ ၅ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF ဖွဲ့စည်းတည်ထောင်ခဲ့သည့် ၄ နှစ်တာကာလအတွင်း မဟာမိတ်တပ်များနှင့် ပူးပေါင်းပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်ရှိသည့် စစ်ကောင်စီတပ်စခန်းများ၊ မြို့များကိုလည်း သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြသည့်အပြင် အုပ်ချုပ်ရေးလုပ်ငန်းများကိုလည်း အတိုင်းအတာတစ်ခုအထိ လုပ်ဆောင်နေကြပြီဖြစ်သည်။
လက်ရှိ မြေပြင်အခြေအနေများအရ တရုတ်၏ဖိအားပေးမှုများကြောင့် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ကိုးကန့် တပ်မတော် MNDAA က တိုက်ခိုက်သိမ်းပိုက်ထားသော လားရှိုးမြို့ကို စစ်ကောင်စီကို ပြန်ပြီးပေးလိုက်ရသည်။
အလားတူ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ကိုလည်း တရုတ်က ၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း သိမ်းပိုက်ထားသည့်မြို့များကနေ ပြန်လည်ဆုတ်ခွာပေးရန် ဖိအားပေးပြောဆိုမှုများ ရှိနေသည့်အပြင် ဆေးဝါးနှင့် ကုန်စည်သယ်ယူခွင့်တို့ကို ပိတ်ပြီး ပြည်သူလူထုခက်ခဲမှုရှိအောင် ဖိအားပေးလုပ်ဆောင်မှုများ ရှိနေသည်ဟု မေလ ၄ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် PSLF/TNLA က ပြောသည်။
NMG ပေးပို့သည်။