စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကျပ်အတည်းအမျိုးမျိုးအောက်တွင် ရှင်သန်ရပ်တည်ရေး ကြိုးပမ်းနေရသည့် သတင်းမီဒီယာများ၏ အခက်အခဲများကို တစုံတရာဖြေရှင်းနိုင်ရေး လွတ်လပ်သောတိုင်းရင်းသားမီဒီယာများက ညီလာခံတရပ်တွင် တိုင်ပင်ဆွေးနွေးခဲ့ကြသည်။
နိုင်ငံတကာမြန်မာသတင်းအဖွဲ့ (Burma News International – BNI) က ကြီးမှူးကျင်းပသည့် ၉ ကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံ (Ethnic Media Conference – EMC) ကို မြန်မာနိုင်ငံ၏ ပြင်ပတစ်နေရာတွင် ကျင်းပခဲ့ကြသည်။
BNI ၏ မန်နေဂျင်းဒါရိုက်တာ ဒေါ်တင်တင်ညိုက “ဒီနှစ်မှာ ကျမတို့က နိုင်ငံရေး၊လူမှုရေး၊ စီးပွားရေး အဖက်ဖက်ကနေပြီးတော့မှ ကျပ်တည်းမှုတွေဖြစ်လာတယ်။ တဖက်မှာလည်း စစ်ပွဲတွေက ပိုမိုပြင်းထန်လာတဲ့အနေအထားပေါ့နော်။ ပြီးရင်လူထုတွေကလည်း ပိုပြီးဒုက္ခရောက်လာတယ်။ ဒီလိုမျိုး အခြေအနေအောက်မှာပဲ သတင်းတွေ ဆက်ပြီးတော့ ရေးသားနိုင်ဖို့အတွက် လုပ်ဆောင်နေတဲ့အချိန်မှာ ငွေကြေးပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေကလည်း ပြတ်တောက်လာတယ်” ဟု ပြောသည်။
မေလ ၅ ရက်နေ့မှ မေ ၇ ရက်နေ့အထိ ကျင်းပခဲ့သည့် အဆိုပါညီလာခံတွင် “အကျပ်အတည်းအောက်မှ လွတ်လပ်သောမီဒီယာများ အသက်ရှင်ရပ်တည်နေမှု” (Independent Media Surviving Under Crisis) ခေါင်းစဉ်နှင့် လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများကြားမှ မီဒီယာလုပ်ငန်းများ ဆက်လက်ရပ်တည်နိုင်ရေး နည်းလမ်းများကို အဓိကထား ဆွေးနွေးခဲ့ကြသည်။
ဒေါ်တင်တင်ညိုက “ပြောရမယ်ဆိုရင် အကျပ်အတည်းပေါင်းစုံ တပြိုင်နက်ဝင်တဲ့အနေအထားမှာ ကျမတို့ မီဒီယာတွေက ဆက်လက်ရှင်သန်မယ်၊ ဆက်လက်ပြီးတော့ သတင်းမှန်တွေဖော်ထုတ်မယ်။ ပြီးတော့ ပြည်သူ လူထုတွေရဲ့အသံတွေကို ဖော်ထုတ်သွားမယ်ဆိုတဲ့အပိုင်းမျိုးကို ဒီအကျပ်အတည်းကြားက ဘယ်လို လုပ်လို့ရမလဲ ဆိုတာကို ကျမတို့အားလုံး ဝိုင်းဝန်းအဖြေရှာတယ်ဆိုတဲ့သဘောနဲ့ ဒီတစ်နှစ်မှာ ဒီခေါင်းစဉ်ကို ရွေးချယ်လိုက် တာပဲဖြစ်တယ်” ဟု ဆက်ပြောသည်။
ညီလာခံတွင် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများကြောင့် သတင်းမီဒီယာသမားများနှင့် မီဒီယာများ အပေါ် ခြိမ်းခြောက်မှုများရှိနေပြီး အထူးသဖြင့် ဘဏ္ဍာရေးပိုင်းမလုံလောက်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ခြိမ်းခြောက်မှုများက မြန်မာနိုင်ငံ၏နိုင်ငံရေးအရွေ့ကိုပါ ထိခိုက်စေနိုင်သည်ဟု BNI စီမံခန့်ခွဲရေးဒါရိုက်တာက ပြောသည်။
ဒေါ်တင်တင်ညို “ဒါတွေက ဘာကိုပြနေလဲဆိုရင် မြန်မာသတင်းမီဒီယာတွေ ပုံမှန်သတင်းတွေ ဆက်ထုတ်နိုင်ဖို့ အတွက် အကန့်သတ်တွေ အများကြီးဖြစ်သွားမယ်။ အကယ်၍ သူတို့သာ သတင်းတွေဆက်မထုတ်နိုင်တော့ဘူးဆိုရင် ပြည်သူလူထုတွေ သတင်းအမှန် မရတော့ဘူးဆိုရင် ကျမတို့နိုင်ငံရဲ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ပြည်သူလူထုအတွက် အကျိုးစီးပွားတွေကိုရှေးရှုတဲ့ ပြောင်းလဲမှုတစ်ခု ဖြစ်နိုင်ပါတော့မလားဆိုတဲ့ စိတ်ပူချက်တွေ ရှိတယ်။ အဲ့ဒါကလည်း ပြောရမယ်ဆိုရင်တော့ မြန်မာ့နိုင်ငံရေးအရွေ့တစ်ခုအတွက် ခြိမ်းခြောက်မှုတစ်ခုလို့လည်း ပြောလို့ရတယ်ပေါ့လေ” ဟု ပြောဆိုသည်။
ထို့အပြင် ယခုကဲ့သို့သော ခြိမ်းခြောက်မှုများအား အကျပ်တည်းကာလတွင် မီဒီယာဥပဒေများကို လက်ရှိနှင့် အနာဂတ်တွင် ဖြစ်ပေါ်လာမည့် ဖက်ဒရယ် ဒီမိုကရေစီစနစ်နှင့်အညီ ပြင်ဆင်ဖြည့်စွက်နိုင်ရန်လည်း တိုင်းရင်း မီဒီယာညီလာခံ EMC တွင် ဆွေးနွေးခဲ့ကြသည်။
လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) အတွင်းရေးမှူးဦးတိုးဇော်လတ် “အဓိက ပြောရမယ်ဆိုရင်တော့ တိုင်းရင်းမီဒီယာတွေက ဒီဥပဒေတွေအားလုံးက ဗဟိုနေပြီးတော ဗဟိုဦးစားပေးပြီတော့လုပ်ထားတဲ့ ရေးဆွဲထားတဲ့ ဥပဒေတွေဖြစ်တယ်။ နောက်တစ်ခုက မီဒီယာတွေကို လွတ်လပ်ဖွံ့ဖြိုးဖို့ဆိုတာထက် မီဒီယာကို ထိန်းချုပ်ဖို့ သဘောသက်ရောက်တယ်” ဟု ဆိုသည်။
ဆက်လက်ပြီး ဦးတိုးဇော်လတ်က “တကယ်လို့များ ဖက်ဒရယ်ယူနစ်တွေဖြစ်လာရင် ဘယ်လိုမျိုး အောက်ခြေကနေပြီးတော့မှ buttom up federalism ကို ပြောသလိုပါပဲ။ အောက်ခြေကနေ အပေါ်ကိုပြန်သွားမယ့် မီဒီယာဥပဒေဖြစ်သင့်လဲ၊ အထူးသဖြင့် တိုင်းရင်းသားလူမျိုး၊ ဒေသတွေကို ဘယ်လိုမျိုးအကျိုးရှိတဲ့ မီဒီယာဥပဒေ ဖြစ်သင့်လဲဆိုတာကို အဓိက ဦးစားပေးဆွေးနွေးကြတာပါပဲ” ဟု ပြောဆိုသည်။
ညီလာခံမှရရှိလာသည့် ဆွေးနွေးပွဲရလဒ်အနေဖြင့် အရည်အသွေးမြင့်မားသည့် သတင်းထုတ်လုပ်မှုများမှတဆင့် စာဖတ်ပရိသတ်များနှင့် ခိုင်မာစွာချိတ်ဆက်နိုင်ရေးအပြင် လူမှုကွန်ရက်စာမျက်နှာများကတဆင့် ဝင်ငွေရှာဖွေနိုင်ဖို့ နည်းလမ်းများကို ရရှိခဲ့ကြသည်ဟု ဆိုသည်။
ယခုနှစ်ကျင်းပပြုလုပ်သည့် တိုင်းရင်းမီဒီယာညီလာခံ EMC ကို ပြည်တွင်း၊ ပြည်ပအခြေစိုက် မီဒီယာ ၄၈ ဖွဲ့၊ အလှူရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် NGO အဖွဲ့အသီးသီးက ကိုယ်စားလှယ်ပေါင်း အယောက် ၁၃၀ ကျော် တက်ရောက်ခဲ့ကြသည်။
ပြီးခဲ့သည့် ၈ ကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံကိုလည်း ထိုင်းနယ်စပ်တစ်နေရာတွင် ပြုလုပ်ခဲ့ကြပြီး “ဖက်ဒရယ် မြန်မာနိုင်ငံသို့ ရှေးရှု့သောမီဒီယာ” ဆိုသည့် ခေါင်းစဉ်နှင့် ကျင်းပခဲ့ကြခြင်းဖြစ်သည်။
NMG ပေးပို့သည်။