လက်ရှိ မြန်မာ့နိုင်ငံရေးပါတီများမှာ နိုင်ငံအတွင်း လက်နက်ကိုင်အဖွဲ့အစည်းငယ်များလောက်ပင် ဩဇာတိက္ကမ မရှိဖြစ်နေသဖြင့် ဝိုင်းဝန်းအဖြေရှာရန်လိုအပ်ကြောင်း နိုင်ငံရေးပါတီတို့က ပြောဆိုသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဦးဆောင်သည့် နိုင်ငံရေးပါတီ ၃၂ ပါတီက မေ ၁၃ ရက်နေ့တွင် ပြုလုပ်သည့် အစည်းအဝေးပြီး ထုတ်ပြန်ချက်တွင် ထိုသို့ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။
“ လတ်တလော အခြေအနေအရ နိုင်ငံရေးပါတီများဟာ ချောက်တီးချောက်ချက် လက်နက်ကိုင်အဖွဲ့ငယ်များလောက်ပင် ဩဇာတိက္ကမ နည်းပါးသလိုဖြစ်နေပြီး နိုင်ငံရေးပါတီများက နိုင်ငံတော်နှင့်အတူ ဝိုင်းဝန်းအဖြေရှာ ဖြေရှင်းဖို့လိုတယ်” ဟု အဆိုပါထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ယင်းပါတီအစုအဖွဲ့ထုတ်ပြန်ချက်တွင် စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲသည်သာလျှင် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို အရောက်လှမ်းနိုင်မည့် တစ်ခုသောလမ်းကြောင်းဖြစ်သည်ဟုဆိုကာ ရွေးကောက်ပွဲ ဖြစ်မြောက်စေရန် နိုင်ငံသားတိုင်း ဝိုင်းဝန်းကြိုးပမ်းရမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်ကို တွေ့ရသည်။
ယင်းအပြင် ပါတီတိုင်းသည် နိုင်ငံတော်ကို ကိုယ်စားပြုရမည်ဖြစ်ပြီး နိုင်ငံအရေးသည် ပါတီအရေးဖြစ်၍ ဝိုင်းဝန်းကူညီခြင်းဖြင့် ပါတီအခန်းကဏ္ဍကို မြှင့်တင်ရန် ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ရခိုင်ပါတီများအနေဖြင့် ဒေါက်တာအေးမောင်ဦးဆောင်သည့် ရခိုင်ဦးဆောင်ပါတီနှင့် ဦးစံသာအောင် ဦးဆောင်သည့် မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီတို့ ပါဝင်ကြောင်း တွေ့ရသည်။
ဝါရင့်နိုင်ငံရေးသမားဦးဖေသန်းက စစ်ကောင်စီ ရွေးကောက်ပွဲကို ပါဝင်ခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံဘောင်ထဲတွင် ပိတ်မိပြီး စစ်ကောင်စီ၏ အသုံးချခံဖြစ်နေကြောင်း သုံးသပ်ပြောပါသည်။
“ ပါတီတွေရဲ့ အခန်းကဏ္ဍက ဒီအချိန်မှာ ဘယ်လိုမှမရှိပါဘူး။ စစ်ကောင်စီက အသုံးချဖို့အတွက် ယန္တရားတစ်ခု တည်ဆောက်ပေးထားသလောက်ပဲ ဖြစ်သွားပါလိမ့်မယ်။ ၂၀၀၈ ဖွဲ့စည်းပုံအောက်ကို ပြန်ရောက်သွားဖို့အတွက် အားပြုပြီးလုပ်ရင် ဘာမှ ထူးမှာမဟုတ်ပါဘူး။ ကျနော်တို့ လိုချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ဘယ်တော့မှ ရောက်မှာမဟုတ်ပါဘူး။ ဒါကြောင့် ပါတီကဏ္ဍကတော့ မှေးမှိန်နေပါတယ်။ အတိုက်အခံကလည်း မရှိပါဘူး” ဟု ဦးဖေသန်းက သုံးသပ်သည်။
လက်ရှိအချိန်ထိ စစ်ကောင်စီ၏ ရွေးကောက်ပွဲတွင် ပါဝင်ခွင့်ရသည့် နိုင်ငံရေးပါတီပေါင်း ၅၆ ခု ရှိပြီဟုဆိုသည်။
မြန်မာနိုင်ငံရေး အကျပ်အတည်းများကြားတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့မှာ လူမျိုးရေး အစွဲပြုပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပြိုကွဲရေးကို ဦးတည်ဆောင်ရွက်နေကြောင်း စစ်ကောင်စီလက်ဝေခံ နိုင်ငံရေးပါတီအစုအဖွဲ့က အပြစ်ဆိုထားသည်။
အရပ်သားပစ်မှတ်များကို တိုက်ခိုက်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်နေသည့် စစ်ကောင်စီက စီစဉ်ကျင်းပမည့် ရွေးကောက်ပွဲကို မျှော်လင့်တကြီးစောင့်ဆိုင်းနေသည့် နိုင်ငံရေးပါတီများသည်လည်း စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှု အကြမ်းဖက်လုပ်ရပ်များကို အားပေးနေခြင်းဖြစ်သည်ဟု ဝေဖန်ပြောဆိုမှုများ မြင့်တက်လျက်ရှိနေသည်။
အောင်ထိန် (DMG) ပေးပို့သည်။