MNDAA ထိန်းချုပ်ဒေသတွင် အမြဲတမ်းနေထိုင်ခွင့်အတွက် ရင်းနှီးမြှုပ်နှံမှုများဖြင့် ဆွဲဆောင်နေ

By MPM 13 မေ, 2025 👁

သျှမ်းပြည် လောက်ကိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA က အထူးဒေသ – ၁ အတွင်း အမြဲတမ်းနေထိုင်ခွင့် ပေးအပ်ခြင်းဖြင့် ရင်းနှီးမြှုပ်နှံသူများကို စည်းရုံးဆွဲဆောင်နေကြောင်း ဒေသခံတို့ထံမှ စုံစမ်းသိရသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA သည် စစ်ကောင်စီနှင့် တရားဝင် အပစ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ထိုးပြီးနောက် ၎င်းထိန်းချုပ်ထားသည့် လောက်ကိုင်မြို့တွင် ဇန်နဝါရီလနှောင်းပိုင်းမှ စတင်ပြီး မြို့ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ရင်းနှီးမြှုပ်နှံသူများကို အထူးဒေသ – ၁ အတွင်း အမြဲတမ်းနေထိုင်ခွင့် ပေးအပ်ခြင်းဖြင့် စည်းရုံးဆွဲဆောင်နေသည်ဟု ဒေသခံများက ပြောသည်။

“ လောက်ကိုင်မှာ အိမ်ခြံမြေဝယ်ထားပြီး စစ်ပွဲအတွင်း ထွက်ပြေးသွားတဲ့လူတွေကို ပြန်ခေါ်ချင်တာ။ ပြည်မတရုတ်တွေ အိမ်လာဝယ်ကြတာရှိတော့ သူတို့အတွက် အခွင့်အရေးတစ်ခုလို ဖြစ်လာနိုင်တယ်။ အစပိုင်းတော့ အရင်းအနှီးထည့်သလိုနဲ့ ဘယ်လိုစည်းကမ်း သတ်မှတ်ချက်နဲ့ ရေရှည်နေထိုင်ခွင့် ပေးမလဲတော့ မပြောတတ်သေးဘူး” ဟု လောက်ကိုင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA သတ်မှတ်ထားသည့် အထူးဒေသ – ၁ တွင် နေထိုင်သူမဟုတ်ဘဲ ပြင်ပမှ လာရောက်သူများလည်း အမြဲတမ်းနေထိုင်ခွင့် လုပ်ဆောင်ခြင်းနှင့် ပတ်သက်၍ စည်းကမ်းသတ်မှတ်ချက်နှင့် ကိုက်ညီသူများကို အထူးဒေသ – ၁ အိမ်ထောင်စုစာရင်းနှင့် သက်သေခံအထောက်အထား လျှောက်ထားနိုင်ကြောင်း ဒေသခံများက ပြောဆိုသည်။

ထို့အပြင် အခြားဒေသမှ လောက်ကိုင်မြို့နယ်သို့ ၈ နှစ်နှင့်အထက် ပြောင်းရွှေ့နေထိုင်ပြီး စီးပွားရေးလုပ်ဆောင်နေသူ၊ ပြစ်မှုမှတ်တမ်းမရှိသူများလည်း အထူးဒေသ-၁ အိမ်ထောင်စုစာရင်းနှင့် သက်သေခံအထောက်အထားများ ရယူနိုင်သည်ဟု ဆိုသည်။

အလားတူ ကိုးကန့်တပ်ဖွဲ့အတွင်း စစ်မှုထမ်းဖူးသူ သို့မဟုတ် MNDAA လက်အောက်ရှိ ဌာနဆိုင်ရာများတွင် သုံးနှစ်အထက် တာဝန်ထမ်းဆောင်ဖူးသူ၊ MNDAA ခန့်ထားသည့် လုပ်သက် နှစ်နှစ်အထက် ကျွမ်းကျင်ပညာရှင်များလည်း အထူးဒေသ-၁ အိမ်ထောင်စုစာရင်း လျှောက်ထားနိုင်သည်ဟု သိရသည်။

“ အဓိကတော့ လောက်ကိုင်မှာ မြေဝယ်ထားတဲ့တရုတ်တွေကို တခြားနေရာ မထွက်သွားအောင် ဆွဲထားချင်တာ။ တရုတ်ယွမ် ၅ သိန်း ရင်းနှီးမြှုပ်နှံရင် လုပ်ကွက်တွေချပေးမယ် ဆိုတာမျိုး စည်းရုံးနေတာ။ အိမ်ထောင်စုစာရင်း ကတော့ ဒေသခံလိုမျိုး ဒီကထုတ်ပေးတဲ့ဟာပဲ၊ လဝကဘက်က ထုတ်ပေးတာတော့ မဟုတ်သေးဘူး” ဟု ယင်းဒေသခံအမျိုးသားက ဆက်ပြောသည်။

ယမန်နှစ် ၂၀၂၄ ဇွန်လမှ စတင်ပြီး MNDAA ထိန်းချုပ် လောက်ကိုင်မြို့သို့ အလုပ်လုပ်ရန် ရွှေ့ပြောင်း ရောက်ရှိလာသူ အားလုံးကို ယာယီနေထိုင်ခွင့်ကတ်ပြုလုပ်ရန် ကိုးကန့်အထူးဒေသ – ၁ ရဲတပ်ဖွဲ့မှ ညွှန်ကြားခဲ့သည်။

ယာယီနေထိုင်ခွင့်စာအုပ်ကို MNDAA ထံ သွားရောက်ပြုလုပ်ပါက မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းလိုအပ်ပြီး ၃ လ၊ ၆ လ နှင့် တစ်နှစ်စာ နေထိုင်ခွင့်အတွက် တရုတ်ယွမ်ငွေ ၁၈၀၊ ၂၇၀ နှင့် ၃၉၀ (မြန်မာကျပ်ငွေ ကာလပေါက်ဈေး တစ်သိန်းကျော်မှ နှစ်သိန်းခွဲခန့်) အသီးသီး ပေးဆောင်ရကြောင်း လောက်ကိုင်မြို့ရောက် ရွှေ့ပြောင်းအလုပ်သမားများထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းမှစတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ရာ လောက်ကိုင်မြို့သို့ အလုပ်လုပ်ရန် သွားရောက်သူများကို လောက်ကိုင်မြို့နေအိမ်ရှင် သို့မဟုတ် အလုပ်ရှင်ထောက်ခံချက်ပါမှသာ ဝင်ခွင့်ပြုပြီး ယခင်က ရောက်ရှိနေသူများထဲ နေထိုင်ခွင့်ကတ် ပြုလုပ်ခြင်းမရှိသူများကို MNDAA မှ ဖမ်းဆီးကာ လားရှိုးမြို့ ဘက်သို့ ပြန်လည်ပို့ဆောင်နေသည်ဟု ဒေသခံများက ပြောဆိုကြသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။