စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်အစပ်ရှိမြို့များ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ခံနေရ

By MPM 10 မေ, 2025 👁

စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်တွင်ရှိသည့် မြို့များကို စစ်ကောင်စီတပ်က ပြီးခဲ့သည့် ဧပြီ ဒုတိယပတ်ကစတင်ပြီး လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်မှုကို ဆက်တိုက်လုပ်နေသည်ဟု အဆိုပါဒေသတဝိုက်ရှိ စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၇ ရက်နေ့က အင်းတော်မြို့ကို စစ်ကောင်စီတပ်က လက်လွှတ်လိုက်ရပြီးနောက်တွင် ယခုကဲ့သို့ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်လာခြင်းဖြစ်ကြောင်း ၎င်းတို့ကပြောသည်။

စစ်ကောင်စီတပ်သည် စစ်ကိုင်းနှင့် ကချင်အစပ်ရှိ ထီးချိုင့်၊ ကောလင်း၊ ဝန်းသိုနှင့် ပင်လည်ဘူးဒေသများကို ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်နေ့ကစ၍ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်ခဲ့ခြင်းဖြစ်ပြီး မှတ်တမ်းပြုစုထားသည့် စာရင်းများအရ ၂၃ ကြိမ်ထက်မနည်း လေကြောင်းတိုက်ခိုက်ခဲ့သည်ကို တွေ့ရသည်။

အထူးသဖြင့် ကောလင်းဒေသကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ပြီး အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် သေဆုံးသူ ၁၀ ဦးထက်မနည်းရှိခဲ့သလို လေကြောင်းတိုက်ခိုက်ရာတွင် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် အရပ်သားနေအိမ်တို့ကို အဓိက ပစ်မှတ်ထားတိုက်ခိုက်ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ထိုအခြေအနေကြောင့် ကချင်နှင့် စစ်ကိုင်းအစပ်က ဒေသခံများအနေဖြင့် လေကြောင်းအန္တရာယ်ကို သတိထားရန်လိုကြောင်း ဗိုလ်မှူးကြီးနော်ဘူက သတိပေးပြောဆိုသည်။

“အဲဒီဘက်က တိုက်ပွဲ ရှိတာ၊မရှိတာ ဘာမှမဆိုင်ဘူး။ တိုက်ပွဲနယ်မြေလို့ သတ်မှတ်ထားပြီဖြစ်တဲ့အတွက် ပြည်သူတွေနေတဲ့နေရာတွေမှာလည်း ပစ်တယ်။ ရွာတွေမှာလည်း ပစ်တယ်။ ဒါ့ကြောင့် အဲဒီဘက်မှာတော့ တိုက်ပွဲမရှိရင်လည်း လေယာဉ်တွေနဲ့ ပစ်ပစ်နေတာ၊ သတင်းတစ်ခုရတာနဲ့ ပစ်တဲ့အခြေအနေဆိုတော့ အဲဒီ နေရာတွေမှာတော့ သတိထားရမယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ကချင်နှင့် စစ်ကိုင်းအစပ်တွင် လက်တလော၌ တိုက်ပွဲအနည်းအကျဥ်းသာရှိသော်လည်း လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ရှိနေသည်ဟုလည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

“တိုက်ပွဲအခြေနေကို အသေးစိတ်တော့မသိရဘူး။ ဒါပေမယ့် လက်ရှိတော့ တိုက်ပွဲတွေအနည်းအကျဥ်း ဖြစ်နေမှာပေါ့။ တိုက်ပွဲရှိမရှိ ဘာမှမဆိုင်ဘူး အချိန်ပြည့်ပစ်နေတယ်” ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

စစ်ကောင်စီတပ်က လူသားမျိုးနွယ်များအပေါ် အမျိုးမျိုးသော ရာဇဝတ်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်နေဆဲဖြစ်ကြောင်းနှင့် ပြီးခဲ့သည့် ဧပြီလတစ်လအတွင်းမှာပင် အမျိုးသမီး ၇၁ ဦးအထိ သေဆုံးခဲ့ရကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ BWU က မေလ ၇ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုကို ဆက်တိုက်ကျူးလွန်နေသည့် စစ်ကောင်စီတပ်က ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းနှင့် မန္တလေးမြို့တို့ကို ဗဟိုပြုလှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ဒဏ်ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများလုပ်ကိုင်ရန်ဟုဆိုပြီး မေလကုန်အထိ နိုင်ငံတဝှမ်းအပစ်ရပ်ကြောင်း ကြေညာထားသည်။

အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့သည့် မတ်လ ၂၈ ရက်နေ့ကနေ မေလ ၂ ရက်နေ့အထိ စစ်ကောင်စီက နိုင်ငံတဝှမ်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၈၀ ကျော်ပြုလုပ်ခဲ့ရာ အရပ်သား ၂၇၆ ဦး သေဆုံးခဲ့ရပြီး ၄၅၆ ဦး ဒဏ်ရာရခဲ့သည်ဟု အမျိုးသားညီညွှတ်ရေးအစိုးရ NUG က ထုတ်ပြန်ထားသည်။

KNG ပေးပို့သည်။