ပုလောမြို့မရဲစခန်းကို အလစ်ငိုက် ဝင်ရောက်တိုက်ခိုက်၊ ဒု-ရဲအုပ်အပါအဝင် ၂ ဦးသေဆုံး

By MPM 10 မေ, 2025 👁

တနင်္သာရီတိုင်း၊ ပုလောမြို့ရှိ ပုလောမြို့မရဲစခန်းကို အလစ်ငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ဒုရဲအုပ်အပါအဝင် ရဲတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မြိတ်ခရိုင်တပ်ရင်း (၁) က ပြောဆိုသည်။

မေလ ၉ ရက်နေ့ မနက် ၆ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပုလောမြို့မရဲစခန်းကို အလစ်ငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ၌ နှစ်ဖက်ကြား အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ယင်းသို့တိုက်ခိုက်မှုအတွင်း ဒုရဲအုပ်တစ်ဦးနှင့် ရဲတပ်သားတစ်ဦး သေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု မြိတ်ခရိုင်တပ်ရင်း (၁) ပြန်ကြားရေးတာဝန်ခံက ပြောသည်။

နှစ်ဖက်ပစ်ခတ်မှုအတွင်း စစ်ကောင်စီထံကနေ သေနတ် တစ်လက်၊ ကျည်အတောင့် ၂၀၀ အပါအဝင် ဆက်စပ်ပစ္စည်းတချို့ သိမ်းဆည်းရမိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ပုလောအခြေစိုက် စစ်ကောင်စီ အမှတ် ၂၈၅ ခြေလျင်တပ်ရင်းကနေ စပူပြင်ကျေးရွာထဲ လက်နက်ကြီး ပစ်ခတ်ခဲ့သည့်အတွက် ဒေသခံပြည်သူများ ယာယီတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

ယင်းနောက် စစ်ကောင်စီတပ်နှင့် ရဲအင်အား ၅၀ ခန့်သည် အောက်ပေါင်းကျေးရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဒေသခံများထဲမှ အသက် ၂၀ ကနေ ၄၀ နှစ်ကြားရှိ အမျိုးသား ၅ ဦးကို ဖမ်းဆီးသွားပြီးနောက် ပြန်မလွတ်လာသေးကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် မေ ၆ ရက်နေ့ကလည်း ပုလောမြို့ အမှတ် (၂) ရပ်ကွက်ရှိ အရက်ဆိုင်တွင် အရက်ထိုင်သောက်နေသော စစ်ကောင်စီလက်အောက် ပြည်သူ့စစ်အဖွဲ့ဝင် ၃ ဦး ပစ်ခတ်ခဲ့ရတာကြောင့် သေဆုံးခဲ့သည်။

သံလွင်တိုင်းမ် ပေးပို့သည်။