ရွှေ နှင့် ပယင်း အသေးစားလုပ်ကိုင် တူးဖော်ခွင့်ပေးရန် အစိုးရထံ တောင်းဆို

0
375

တနိုင်း နှင့် ဖားကန့် နှစ်မြို့နယ်ရှိ ရွှေမှော်နှင့် ပယင်းမှော်များတွင် အသေးစားလုပ်ကိုင် တူးဖော်ခွင့် အစိုးရမှ အမြန်ဆုံးခွင့်ပြုပေးရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး နိုင်ငံတော် သမ္မတထံသို့ စာရေး တောင်းဆိုထားသည်ဟု သိရပါသည်။

စက်တင်ဘာ ၁၇ ရက်နေ့ ရက်စွဲဖြင့် တနိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦး နှင့် ဖားကန့် လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးတို့ ၂ ဦး တင်ပြခဲ့ခြင်း ဖြစ်ပါသည်။

တနိုင်းမြို့နယ်အတွင်းရှိ ရွှေနှင့် ပယင်းထွက်ရှိရာ ဒေသများဖြစ်သော Nambyu (နန့်ဖြူ)၊ Chyahkya Tu Kawng (ဇီးဖြူကုန်း)၊ Tung Mani (တုံမဏီ)တို့သည် ယခင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေဖြစ်သော်လည်း ယခုအခါ တပ်မတော်မှ ထိန်းချုပ်ထားပြီဖြစ်သောကြောင့် သက်ဆိုင်ရာအစိုးရမှ တရားဝင် သတ္ထု ဥပဒေနှင့်အညီ အသေးစား လုပ်ကိုင်တူးဖော်ခွင့် ပေးရန် ပြည်ထောင်စုအစိုးရကို အဆိုတင်ထားကြောင်း တနိုင်းလွှတ်တော်ကိုယ်စားလှယ် ဦး လင်းလင်းဦး ကချင်သတင်းဌာန KNG ကို ယခုလို ပြောဆိုသည်။

“တပ်မတော်ကနေ ရွှေမှော်၊ ပယင်းမှော်များကို နယ်မြေရှင်းလင်းရေးဆိုပြီး မှော်များကို စိုးမိုးထားပြီဖြစ်တယ်။ ဒီနေရတွေက ဥပဒေလမ်းကြောင်းနဲ့ဆို တနိုင်တပိုင် အသေးစားလုပ်ကိုင်စားသောက်ရာ နေရာတွေဖြစ်တယ်။ အကွက်တွေချပေးရတော့မယ်။ ဒါဟာအစိုးရရဲ့တာဝန်ဖြစ်တယ်။”

နိုင်ငံတော်၏ သဘာဝ သယံဇာတနစ်နာမှုမရှိစေရန် နှင့် ပြည်သူများ၏ အလုပ်လက်မဲ့လျှော့ပါး စေပြီး နိုင်ငံတော်အခွန်များ ရရှိလာစေရန် ဟူသောအချက်များဖြင့် တောင်းဆိုထားသည်ဟု ပြောပါသည်။

ယခုအခါ အစိုးရမှ ရွှေမှော်၊ ပယင်းမှော်များကို ပိတ်ပင် ထားသော်လည်း တရားမဝင်တူးဖော်မှုများ ရှိနေသောကြောင့် အများပြည်သူများကိုလည်း တရားဝင် လုပ်ကိုင်ခွင့်ပြုပေးရန် သက်ဆိုင်ရာ အစိုးရထံ တောင်းဆိုခြင်းဖြစ်သည်ဟု ဦး လင်းလင်းဦး မှ သိရပါသည်။

တနိုင်းမြို့နယ်အတွင်း ရွှေမှော် နှင့် ပယင်းမှော်ဒေသများတွင် နယ်မြေ ရှင်းလင်းရေး ပြုလုပ်သွားမည်ဖြစ်သောကြောင့် ထိုဒေသရှိ ပြည်သူများအားလုံးကို ထွက်ခွာသွားရန် တပ်မတော်မှ ၂၀၁၇ ဇွန်လတွင် လေယာဉ်မှ သတိပေးစာများ ကျဲချခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here