28 March 2024 /

See today's Peace Related News

ဝါရှင်တန်တက္ကသိုလ်၏ ROUX ဆု ဒေါက်တာ စင်သီယာမောင်အား ချီးမြှင့်

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ပြည်နယ် Seattle မြို့၊ Washington တက္ကသိုလ်မှ ၂ဝ၁၈ ခုနှစ်အတွက် ပေးအပ်သည့် Roux Prize (ဆု)ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ရှိ မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာစင်သီယာမောင်အား စက်တင်ဘာ ၂၆ ရက် (ယမန်နေ့)က ချီးမြှင့်လိုက်ကြောင်း သိရသည်။

ဒေါက်တာ စင်သီယာမောင်သည် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းနေထိုင်သူများနှင့် မြန်မာနိုင်ငံအနှံ့ အပြားမှ ကျန်းမာရေး လာရောက်ပြသသူများကို မဲဆောက်မြို့တွင် မယ်တော်ဆေးခန်းကို ဖွင့်လှစ်ကာ ဆေးကုသမှုပေးရာတွင် ကျန်းမာရေးဆိုင်ရာသတင်းအချက်လက်စီမံခန့်ခွဲခြင်း ရလဒ်ကောင်းမွန်မှုအပေါ်အခြေခံပြီး ဆုချီးမြှင့်ခံရခြင်းဖြစ်သည်ဟု ဆေးခန်း၏ စီမံခန့်ခွဲမှု လက်ထောက်ဒါရိုက်တာ နော်အဲနီက ပြောသည်။

၎င်းက “ကျန်းမာရေးနဲ့ဆိုင်တဲ့ သတင်းအချက်အလက် စီမံခန့်ခွဲမှုရလဒ်ကြောင့် ဆရာမကို ဆုပေးတာပေါ့နော်။ ကျန်းမာရေး ကဏ္ဍတွေ လုပ်ဆောင်တဲ့အခါမှာ လူမှုအသိုင်းအဝိုင်းတွေဆီကနေ ကောင်းမွန်တဲ့ရလဒ်ရရှိတဲ့အတွက် ဆုရခဲ့တာပါ။” ဟု ယနေ့ (စက်တင်ဘာ ၂၇ရက်) ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ဆုကြေးငွေအဖြစ် ပေးအပ်ချီးမြှင့်သည့် အမေရိကန် ဒေါ်လာတစ်သိန်းကို ဒေါက်တာ စင်သီယာမောင်ကိုယ်တိုင် တက်ရောက် လက်ခံရယူခဲ့ပြီး ၎င်းဆု ချီးမြှင့်ခံရသည့်အပေါ် မယ်တော်ဆေးခန်း၏ ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်း များအတွက် အထောက်အကူပြုစေသည်ဟုလည်း နော်အဲနီက ဆက်ပြောသည်။

ဝါရှင်တန်တက္ကသိုလ်မှ ၂ဝ၁၃ ခုနှစ်တွင် Roux Price (ဆု)အဖွဲ့ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လူထုကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများနှင့် မှန်ကန်သည့် သတင်းအချက်လက်ပေါ် လုပ်ဆောင်နိုင်သူများကို နှစ်စဉ်ရွေးချယ် ချီးမြှင့်သည့် ဆုဖြစ် သည်။ ၂ဝ၁၄ ခုနှစ်တွင် ပထမဆုံးအကြိမ် ချီးမြှင့်ခဲ့သည့်ဆုကို ကိုလံဘီယာနိုင်ငံမှ ဒေါက်တာ Rodrigo Guerrero က ရရှိခဲ့ပြီး ယခင်နှစ် ၂ဝ၁၇ ခုနှစ်ဆုကို မာလီနိုင်ငံမှ ဒေါက်တာ Samba Sow ရရှိခဲ့သည်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် အခြေစိုက်ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမား၊ နယ်စပ်ရှိ မြန်မာဒုက္ခသည်များနှင့် အနယ်နယ်အရပ်ရပ်မှ ရောက်ရှိလာသည့် လူနာများကို နှစ်ပေါင်း ၂ဝကျော် အခမဲ့ ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်း ပေးနေသည့် ဒေါက်တာစင်စီယာမောင်အနေဖြင့် ယခု ဆုအပါအဝင် နိုင်ငံတကာမှ ပေးအပ်သည့် ၁၈ ခု မြောက်ဆုဖြစ်သည်ဟု သိရသည်။