စစ်တပ် အကျိုးစီးပွားပါဝင်ပတ်သက်မှုကြောင့် ဖားကန့် မြေပြိုမှုဖြစ်စဉ် စုံစမ်းစစ်ဆေးရေး ပျက်ပြားနိုင်ကြောင်း Justice For Myanmar ထုတ်ပြန်

0
285

၇ ဇူလိုင် ၂၀၂၀

ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများတွင် စစ်တပ်၏ အကျိုးစီးပွားများ ပါဝင်ပတ်သက်မှုများ ရှိနေခြင်းကြောင့် ဇူလိုင်လ ၂ရက်နေ့က ဖြစ်ပွားခဲ့သော ဖားကန့်မြေပြိုမှုဖြစ်စဉ်ကို စုံးစမ်းစစ်ဆေးမည့် အစိုးရ၏ ဖားကန့် မြေပြိုမှု စုံးစမ်းစစ်ဆေးရေး ကို ပျက်ပြားစေသည်ဟု Justice for Myanmar က ဇူလိုင်လ ၆ရက်နေ့တွင် ထုတ် ပြန်ပြောဆိုလိုက်သည်။

လူပေါင်း ၂၀၀ နီးပါး သေဆုံးခဲ့ရသည့် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်း ဖားကန့်ရတနာနယ်မြေ ၏ မြေပြိုမှု ဖြစ်စဉ်ကို စုံစမ်းဖော်ထုတ်ရန် ဇူလိုင်လ ၃ရက်နေ့က ဖွဲ့စည်းလိုက်သည့် အစိုးရ၏ စုံစမ်းစစ်ဆေးရေး ကော်မတီ၌ မြန်မာစစ်တပ်၏ ကျောက်စိမ်းစီးပွားရေးလုပ်ငန်း အဓိက ရှယ်ယာရှင်တစ်ဦးဖြစ်နေသည့် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်မှ အဖွဲ့ဝင်အနေဖြင့် ပါဝင်နေခြင်းကြောင့် အကျိုးစီးပွား ပဋိပက္ခရှိနေသည့်အတွက် ကန့် ကွက်ကြောင်း Justice for Myanmar ဆိုသည်။

၎င်း၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ” ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်အပါအဝင် ကျောက်စိမ်း စီးပွားရေး လုပ်ငန်းနဲ့ ဆက်စပ်မှုရှိနေတဲ့ အဖွဲ့ဝင်တွေ အားလုံး ကော်မတီကနေ ချက်ချင်းနုတ်ထွက်ပေးဖို့ လိုပါတယ်။ အဲ့လို မဟုတ်ရင် စုံစမ်းစစ်ဆေးမှုက ယုံကြည်ရတဲ့ စုံစမ်းစစ်ဆေးမှု မဖြစ်နိုင်ပါဘူး။ ဒီဖြစ်ရပ်ဆိုးအတွက် ပြည် သူတွေရဲ့ အသက်တွေ စတေးပြီး မြန်မာ့တရားရေး စနစ်နဲ့ နိုင်ငံရေး စနစ်တွေကို ခြယ်လှယ် အမြတ်ထုတ် နေတဲ့ ကျောက်စိမ်းကုန်သွယ်ရေးကနေ အဓိက အကျိုးအမြတ်ရနေသူတွေ ဖြစ်တဲ့ မြန်မာစစ်တပ်အပေါ် တစ်စိတ်တစ် ပိုင်းတော့ အပြစ်တင်ရလိမ့်မယ်” ဟု ထုတ်ပြန်ချက်၌ ပြောဆိုထားသည်။

ထို့အပြင် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်သည် စစ်တပ်၏ အများနှင့် သက်ဆိုင်သော ကုမ္ပဏီဖြစ်သည့် မြန်မာ့ စီးပွားရေး ဦးပိုင် လီမီတက်တွင် တစ်ဦးချင်း အစုရှယ် အများဆုံး ပိုင်ဆိုင်သူများတွင် တစ်ဦးအပါအဝင် ဖြစ် သလို ဖားကန့်ဒေသအပါအဝင် ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းများတွင် ပုဂ္ဂိုလ်ရေး ဆိုင်ရာ အကျိုးအမြတ် များရရှိနေသည်ဟုလည်း ဆိုသည်။

မြန်မာနိုင်ငံ တွင်းထွက်သယံဇာတ တူးဖော်ထုတ်လုပ်ရေးတွင် ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး (EITI)၏ ၂၀၁၇-၂၀၁၈ အစီရင်ခံစာအရ အဓိက ကျောက်စိမ်းတူးဖော်ရေး လုပ်ဆောင်သည့် မြန်မာ့စီးပွားရေး ဦးပိုင် ကုမ္ပဏီ၏ လက်ဝေခံ ကုမ္ပဏီဖြစ်သော Myanmar Imperial Jade ကုမ္ပဏီလီမိတက် မှ ကျောက်စိမ်းလိုင်စင် ၃၉၇ ခု ပိုင်ဆိုင်ထားပြီး လိုင်စင်အရေအတွက် အများဆုံး ပိုင်ဆိုင်ထားသလို အဆိုပါ လိုင်စင်အားလုံးသည် လည်း ဖားကန့် ဒေသအပါအဝင် ကချင်ပြည်နယ်အတွင်း လုပ်ကွက်လိုင်စင်များ ဖြစ်ကြောင်း ထုတ်ပြန် ချက်၌ ဖော်ပြထားသည်။

ထို့အပြင် မြန်မာ့စီးပွားရေး ဦးပိုင်သည် Myanmar Imperial Jade ကုမ္ပဏီမှတဆင့် အခြားသော ကျောက်စိမ်း ကုမ္ပဏီခွဲများနှင့် KBZ Group အပါအဝင် ခရိုနီများအား လုပ်ပိုင်ခွင့် လိုင်စင်များ ဖန်တီးပေးခဲ့သလို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အာဏာလွဲရယူခြင်းမတိုင်ခင် ၂၀၁၆ခုနှစ် ဇန်နဝါရီလ ၂၇ရက်နေ့တွင် ကျောက်စိမ်း လိုင်စင်၃၀၀ နှင့် ၂၀၁၆ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် နောက်ထပ်ကျောက်စိမ်းလိုင်စင် ၆၁ခုကို Myanmar Imperial Jade ကုမ္ပဏီကို ပေးအပ်ခဲ့သေးကြောင်း (EITI)၏ အစီရင်ခံစာကို ကိုးကား၍ Justice for Myanmar က ဆက်လက်ထောက်ပြပြောဆိုထားသည်။

မရတနာမောင် က “ဖားကန့် မြေပြိုမှု ဖြစ်ရပ်ဆိုးက ကျောက်စိမ်းလုပ်ငန်းအပါအဝင် အမြတ်အစွန်း ကြီးတဲ့ မြန်မာ့ စီးပွားရေး လုပ်ငန်းတွေမှာ အစစ်အဆေးမရှိဘဲ လုပ်ကိုင်နေတဲ့ စစ်တပ် စီးပွားရေး လုပ်ငန်းတွေ၊ ခရိုနီတွေ နဲ့ လက်နက်ကိုင် အုပ်စုတွေရဲ့ အကျင့်ပျက်ခြစားမှုတွေကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်စွမ်း မရှိခဲ့တဲ့ မြန်မာပြည်ရဲ့ အမည်ခံ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ဖြစ်စဉ် မအောင်မြင်မှုကိုလည်း ပိုပြီး သက်သေ ခံနေပါတယ်။ သတ္တုတူးဖော်ရေး ကဏ္ဍက NLD ဦးဆောင်တဲ့ အရပ်သားအစိုးရ အောက်မှာ အရေးတကြီး ပြုပြင်ပြောင်းလဲမှုတွေကို ရှင်းရှင်းလင်းလင်းနဲ့ ပိုမိုလုပ်ဆောင် ရမယ့် ကဏ္ဍဖြစ်ပါတယ်” ဟု ထောက် ပြပြောဆိုထားသည်။

ထို့အပြင် စုံစမ်းစစ်ဆေးရေး ကော်မတီအဖွဲ့ဝင်များအားလုံး၏ ပုဂ္ဂလိက ပိုင်ဆိုင်မှုများ ကြေညာပေးရန်နှင့် ကျောက်စိမ်းလုပ်ငန်းနှင့် စီးပွားရေး ဆက်စပ်မှု တစ်စုံတစ်ရာရှိပါက ကော်မတီမှ နုတ်ထွက်ပေးရန်အပြင် ယုံကြည်ထိုက်သော စုံစမ်းစစ်ဆေးမှုများနှင့် ဖွဲ့စည်းမှုပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ရန် လည်း Justice for Myanmar မှ တောင်းဆိုလိုက်သည်။

ဇူလိုင်လ ၂ရက်နေ့က ဖြစ်ပွားခဲ့သည့် မြေပြိုမှု ဖြစ်စဉ်ကြောင့် ရေမဆေးကျောက်ရှာဖွေသည့် အလုပ်သမား ၂၀၀နီးပါး ထိခိုက်သေဆုံးသွားခဲ့ရပြီး ၎င်းကိစ္စကို စုံစမ်းစစ်ဆေးရန် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ဖွဲ့စည်းခဲ့ ရာ အဖွဲ့ဝင်အဖြစ် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြည်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အပါအဝင် အခြားအဖွဲ့ဝင်တစ်ဦးနှင့် ကော်မတီအတွင်းရေးမှူး နှစ်ဦးတို့ ပါဝင်သည်။

Justice for Myanmar အဖွဲ့သည် မြန်မာပြည်သူများအတွက် တရားမျှတမှုနှင့် တာဝန်ခံမှုရရှိစေရေး အတွက် စည်းရုံးလှုံ့ဆော်နေသည့် အမည်မဖော်လိုသော တက်ကြွလှုပ်ရှားသူများဖြင့် ဖွဲ့စည်းထားပြီး ဖက်ဒရယ် ဒီမိုက ရေစီနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ကို ရှေးရှု့၍ စစ်တပ်စီးပွားရေး လုပ်ငန်းများအားလုံး ရပ်ဆိုင်း ရန် တောင်းဆိုနေသည့် အဖွဲ့ဖြစ်သည်ဟုသိရသည်။

စအိုင်ဆူး(KIC)-ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here