ထန်တလန် မြို့သိမ်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီက ဒု-ဗိုလ်မှူးကြီးနှင့် ဒု-ရဲအုပ်အပါအဝင် ၁၀ ဦးသေဆုံး

0
36
Photo – CJ

ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်က စစ်ကောင်စီစခန်းများကို ချင်းပြည်ကောင်စီ/ချင်းပြည်အစိုးရတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ နိုဝင်ဘာလ ပထမပတ်အတွင်း စစ်ကောင်စီဘက်က ဒု-ဗိုလ်မှူးကြီးနှင့် ဒု-ရဲအုပ်အပါအဝင် ၁၀ ဦး သေဆုံးကြောင်း ချင်းအမျိုးသားတပ်ဦး CNF/ CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

နိုဝင်ဘာ ၁ ရက်နေ့မှ ၇ ရက်နေ့အတွင်း ထန်တလန်မြို့သိမ်းစစ်ဆင်ရေးကို ချင်းပြည်အစိုးရတပ်များက ဆက်လက် တိုက်ခိုက်လျက်ရှိရာတွင် စစ်ကောင်စီဘက်က ၁၀ ဦး ခန့်ကျဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများရှိသည့်အပြင် ဒရုန်း ၁ စင်းကိုလည်း ပစ်ချနိုင်ခဲ့ကြောင်း သိရသည်။

“ထန်တလန်မြို့ထဲမှာ တိုက်ပွဲကတော့ ဆက်လက်ဖြစ်နေတာပေါ့နော်။ သူတို့ဘက်က ဒုဗိုလ်မှူးကြီး ၁ ဦးနဲ့ ဒုရဲအုပ် ၁ ဦး အပါအဝင် ၁၀ ဦး ကျတယ်။ ဒုဗိုလ်မှူးကြီးကတော့ လက်ဖြောင့်မိတာပါ။ ကျနော်တို့ဘက်က ထိခိုက်ဒဏ်ရာရရှိမှု အနည်းငယ်ရှိတယ်” ဟု CNF/A ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ထန်တလန်မြို့ NLD ရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့တို့ကို တိုက်ခိုက်ရာတွင် ချင်းပူးပေါင်းတပ်၏ လက်ဖြောင့်သမားက ပစ်ခတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာ ၅ ရက်နေ့က ထန်တလန်မြို့အတွင်း အနီးကပ်တိုက်ပွဲ ဖြစ်ပွားခဲ့ရာတွင်လည်း စစ်ကောင်စီမှ ဒုရဲအုပ် ၁ ဦး အပါအဝင် တပ်ဖွဲ့ဝင်တချို့ သေဆုံးသွားကြောင်း သိရသည်။

နိုဝင်ဘာလ ပထမအပတ် တိုက်ပွဲအတွင်း ချင်းပြည်အစိုးရ ပူးပေါင်းတပ်ဖွဲ့မှလည်း ထိခိုက်ဒဏ်ရာရရှိသူတချို့ရှိခဲ့ပြီး ကျဆုံးသူမရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဟားခါးမှထန်တလန်သို့ တပ်အင်အားများ ဖြည့်တင်းနိုင်ခဲ့ပြီးနောက် ထန်တလန်မြို့ ခလရ – ၂၆၉ တပ်ကုန်းကို ပြန်လည်သိမ်းနိုင်ခဲ့ပြီး ရဲစခန်း၊ NLD ရုံး အဆောက်အဦးတို့တွင် ဆက်လက်တပ်စွဲထားကြောင်း သိရသည်။

ထန်တလန်မြို့ပေါ်တိုက်ပွဲများတွင် စစ်ကောင်စီက လေကြောင်းပစ်ကူနှင့် ဟားခါးမြို့မှ လက်နက်ကြီးပစ်ကူများပေးနေကြောင်း သိရသည်။

ချင်းပြည်အစိုးရ ပူးပေါင်းတပ်ဖွဲ့များသည် ထန်တလန်မြို့သိမ်း စစ်ဆင်ရေးကို ဖော်ဆောင်လျက်ရှိနေရာ ၂ လဝန်းကျင် အတွင်း နှစ်ဖက်တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုရှိနေကြောင်း သိရသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here