ပန်ဝါမြို့ခံပြည်သူများ လေကြောင်းအန္တရယ်ကြောင့် မြို့ကိုစွန့်ခွာသွားသူများလာနေ

0
41
ပုံစာ - ပန်ဝါမြို့တွင်း တိုက်ပွဲဖြစ်လာမည်ကိုစိုးရိမ်ပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်။

ကချင်ပြည်၊ ပန်ဝါမြို့ခံပြည်သူများသည် စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ကို စိုးရိမ်တာကြောင့် မြို့ထဲကနေ ဆက်တိုက်စွန်ခွာနေကြသည်ဟု ပန်ဝါဒေသခံများထံကနေ သိရှိရသည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တို့က ပန်ဝါမြို့ကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် ယနေ့အထိ တိုက်ပွဲငြိမ်သက်နေပြီ ဖြစ်ပေမယ့် ဒေသခံပြည်သူများက လေကြောင်းအန္တရာယ် စိုးရိမ်မှုကြောင့် မြို့ခံ အားလုံးနီးပါး ထွက်ခွာနေကြကြောင်း ပန်ဝါမြို့ခံအမျိုးသမီးတစ်ဦး ယခုလိုပြောပါသည်။

“ပြည်သူအများပိုင်း ပြန်သွားကြပြီ၊ နယ်ခံတွေလည်း တိမ်းရှောင်ကုန်ပြီ။ အခု ကျမတို့တောင် ပြန်ဖို့အဆင်သင့် အဝတ်ထုတ်တွေသိမ်းပြီး ကားစောင့်နေတာ။ ကားတွေ လမ်းမှာအရမ်းခက်လို့ဆိုပြီး စောင့်နေတယ်။ ကိုယ်ပိုင်ကား ရှိတဲ့သူတွေက အကုန်ပြန်ကုန်ပြီ။ သုံးပုံ ၁ ပုံပဲ ရှိတော့တယ်။ ကျန်တဲ့သူတွေလည်း ရှောင်ဖို့ထွက်ဖို့ အားလုံး အဆင်သင့်စောင့်နေသူတွေပဲ” ဟု ၎င်းက ပြောသည်။

ပန်ဝါမြို့နေ ပြည်သူထောင်ချီသည် မြို့တွင်းသေနတ်သံများ ဆူညံလာချိန် တရုတ်နယ်စပ် ခြံစည်းရိုးနားတလျှောက် စုပြုံတိမ်းရှောင်ကြပေမယ့် တရုတ်ဘက်က ဝင်ခွင့်တားမြစ်ထားခဲ့သည်ဟု ဆိုသည်။

ယင်းအခြေအနေကြောင့် အောက်တိုဘာလ ၁၇ ရက်နေ့ကစပြီး ပန်ဝါမြို့မှ ပြည်သူအားလုံးနီးပါး ပန်ဝါမြို့ကနေ ဝိုင်းမော် – မြစ်ကြီးနားဘက်ခြမ်းကို အဓိက ထွက်ခွာနေကြသည်ဟု ၎င်းက ဆက်ပြောသည်။

“အခြေအနေတည်ငြိမ်ရင် ပြန်လာကြမယ်ဆိုပြီး အားလုံးထွက်ခွာနေတာဟုတ်တယ်။ ဒီနေ့တောင် လေယာဉ် လာမလို သတင်းတွေကပျံ့နှံ့ပြီး ကျမတို့လည်း စိုးရိမ်ပြီးပဲ စောင့်နေကြတယ်။ စျေးဆိုင်းအားလုံးလည်း ပိတ်၊ ပန်ဝါမြို့က မြို့ပျက်လိုပဲ တိတ်ဆိတ်နေတယ်။ တိုက်ပွဲသံတွေတော့ ငြိမ်သွားပေမဲ့ ဆက်လက် စိုးရိမ်ကြသေးတာပေါ့” ဟု ပန်ဝါဒေသခံအမျိုးသမီးတစ်ဦးက ထပ်မံပြောဆိုသည်။

ပန်ဝါဒေသခံများအပါအဝင် အနယ်နယ်အရပ်ရပ်က ရွှေ့ပြောင်းလုပ်သားများအားလုံး ကိုယ်ပိုင်ကား၊ ဆိုင်ကယ်ရှိသူများပါ မိမိကိုယ်ပိုင်ယာဉ်များနှင့် ထွက်ခွာနေပြီး ကားလမ်းပိုင်းကြပ်သည့် အခက်အခဲများ ကြုံနေရသည်ဟုလည်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၈ ရက်နေ့က ပန်ဝါမြို့အလုံးစုံကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က သိမ်းပိုက်လိုက်ပြီဖြစ်ပေမယ့် ပန်ဝါဒေသနှင့် တဆက်တည်း ဖီမော်၊ ကမ်းဖန်နှင့် နိုဇွန်ဘွမ်တပ်ရင်းကြီးတချို့ ကျန်ရှိနေပြီး နှစ်ဖက်တပ်အကြား စစ်ရေးတင်းမာနေဆဲ ဖြစ်သည်။

ကချင်ပြည်နယ် အရှေ့ဘက်ခြမ်း သဘာ၀အလှတရားများနှင့် ပြည့်နှက်နေသော ပန်ဝါမြို့သည် ချီဖွေမြို့နှင့် မိုင် ၄၀ ဝန်းကျင်ရှိပြီး မြေရှားသတ္တုတူးဖော်မှုကြောင့် နာမည်ကျော်သည့်အပြင် မြန်မာ – တရုတ်နယ်စပ် ကချင်အထူးဒေသ – ၁ ဌာနချုပ်ရှိရာ မြို့လည်း ဖြစ်သည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here