ထိုင်း-ကရင်နီ (ကယား) နယ်စပ်တွင်ရှိနေသည့် ကရင်နီဒုက္ခသည် အမှတ် (၁) စခန်းတွင် အမျိုးသမီးများအပေါ် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု များလာနေသည်ကို ပိုတွေ့ရှိရကြောင်း ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) ထံက သိရသည်။
လက်ရှိတွင် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအဖြစ် အမှု ၈ မှုကို လက်ခံထားရသည်ဟု KNWO မှ အမျိုးသမီးနှင့် ကလေးကာကွယ်စောင့်ရှောက်ရေး စီမံကိန်းတာဝန်ခံတစ်ဦးက ပြောပါသည်။
“ဒီတစ်နှစ်ဆိုလို့ရှိရင် ကျမတို့ လက်ခံရရှိတဲ့ အမှုဆိုလို့ရှိရင် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဆိုရင် ၈ မှုလောက်ရှိတယ်။ ပြီးတော့မှ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဆိုရင် ၅ မှုလောက်ရှိတယ်။ စိတ်ပိုင်းဆိုင်ရာဆိုလိုရှိရင်တော့ နှုတ်အားဖြင့် စော်ကားတာတို့၊ ပြီးတော့မှ ခြိမ်းခြောက်တာတို့၊ အိမ်ကနေ မောင်းချတာ၊ စိတ်ထိခိုက်အောင် ပြောတဲ့အပြုအမူ အပြောအဆိုတွေလဲပါတယ်” ဟု အဆိုပါစီမံကိန်းတာဝန်ခံက ပြောသည်။
KNWO အနေဖြင့် လက်ခံရရှိထားသည့် အိမ်တွင်းအကြမ်းဖက်မှု၊ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို စခန်းလုံခြုံရေးကနေတဆင့် တရားရေးကို လွှဲပေးခြင်းရှိသလို ပြစ်မှုကြီးသည့် မုဒိမ်းမှုများကိုတော့ ထိုင်းတရားရေးရုံးကို လွှဲအပ်ပြီး UNHCR က အမှုကို ဆက်လက်ဆောင်ရွက်ပေးမှုများရှိသည်ဟု သိရသည်။
စိတ်ပိုင်းဆိုင်ရာခံစားနေရသည့် အမျိုးသမီးများအတွက် လုံခြုံအိမ် (Safe House) ထားပေးသလို KNWO အဖွဲ့အနေဖြင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေရသူများကို စိတ်ဖိစီးမှုလျော့ပါးအောင် စွမ်းရည်မြှင့်တင်ရေးလှုပ်ရှားမှုတို့ကို တစ်လတစ်ကြိမ် ပြုလုပ်ပေးသည်ဟု ဆိုသည်။
ယင်းအပြင် phychosocial Activity ဟု ခေါ်သည့် စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ဖြစ်စေသော လှုပ်ရှားမှုများကိုလည်း နေ့စဉ်တိုင်း လုပ်ပေးနေသည်ဟု စီမံကိန်းတာဝန်ခံက ဆက်ပြောသည်။
“သူတို့အမှုတွေ ဖြေရှင်းပြီးတော့မှ အိမ်မှာပြန်နေတဲ့ အချိန်ဆိုလို့ရှိရင်လဲ ကျမတို့ တပတ်တကြိမ် Follow up ပြန်လိုက်ပေးတာတွေ ရှိတယ်။ ဥပမာ သူအိမ်မှာပြန်နေတာ သူအတွက်လုံခြုံမှုရှိရဲ့လား အဲ့လိုမျိုးပေါ့နော်။ ဘယ်လို မျိုး အခြေအနေရှိသေးလဲ သူရဲ့စိတ်ပိုင်း၊ ရုပ်ပိုင်းတွေဆိုလို့ရှိရင် တိုးတက်မှုရှိပြီလား ဆိုပြီးတော့မှ ကျမတို့ ပြန်သွားကြည့်တာတွေရှိတယ်” ဟု ၎င်းက ပြောသည်။
စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတို့သည် ကလေးငယ်များနှင့် အမျိုးသမီးများတွင် ပိုမိုကြုံတွေ့နေကြရပြီး ၎င်းတို့နေထိုင်သည့် အသိုင်းအဝိုင်းတွေကြား၌ မျက်နှာငယ်ရစေသလို နောက်ဆက်တွဲဆိုးကျိုးအတွက် စိုးရိမ်ရသည်ဟု အမျိုးသမီးနှင့် ကလေးကာကွယ်စောင့်ရှောက်ရေး စီမံကိန်းတာဝန်ခံက ပြောဆိုသည်။
ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။