တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ညှင်းမော်ကျေးရွာ ဘောလုံးကွင်းအနီးတောစပ်တွင် စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးသတ်ဖြတ်သွားသော လူငယ်နှစ်ဦး၏ ရုပ်အလောင်း ပြန်လည်တွေ့ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
တပ်အင်အား ၁၀၀ ကျော်ပါသော စစ်ကောင်စီစစ်ကြောင်းသည် ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက်နေ့ကစပြီး လောင်းလုံးမြို့နယ် အောက်ပိုင်းရှိ ညှင်းမော်၊ ဂေါ့အင်းနှင့် အောက်ရေဖြူကျေးရွာအုပ်စုထဲသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
အဆိုပါစစ်ကြောင်းသည် အောက်တိုဘာ ၁၆ ရက်နေ့တွင် အောက်ရေဖြူကျေးရွာက အသက် ၂၅ နှစ်အရွယ် ကိုမင်းကိုအပါအဝင် နောက်ထပ်လူငယ်တစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဆိုသည်။
စစ်ကောင်စီတပ်က ဖမ်းဆီးသွားသော အဆိုပါလူငယ်နှစ်ဦး၏ ရုပ်အလောင်းကို ညှင်းမော်ကျေးရွာ ဘောလုံးကွင်းအနီးနေ ခြံပိုင်ရှင်တစ်ဦးက တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးသတ်ဖြတ်ခံရသူ လူငယ်နှစ်ဦး၏ ရုပ်အလောင်းကို ပြန်လည်တူးဖော်စဉ် လည်ပင်းလှီးဖြတ်ဒဏ်ရာ၊ မျက်နှာတစ်ခုလုံး ထုထောင်းရိုက်နှက်ခံထားရသည့် ကြေမွဒဏ်ရာ၊ ခန္ဓာကိုယ်အနှံ့ အညိုအမဲစွဲဒဏ်ရာ၊ မျက်နှာပုဝါစည်းပြီး လက်နောက်ပြန်ကြိုးတုပ်ထားသည့် အနေအထားနှင့် ပြန်လည်တွေ့ရှိခဲ့ရသည်ဟု ဒေသခံများက ပြောသည်။
ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည့် လူငယ်နှစ်ဦး၏ ရုပ်အလောင်းကို ဒေသခံတို့က နေ့တွင်းချင်း သဂြိုလ်ပေးခဲ့ကြောင်းနှင့် အသတ်ခံရသူ ကိုမင်းကိုသည် အကြမ်းမဖက် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သူဖြစ်ကြောင်း သိရသည်။
လောင်းလုံးမြို့နယ်၌ စစ်ကောင်စီတပ် စစ်ကြောင်းထိုးစဉ်ကာလအတွင်း ဒေသခံ ၅ ဦး သေဆုံးခဲ့ပြီး ယင်းတို့ထဲက ၃ ဦးသည် ဖမ်းဆီးခံရပြီးနောက် သတ်ဖြတ်ခံခဲ့ရသူများဖြစ်ကာ ကျန်နှစ်ဦးမှာ လက်နက်ကြီးထိမှန်သေဆုံးခဲ့သည်ဟု ဆိုသည်။
လက်ရှိတွင် စစ်ကောင်စီတပ်စစ်ကြောင်း ပြန်ထွက်သွားပေမယ့် အောက်ရေဖြူကျေးရွာအုပ်စုရှိ စစ်ရှောင်အများစုမှာ နေရပ်မပြန်ရဲကြသေးကြကြောင်း လောင်းလုံးဒေသခံတို့ထံက သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။