ကချင်ပြည်၊ ဖားကန့်ဒေသက သတင်းထောက် ၂ ဦးကို ဖမ်းဆီးထားသည်ဆိုသည်မှာ ဟုတ်မှတ်သည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ပြောရေးဆိုခွင့်ရှိသူက အတည်ပြုပြောဆိုသည်။
ဖားကန့်အခြေစိုက် သတင်းထောက် ၂ ဦးဖြစ်သည့် အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးနှင့် Red News Agency သတင်းဌာနကို သတင်းပေးပို့နေသည့် အလွတ်တန်းသတင်းထောက် ကိုတာလေးမောင်တို့ကို ဖမ်းဆီးထားသည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောသည်။
“ဖမ်းတာကတော့ အတည်ပြုပေးလို့ရပါတယ်။ စစ်ရေးကနေ ဖမ်းတာဖြစ်ပါတယ်။ စစ်ရေးအမြင်ကတော့ ဘယ်လိုရှိသလဲဆိုတာ ကျနော်တို့လည်း မကြားသိရပါဘူး။ ဖမ်းသွားတာကတော့ ရှေ့တန်းသမားတွေ ဖမ်းတယ်လို့ ကြားရပါတယ်။ ဘာကြောင့်ဖမ်းတယ်၊ ဘယ်လိုအမှုနဲ့ ဖမ်းတယ်ဆိုတာကတော့ အသေးစိတ်ကတော့ မသိရသေးဘူး” ဟု ၎င်းကဆိုသည်။
သတင်းထောက် ၂ ဦးကို KIA တပ်မဟာ ၉ တပ်ရင်း ၆ က ဖမ်းဆီးထားခြင်းဖြစ်ပြီး မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းထားသည်ကိုမူ အတိအကျမသိကြောင်းနှင့် လက်ရှိ၌ ဖမ်းဆီးထားသည့် သတင်းထောက် ၂ ဦးကို စစ်ဆေးမေးမြန်းနေဆဲဖြစ်ပြီး ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောသည်။
“မေးစရာရှိလို့ ဖမ်းတယ်ဆိုတော့ စစ်ကြောရေးတွေ လုပ်နေတယ်ထင်တယ်။ တခြားသိပ်ပြီးတော့မှ ထူးထူး ခြားခြားတော့ မကြားပါဘူး။ ထိန်းသိမ်းထားတဲ့ဟာကတော့ ကောင်းကောင်းမွန်မွန်ပေါ့နော်။ ကျွေးမွေးပြီးမှ လိုအပ်တာတွေကို မေးစရာရှိတာတွေကို မေးနေတာထင်တယ်။ အဲ့လောက်ပဲ ကျနော် ကြားရပါတယ်။”
ကိုနောင်ရိုးနှင့် ကိုတာလေးမောင်တို့ကို KIA က စက်တင်ဘာလလကုန်ပိုင်းတွင် ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဖားကန့်ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။
သတင်းထောက် ကိုနောင်ရိုးသည် စစ်အာဏာသိမ်းစက စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ၂၀၂၂ ခုနှစ် နှစ်ကုန်ခါနီးတွင် ပြန်လည်လွတ်မြောက်လာခဲ့သူ ဖြစ်သည်။
သတင်းထောက် ကိုတာလေးမောင်ကလည်း အာဏာမသိမ်းခင်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဝန်ကြီးဌာနတွင် အလုပ်လုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး အာဏာသိမ်းလိုက်သည့်အချိန်တွင် အဆိုပါဝန်ကြီးဌာနမှ CDM လုပ်ပြီး သတင်းထောက်အလုပ်ကို ဆက်လုပ်ကိုင်နေသူဖြစ်သည်ဟု နီးစပ်သူများက ပြောသည်။
NMG ပေးပို့သည်။