တိုက်ပွဲပြင်းထန်နေလို့ မြိတ်-ပုလော-ထားဝယ်လမ်းပိုင်း အသုံးမပြုရန် PDF သတိပေး

0
36
Photo - Social Media

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ထဲတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်နေတာကြောင့် မြိတ်-ပုလော-ထားဝယ် ပြည်ထောင်စုလမ်းမကြီးအား အသုံးမပြုကြရန် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းက ထုတ်ပြန်ထားသည်။

စစ်ကောင်စီဘက်က တပ်အင်အား ၂၀၀ ကျော်ဖြင့် မြိတ်အခြေစိုက် တပ်ရင်းကနေတဆင့် ပုလောမြို့နယ် ကြဲကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတာကြောင့် အောက်တိုဘာ ၁၄ ရက်နေ့ကစပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်နှင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေခြင်း ဖြစ်သည်။

အောက်တိုဘာ ၁၆ ရက်နေ့ကလည်း ကြဲကျေးရွာနှင့် မီးလောင်ချောင်းကျေးရွာကြားက ပြည်ထောင်စုလမ်းမကြီးပေါ်၌ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။

အဆိုတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ မြိတ်အခြေစိုက် လေတပ်စခန်းကနေ ကြဲကျေးရွာအနီးတဝိုက်ကို လေကြောင်းနှင် နှစ်ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟူ တော်လှန်ရေးအင်အားစု၏ ပြောပြချက်အရ သိရသည်။

ထို့ကြောင့် ပြည်သူများအနေနှင့် မြိတ်- ပုလော-ထားဝယ် ပြည်ထောင်စုလမ်းမကြီးကိုအသုံးပြုပြီး ခရီးသွားလာခြင်းမပြုလုပ်ကြရန်လည်း တိုက်တွန်းထားသည်။

တဖက်တွင်လည်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တို့ကြား နှစ်ဖက်ထိတွေ့တိုက်ပွဲအပြင် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုတွေကြောင့် ကြဲကျေးရွာအုပ်စုက ကြဲ၊ မီးလောင်ချောင်းနှင့် စက်တော်ရာ စသည့် ကျေးရွာများက ဒေသခံထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here