ချင်းပြည်မြောက်ပိုင်း တွန်းဇံမြို့နှင့် ကျီခါးမြို့တို့ကို ချင်းပူးပေါင်းတပ် သိမ်းပိုက်ထိန်းချုပ်နိုင်ပြီ

0
90
ပုံစာ - တွန်းဇံမြို့အဝင်မုဒ်ဦး

ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့နှင့် ကျီခါးမြို့တို့ကို ချင်းကာကွယ်ရေးပူးပေါင်းတပ်က သိမ်းပိုက်ထိန်းချုပ် ထားနိုင်ပြီဟု ချင်းအမျိုးသားတပ်ဦး CNF/ CAN ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

မေလ ၁၉ ရက် မနက်ပိုင်းက ကျီခါးမြို့ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ၌ စစ်ကောင်စီတပ်မှ ကြိုတင်ဆုတ်ခွာသွားသောကြောင့် ပစ်ခတ်မှု မဖြစ်ပွားဘဲ အပြီးသတ်ထိန်းချုပ်ထားလိုက်ပြီဖြစ်ကြောင်း ဆလိုင်းထက်နီက ပြောသည်။

“ကျီခါးမြို့က စစ်ကောင်စီတပ်စခန်းကို ဒရုန်းနဲ့ ကြဲချတယ်။ အဲဒါမှာ စစ်ခန်းကိုဝင်စီးတော့ သူတို့က တစ်ယောက်မှ မရှိဘူး။ အဲဒီမတိုင်ခင်က ကျီခါးက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တွန်းဇံကို ပို့သွားတယ်လို့ သတင်းတွေကြားတာ အမှန်ဖြစ်သွားတယ်။ ကျနော်တို့ ဒရုန်းနဲ့ကြဲချပြီး လုပ်တော့ သူတို့ကကြိုပြီးတော့ ဆုတ်ခွာသွားပုံရတယ်။ အပစ်အခတ်တွေ မရှိဘဲနဲ့ပဲ သိမ်းလိုက်တာဖြစ်တယ်” ဟု ဆလိုင်းထက်နီကပြောသည်။

တွန်းဇံမြို့ပေါ်က စစ်ကောင်စီတပ် ခလရ – ၂၆၉ တပ်စခန်းအပါအဝင် စစ်ကောင်စီအခြေစိုက်ရာ စခန်းအားလုံးကိုလည်း ချင်းပူးပေါင်းတပ်က သိမ်းပိုက်ထားလိုက်ပြီဟု ဆလိုင်းထက်နီက ပြောဆိုသည်။

“ တွန်းဇံမြို့ထဲမှာက ခလရ – ၂၆၉ တပ်ကုန်းပဲ ရှိတယ်။ ပြီးတော့ ရဲစခန်းရယ်၊ မြို့ထဲ ၂ နေရာမှာ နေရာယူထား တာရယ်ကို ကျနော်တို့တပ်ကုန်းကိုရော၊ ရဲစခန်းကိုရော သိမ်းနိုင်ခဲ့ပြီ။ အခုမြို့ထဲမှာ နယ်မြေရှင်းလင်းရေး လုပ်တဲ့ အခါမှာ သူတို့က မြို့ထဲကနေ အပြန်အလှန်ပစ်ခတ်တာတွေ ရှိသေးတယ်ဆိုတော့ တွန်းဇံမြို့မှာ စစ်ကောင်စီ ကင်းစင်ပြီးလို့ ပြောမရသေးဘူး။ သူတို့ အခြေချထားတဲ့စခန်းတွေ အားလုံးကတော့ သိမ်းဆည်းပြီးဖြစ်တယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

လက်ရှိ၌ တွန်းဇံမြို့ပေါ်တွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ကို စစ်ကောင်စီနှင့် ZRA – EC ပူးပေါင်းတပ်က ပျောက်ကြားပုံစံဖြင့်သာ တိုက်ခိုက်နေကြောင်း သိရသည်။

တွန်းဇံမြို့တိုက်ပွဲများတွင် စစ်ကောင်စီတပ်နှင့် ZRA – EC တပ်တို့ ပူးပေါင်းနေရာယူ၍ တိုက်ခိုက်ခဲ့ကြောင်း၊ တွန်းဇံမြို့ ပြည်သူ့ဆေးရုံတွင်လည်း ZRA တပ်ဖွဲ့ဝင် (၁၀) ဦးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၈) ဦးတို့ ဆေးရုံတက်ခဲ့ရကြောင်း ဆလိုင်းထက်နီက ပြောပါသည်။

ဇိုမီးတော်လှန်ရေးတပ် (ZRA) မှ တပ်ဖွဲ့ဝင် (၁) ဦးနှင့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် (၂) ဦးကို အရှင်ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် မေလ ၁၉ ရက်နေ့တွင်လည်း လေကြောင်းပစ်ကူမှု ၁၀ ကြိမ်ခန့် ပြုလုပ်ခဲ့ပြီး ၄ ရက်တာတိုက်ပွဲတွင် အကြိမ်ရေအများဆုံးဖြစ်ကြောင်း သိရသည်။

ချင်းပူးပေါင်းတပ်ဖွဲ့များက တွန်းဇံမြို့ကို စတင်တိုက်ခိုက်ရန် စစ်ရေးပြင်ဆင်သည့် မေလ ၁၅ ရက်ကတည်းက စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။

တွန်းဇံမြို့သိမ်းပိုက်ရေး စစ်ဆင်ရေးသည် ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဖော်ဆောင်သည့် ပထမဆုံး စစ်ဆင်ရေးဖြစ်ပြီး မေလ ၁၆ ရက်က စစ်ကောင်စီတပ်စခန်းများကို စတင်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

ယင်းတိုက်ပွဲတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ ၁၄ ဖွဲ့ ပါဝင်သည်ဟု သိရသည်။

တိုက်ပွဲများကြောင့် တွန်းဇံမြို့နယ် ပြည်သူ ၅၀၀၀ ခန့် အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရပြီး လေကြောင်းတိုက်ခိုက်မှုများကြောင့် နေအိမ် ၁၀ လုံးကျော် ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here