ကျောက်ဖြူမြို့ရှိ ကျောက်တလုံး ကယ်ဆယ်ရေးစခန်းသစ်သို့ ဖိအားပေးမှုများကြောင့် ပြောင်းရွှေ့ခဲ့ရသည့် မွတ်ဆလင်ဒုက္ခသည်များ နေထိုင်ရေးအဆင်မပြေဖြစ်နေသည်ဟု အဆိုပါစခန်းတွင် နေထိုင်သူများက ပြောဆိုသည်။
ဒုက္ခသည်အမျိုးသားတစ်ဦးက “စခန်းဟောင်းမှာ ဆက်နေရင် ရေဖြတ်မယ်။ မီးဖြတ်မယ်လို့ ပြောပါတယ်။ အိမ်အသစ်တွေကို သွားနေရမယ်၊ မသွားလို့မရဘူး ပြောတယ်။ ကျနော်တို့မှာ အာဏာမှမရှိတာ။ ဒီမှာက ရေမရဘူး။ မိုးရွာရင် ရေမြုပ်တယ်။ ရွှံ့တွေဗွက်တွေနဲ့ လျှော်လဲလို့၊ ဒူးတွေပွင့်လို့ ကလေးတွေကျောင်းသွားရတာ။ လူကြီးတွေ လာကြည့်စေချင်ပါတယ်” ဟု ပြောသည်။
အစိုးရဌာနဆိုင်ရာများ ဖိအားပေးမှုကြောင့် ကျောက်တလုံး မွတ်ဆလင်ကယ်ဆယ်ရေး စခန်းသစ်သို့ မေလ ၃၁ ရက်တွင် နောက်ဆုံးထား ပြောင်းရွှေ့ခဲ့ကြရပြီး စခန်းသစ်တွင် ရေနစ်မြုပ်ခြင်း၊ ရေနှင့်လျှပ်စစ်မီး အဆင်မပြေခြင်း၊ သွားလာရန် လမ်းပန်းဆက်သွယ်ရေး အဆင်မပြေခြင်းစသည့် အခက်အခဲများကြုံရကြောင်း ဒုက္ခသည်များက ပြောသည်။
ယင်းအပြင် ဆောက်လုပ်ပေးထားသည့် အိမ်သာများမှာလည်း အိမ်နှင့်ဝေးပြီး၊ နေအိမ်ဝန်းအတွင်း ရေနစ်မြုပ်မှုများကြောင့် သက်ကြီးရွယ်အိုနှင့် ကလေးငယ်များ ပိုအခက်တွေ့ရသည်ဟု အဆိုပါဒုက္ခသည်က ဆက်ပြောသည်။
“အိမ်ခြံကွက်က ကျဉ်းတော့ အိမ်သာဆောက်ဖို့လည်း နေရာ မရှိဘူး။ သူတို့ဆောက်ထားတဲ့ အိမ်သာကလည်း ၁၀ မိနစ်၊ ၁၅ မိနစ် လောက် သွားနေရတာ အဆင်မပြေပါဘူး။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေ ပိုအခက်အခဲ ဖြစ်တယ်” ၎င်းက ဆိုသည်။
နေအိမ်အဆောင်များသည်လည်း ခိုင်ခံ့မှု မရှိသည့်အပြင် ဆောက်လုပ်ထားသည့် နေအိမ်များသည် အလျား ၁၂ ပေ၊ အနံ ၂၂ ပေသာ ရှိပြီး မီးဖိုချောင်အပါအဝင် ၆ ပေ ၃ ခန်းနှင့် ၄ ပေ ဝရံတာတစ်ခုသာ ပါသည့်အတွက် မိသားစုနေထိုင်ရန် အဆင်မပြေဟု ဒုက္ခသည်များက ပြောသည်။
ယင်းအပြင် တစ်အိမ်ကို ၃ သိန်းခွဲသွင်းမှ လျှပ်စစ်မီတာရရှိသည့်အတွက် မရှိဆင်းရဲသားအများစုမှာ လျှပ်စစ်မီး မရရှိသေးကြောင်း ပြောဆိုကြသည်။
ဒုက္ခသည်အမျိုးသမီးတစ်ဦးက “သူတို့အားနဲ့နေခိုင်းတော့ နေရတာပေါ့။ အစကတည်းကနေလည်း ဒီကအခြေနေတွေကို သိပါတယ်။ သိသိနဲ့ လာရတာပါ။ မီးကလည်း ပိုက်ဆံပေးမှ မီးရပါတယ်။ ကျမတို့မှာက ပိုက်ဆံ မတတ်နိုင်တော့ မှောင်မှောင်မဲမဲ နေရပါတယ်။ ရေဆိုလည်း သောက်ရသုံးရတာတွေ အဆင်မပြေဘူး။ ကြာရင် အဲ့ရေတွေနဲ့ ဝမ်းရောဂါတွေ ဖြစ်နိုင်ပါတယ်” ဟု ပြောသည်။
ယခုကိစ္စနှင့် ပတ်သက်ပြီး ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူးဦးမျိုးမင်းထွန်းက “ ရေက မနစ်ပါဘူး။ နစ်မှာ စိုးလို့တောင် ရေစုပ်စက် အဆင်သင့် ပို့ထားပြီးသား။ ရေဝင်တာနဲ့အဆင်သင့်တန်းပြီး စုပ်မယ်လို့ ရေစုပ်စက်တောင် အဆင်သင့် ရှိတယ်။ အခုစုပ်ရင် အခုရတယ်။ ကျနော်တို့ ကျောက်ဖြူမြို့မှာတောင် မနှစ်တုန်းက ရေမြုပ်ကြတာ ဘယ်သူ့မှ လုပ်မပေးဘူး။ သူတို့ကို ကျနော်တို့က ပစ်စလက်ခတ်ထားတဲ့ အထဲမှာ မပါဘူးလို့ ပြောချင်ပါတယ်” ဟု ပြောဆိုသည်။
ကျောက်တလုံး ကယ်ဆယ်ရေးစခန်းသည် ၂၀၁၂ ခုနှစ် အရေးအခင်းအပြီးတွင် စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ကျောက်ဖြူမြို့ ပိုက်ဆိပ်မှ မွတ်ဆလင်အများစု နေထိုင်နေသည့် ကယ်ဆယ်ရေးစခန်းတစ်ခု ဖြစ်ပြီး ယင်းစခန်းတွင် ဒုက္ခသည်ဦးရေ ၁၅၀၀ ကျော် ရှိကြောင်း သိရသည်။
ကျောက်တလုံးကယ်ဆယ်ရေး စခန်းသစ်ကို စခန်းဟောင်းနှင့်မနီးမဝေး လယ်ကွင်းပြင်တွင် ဆောက်လုပ် ထားခြင်းဖြစ်ပြီး ကယ်ဆယ်ရေးစခန်းဟောင်းကို ဖျက်သိမ်းပြီး ရပ်ကွက်/ကျေးရွာအသွင် ပြောင်းလဲ၍ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အစောပိုင်းတွင် ပြင်ဆင်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နိရဉ္စရာ ပေးပို့သည်။