ကျိုက်ထိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ၂၀၀၀ ကျော် စားသောက်ရေးအခက်ကြုံနေဟုဆို

0
423
(ပုံအဟောင်းဖြစ်သည်)

မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ် ငှက်ပျောတောကျေးရွာအုပ်စု၊ ဇီးပြောင်းကျေးရွာအုပ်စုနှင့် အနီးတစ်ဝိုက်ကျေးရွာများရှိ စစ်ကောင်စီ၏ လက်နက်ကြီးအန္တရယ် ကြောက်လန့်သဖြင့် နေရပ်စွန့်ခွာနေရသော စစ်ဘေးရှောင်ပြည်သူများ အလှူရှင်ရောက်ရှိရန် ခက်ခဲသဖြင့် စားဝတ်နေရေးအဆင်ပြေသလို ဖြေရှင်းနေရကြောင်း ဒေသခံများက ပြောသည်။

အဆိုပါကျေးရွာများရှိ စစ်ဘေးရှောင်ပြည်သူ နှစ်ထောင် (၂,၀၀၀) ခန့်သည် ပြီးခဲ့သည့် မတ်လ (၂၀) ရက်နေ့နောက်ပိုင်းမှစ၍ လက်ရှိအချိန်ထိ ညစဥ်ရက်ဆက် စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဘေးကင်းရာနေရာများသို့ နေရပ်စွန့်ခွာထွက်ပြေးနေရပြီး အလှူရှင်ရောက်ရှိရန် မလွယ်ကူသဖြင့် စားသောက်ရေးအခက်အခဲရှိကြောင်း စစ်ဘေးရှောင်များနှင့်နီးစပ်သူ ဒေသခံတစ်ဦးက ကေအိုင်စီသို့ ယနေ့ပြောသည်။

၎င်းက “ပြီးခဲ့တဲ့ (၂၀) ရက်နောက်ပိုင်းကတည်းက ညတိုင်းလို စစ်တပ်က လက်နက်ကြီးနဲ့ပစ်နေတာ။ ဖုန်းလိုင်းတွေလည်းဖျက်ထားတယ်။ အဲ့ဘက်မှာက ပစ်ကွင်းပုံစံမျိုးဖြစ်နေတာပေါ့။ စစ်တပ်က ရမ်းသမ်းပစ်တော့ တချို့ရွာသားတွေသေတာလည်း သေကြတယ်။ စစ်ရှောင်ကူလည်း အဲ့ဘက်ထိမဝင်ရဲကြတော့ စားရေးသောက်ရေးက အခက်အခဲရှိတယ်။ ဒီဘက်မှာက စစ်ရှောင်ကူလို့ကတော့ ရမရမပြောတတ်ပေမယ့် PDF နဲ့ပတ်သက်တယ်ဆိုရင်‌တော့ အခြေအနေလုံးဝမကောင်းဘူး။” ဟု ပြောသည်။

ထို့အပြင် ကျိုက်ထိုမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်း တပ်မ (၄၄) နှင့် လက်အောက်ခံတပ်ရင်းများမှ မတ်လ (၁၆) ရက်နေ့နှင့် (၂၀) ရက်နေ့က ပစ်ခတ်တိုက်ခိုက်ခဲ့သော လက်နက်ကြီးများသည် အဆိုပါ ကျေးရွာများသို့ ကျရောက်ပေါက်ကွဲ၍ ဒေသခံ (၂) ဦးသေဆုံးပြီး၊ (၂) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုက မတ်လ (၂၂) ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ဘေးရှောင်များ၏ အခြေအနေနှင့်ပတ်သက်၍ အခြားဒေသခံတစ်ဦးကလည်း “လောလောဆယ် အလှူရှင်တော့မရှိပါဘူး။ နီးစပ်ရာ ဘေးလွတ်တဲ့ရွာတွေမှာ အဆင်ပြေသလိုပဲ နေထိုင်စားသောက်ရတာပေါ့။ တစ်ခါတစ်လေကတော့ လက်နက်ကြီးပစ်တာငြိမ်တဲ့အချိန် နေ့လည်ဘက် အိမ်ကိုပြန်လာကြည့်ပေါ့။ အိမ်မှာတော့နေလို့မရဘူးလေ။” ဟု ပြောသည်။

ထို့အတူ ပြီးခဲ့သည့် မတ်လ (၈) ရက်နေ့က သထုံမြို့နယ်၊ ကော့လှိုင်းကျေးရွာအုပ်စု၊ ကျုံမိန်ရွာအတွင်း စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် အသက် (၇) နှစ် နှင့် (၁၄) နှစ်အရွယ်ရှိ ကလေးငယ်နှစ်ဦး သေဆုံးခဲ့ပြီး ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျေးရွာနေဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကေအဲန်ယူ-သထုံခရိုင်က မတ်လ (၉) ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

အလားတူ ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူ တပ်မဟာ (၁) ထိန်းချုပ်နယ်မြေ သထုံခရိုင်တွင် စစ်ကောင်စီမှအာဏာသိမ်းယူပြီးနောက်ပိုင်း လက်ရှိအချိန်ထိ နေရပ်စွန့်ခွာထွက်ပြေးနေရသူဦးရေ ၁သိန်း၃သောင်းဝန်းကျင်ရှိနေကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ၏ ပြောဆိုမှုအရ သိရသည်။

နန့်ဆန်းထီ(KIC) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here