“ကျွန်တော်တို့ကြုံတွေ့နေရတဲ့အခက်အခဲဆိုတာက ဘယ်ခေတ်ဘယ်အချိန်အခါ ဘယ်အစိုးရလက်ထက်မှာမှ မကြုံခဲ့ဖူးတဲ့ အင်မတန်မှ နက်ရှိုင်းကျယ်ပြန့်ပြီးတော့ ခက်ခဲနက်နဲတဲ့ အခက်အခဲဖြစ်တယ်” ဗိုလ်မှူးကြီးစောကျော်ညွန့် (PPST ပြောခွင့်ရပုဂ္ဂိုလ်)

0
291

ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ဦးဆောင်အဖွဲ့ PPST ပြောခွင့်ရပုဂ္ဂိုလ်နှင့် အမေးအဖြေ

စစ်ကောင်စီ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ အပစ်ရပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့တို့ အလွတ်သဘောတွေ့ဆုံဆွေးနွေးကြဖို့ရှိတယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ဦးဆောင်အဖွဲ့ PPST ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးစောကျော်ညွန့် ပြောပါတယ်။

စစ်ကောင်စီ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ အပစ်ရပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့တို့ အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုကို နေပြည်တော်မှာ လာမယ့် မတ်လ ၂၈ နဲ့ ၂၉ ရက်နေ့တွေမှာ လုပ်ဆောင်သွားဖို့ စီစဥ်ထားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ တွေ့ဆုံဆွေးနွေးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့ဟာ မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်ရေး ကောင်စီ (KNU/KNLA-PC)၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO) နဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ ပါဝင်ပါတယ်။

စစ်ကောင်စီ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ အပစ်ရပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့တို့ ဘယ်လိုပုံစံနဲ့ တွေ့ဆုံကြမလဲ၊ ဘာအကြောင်းတွေ အဓိကထားဆွေးနွေးကြမလဲဆိုတဲ့အခြေအနေနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ဦးဆောင်အဖွဲ့ PPST ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးစောကျော်ညွန့် တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။ ။ လာမယ့်ရက်ပိုင်းမှာ PPST နဲ့ SAC တွေ့ဆုံကြဖို့ရှိတယ်လို့ သိရတယ်။ အဲအခြေအနေ ဘယ်လိုရှိလဲ။

ဖြေ။ ။ PPST ရယ်လို့တော့ မဟုတ်ပါဘူးဗျ။ အမှန်တကယ်တွေ့ဆုံမှုဆိုတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် PPST အနေနဲ့ တွေ့ဆုံတာတော့ မဟုတ်ပါဘူး။ တွေ့ဆုံမှာကတော့ NCA-S EAO ၇ ဖွဲ့ အလွတ်သဘောဆွေးနွေးညှိနှိုင်းရေးအဖွဲ့နဲ့ NSPNC (စစ်ကောင်စီ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ) နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

မေး။ ။ အခုတွေ့ဆုံမှုက ဘယ်နေ့ ဘယ်နေရာမှာ တွေ့ဆုံကြမှာလဲ။

ဖြေ။ ။ ကျွန်တော်တို့ အခု အလွတ်သဘော နှစ်ဖက် ကြိုပြီးတော့ သဘောတူထားတဲ့ နေ့ရက်ကတော့ မတ်လ ၂၈၊ ၂၉ ပေါ့နော် တွေ့ဆုံတဲ့နေရာကလည်း နေပြည်တော်မှာပဲ တွေ့ဆုံဖို့ အဲလိုမျိုး သဘောတူညီမှုရထားပါတယ်ခင်ဗျ။

မေး။ ။ အဓိက ဘာတွေဆွေးနွေးသွားဖို့ရှိလဲ။

ဖြေ။ ။ အဓိက ဆွေးနွေးမှာကတော့ ခုနက ကျွန်တော်တို့ ပြောနေတဲ့ NCA-S EAO အဖွဲ့ ၇ ဖွဲ့ဆိုတာကတော့ ပြီးခဲ့တဲ့နှစ်က ကျွန်တော်တို့ SAC က ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို သွားလက်စရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ NCA ကိုလည်း လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၇ ဖွဲ့ကို ပြောတာဖြစ်တယ်။ အဲဒီအဖွဲ့ကနေပြီးတော့ ကျွန်တော်တို့ ရည်ရွယ်ချက်က ဒီလိုမျိုး ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံမှုမလုပ်ခင်မှာ ကျွန်တော်တို့က ဒီအလွတ်သဘောကနေပြီးတော့ ကျွန်တော်တို့စတင်ပြီးတော့ ဘယ်နေ့ ဘယ်ရက်မှာ တွေ့ဆုံကြမလဲ ဘယ်နေရာမှာ တွေ့ဆုံနိုင်မလဲ ဘယ်အကြောင်းအရာကို ဆွေးနွေးကြမလဲဆိုတဲ့ process ကိုပေါ့လေ ကျွန်တော်တို့ နှစ်ဖက်စလုံးအတွက် အဆင်ပြေနိုင်တဲ့ လမ်းကြောင်းတစ်ခုကို အလွတ်သဘောကနေစတင်ပြီးတော့ ညှိနှိုင်းဆွေးနွေးဖို့ ရည်ရွယ်ချက်နဲ့ အလွတ်သဘောတွေ့ဆုံပွဲကို လုပ်တာဖြစ်တယ်။ အဲဒါကြောင့်မလို့ ပထမဆုံးအကြိမ် ကျွန်တော်တို့တွေ့ဆုံတဲ့ပွဲမှာကတော့ ဟို့ ပြီးခဲ့တဲ့နှစ်ပေါ့လေ ကျွန်တော်တို့ တစ်ဖွဲ့ချင်းစီသွားရောက်တွေ့ဆုံတဲ့အချိန်တုန်းက ကျွန်တော်တို့ နားလည်မှုရရှိထားပြီးလား ဥပမာအားဖြင့်ဗျာ ပြည်ထောင်စုငြိမ်းချမ်းရေးတည်ဆောက်မယ့်ကိစ္စရပ်လိုမျိုး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်မယ့်ကိစ္စရပ်လိုမျိုး စသည်ဖြင့်ပေါ့လေ နောက်ပြီးတော့ အရပ်သားများကို အကာအကွယ်ပေးရေး နောက်ပြီးတော့ လက်ရှိနိုင်ငံရေးအကျပ်အတည်းကနေ ကျွန်တော်တို့ကျော်လွှားနိုင်ဖို့အတွက် သက်ဆိုင်သူများအားလုံး ပါဝင်နိုင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေကို ကျွန်တော်တို့ ဘယ်လိုအစပျိုးပြီးတော့ ချဥ်းကပ်လမ်းစရှာလို့ရမလဲဆိုတဲ့စဥ်းစားချက်တွေနဲ့ ကျွန်တော်တို့ဘက်က အဲလိုမျိုး ဆွေးနွေးဖို့တော့ ကျွန်တော်တို့ဘက်မှာ ပြင်ဆင်ထားတာရှိတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ ခုနက ပြောတဲ့အတိုင်းပဲ ကျွန်တော်တို့ အခုရှေ့ဆက်သွားမယ့် process က ကျွန်တော်တို့ တစ်ဖက်က လုပ်ထားတဲ့အတိုင်း တစ်ဖက်က လိုက်ပါဆောင်ရွက်ရတာမျိုးမဟုတ်ပဲနဲ့ နှစ်ဖက်စလုံးအတွက်ပေါ့လေ အဆင်ပြေတဲ့အချိန် အဆင်ပြေတဲ့နေရာ အဆင်ပြေတဲ့ အပေါ်မှာ ကျွန်တော်တို့ ပေါ့ပေါ့ပါးပါးလေးနဲ့ အဆင်ပြေပြေသွားနိုင်အောင် process အနေနဲ့ ခုနက ကျွန်တော်ပြောတဲ့ ကျွန်တော်တို့ ၇ ဖွဲ့ထဲက စဥ်းစားထားတဲ့အချက်ကတော့ ကျွန်တော်တို့အဖြေတော့ ကျွန်တော်တို့တွက်လို့မရဘူး။ လုပ်မယ့်အကြောင်းအရာတွေကို ဘယ်လိုလုပ်ကြမလဲဆိုတာက ကျွန်တော်တို့ တွေ့ဆုံညှိနှိုင်းရေး နှစ်ဖက်စလုံးအတွက် အဆင်ပြေတဲ့အကြောင်းအရာတွေ ခေါင်းစဥ်တွေ နှစ်ဖက်စလုံးအတွက် အဆင်ပြေပြေနဲ့ သဘောတူပြီးတော့ ညှိနှိုင်းဆောင်ရွက်လို့ရတဲ့ ရလာဒ်အပေါ်မှာပဲ ခေါင်းစဥ်တို့ အကြောင်းအရာတွေဖြစ်မလဲဆိုတာကိုတော့ သေချာပြောလို့ရမယ်ထင်ပါတယ်ခင်ဗျ။

မေး။ ။ အရင်က SAC နဲ့ အပစ်ရပ် ၇ ဖွဲ့ တွေ့ဆုံဖို့ ကမ်းလှမ်းတဲ့အချိန်မှာ SAC ဘက်က လက်မခံခဲ့တာမျိုးရှိခဲ့တာပေါ့လေ အခုက ဘယ်လိုအခြေအနေကြောင့် လက်ခံတယ်လို့ ယူဆမိလဲ?

ဖြေ။ ။ လက်မခံဘူးဆိုတာကတော့ မှန်သင့်သလောက်တော့မှန်ပါတယ်။ ခုနက ကျွန်တော်တို့ပြောတာ အလွတ်သဘောတွေးနွေးဖို့ လုပ်လိုတဲ့ရည်ရွယ်ချက်လည်း သိပြီးသားဖြစ်ပါတယ်။ အလွတ်သဘောတွေ့ဆုံနိုင်အောင် ကျွန်တော်တို့ စတင်ကမ်းလှမ်းတာ မေတ္တာရပ်ခံတာကတော့ ဟိုးလွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလကတည်းက ကျွန်တော်တို့ စတင်ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ကျွန်တော်တို့ရဲ့ အဆိုပြုချက်ထဲမှာပေါ့လေ။ ပထမဦးဆုံးအချိန်ကို ကျွန်တော်တို့က ပြည်ပတစ်နေရာမှာပေါ့ ဥပမာ ချင်းမိုင်လိုမျိုးကနေ ကျွန်တော်တို့ စတင်တွေ့ဆုံဖို့ ကမ်းလှမ်းတဲ့အပေါ်မှာတော့ NSPNC ဘက်ကတော့ လောလောဆယ်မှာ သူတို့ရဲ့ ပေါ်လစီအရပေါ့လေ ပြင်ပထွက်ပြီးတော့ ဆွေးနွေးတိုင်ပင်ဖို့က အခက်အခဲရှိတဲ့အပေါ်မှာကတော့ ပထမဦးဆုံး ကျွန်တော်တို့ကမ်းလှမ်းတဲ့ ပြည်ပမှာ တွေ့ဆုံမှုအခင်းအကျင်းတွေကျတော့ လောလောဆယ် ဆောင်ရွက်နိုင်ဖို့ ခက်ခဲတယ်ဆိုတဲ့အကြောင်း ပြန်ကြားတဲ့အပေါ်မှာကတော့ အဲဒါတွေ ကျွန်တော်တို့ မလုပ်နိုင်ဘူးပေါ့ကွာ အဲဒီအပေါ်မှာကတော့ ကျွန်တော်တို့ အလွတ်သဘောတွေ့ဆုံဖို့ ကမ်းလှမ်းတာကိုတော့ ဒါ ငြင်းပယ်တယ်လို့တော့ ကျွန်တော်တို့အနေနဲ့လည်း အဲလိုမရှိပါဘူးခင်ဗျ၊ လောလောဆယ်အခြေအနေအရပေါ့လေ တစ်ဘက်အဖွဲ့က ခုနလိုမျိုး ကျွန်တော်တို့ လိုချင်တဲ့အခင်းအကျဥ်းအတိုင်း လိုက်ပါဆောင်ရွက်ဖို့ အခက်အခဲရှိတဲ့အပေါ်မှာ ကျွန်တော်တို့အနေနဲ့ အဲလိုပဲ နားလည်မှုရှိပါတယ်ခင်ဗျ။

မေး။ ။ ဖက်ဒရယ်တည်ဆောက်ရေး အရေးလဲဆွေးနွေးကြမယ်ဆိုတော့ ဆရာတို့ အပစ်ရပ် ၇ ဖွဲ့ကနေပြီးတော့ ဘယ်လိုဖက်ဒရယ်မျိုးကို တည်ဆောက်လိုလဲ ဒါတွေရော ဆွေးနွေးသွားဖို့ရှိလား?

ဖြေ။ ။ ကျွန်တော်တို့ကတော့ ခုနပြောသလိုပေါ့လေ အဲဒီခေါင်းစဥ်ကလည်း ကျွန်တော်တို့ဘက်က စတင်စဥ်းစားတဲ့ခေါင်းစဥ်တစ်ခု အကြောင်းအရာတစ်ခု ဖြစ်ပါတယ် သို့သော်လည်းပဲ လက်ရှိနိုင်ငံရေးအခင်းအကျဥ်းအရ ခုနက သွားနေတဲ့ ဖက်နှစ်ဘက်နဲ့အနေနဲ့ နှစ်ဖက်စလုံးအဆင်ပြေနိုင်မှပဲ ကျွန်တော်တို့က စတင်ဆွေးနွေးလို့ရမှာဖြစ်ပါတယ်။ ဒီလိုမျိုးပေါ့လေ ကျွန်တော်တို့ နှစ်ဖက်စလုံးအတွက် ခုနက ဆရာပြောတဲ့ခေါင်းစဥ်တွေ ဘာတွေ တကယ်လို့ ကျွန်တော်တို့က စတင်ဆွေးနွေးဖို့ သဘောတူညီမှုရှိခဲ့ဆိုရင် ဘယ်ကနေ ဘယ်လိုစတင်ဆွေးနွေးနိုင်မလဲဆိုတာကလည်း ဒါကလည်း ကျွန်တော်တို့နှစ်ဖက်စလုံးရဲ့ အဆင်ပြေနိုင်တဲ့အခင်းအကျဥ်း အဆင်ပြေနိုင်တဲ့ အခြေအနေအပေါ်မှာပဲမူတည်ပြီးတော့ နှစ်ဖက်စလုံးရဲ့ သဘောတူညီချက်နဲ့ပဲ ရှေ့ဆက်သွားရမယ့်အခင်းအကျဥ်း အဲလိုပဲနားလည်မှုရှိတယ်ခင်ဗျ။

မေး။ ။ လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့ဆိုရင်တော့ ဘယ်လိုအဖွဲ့အစည်းတွေက ဒီဆွေးနွေးဝိုင်းမှာ ပါဝင်သင့်လဲ၊ နောက် ဘာတွေက ဖြေလျှော့သင့်လဲပေါ့လေ အဖွဲ့အစည်းတွေအနေနဲ့။

ဖြေ။ ။ ဒါကလည်း ခုန ကျွန်တော်ပြောသလိုမျိုးပေါ့လေ အခုလက်ရှိ ကျွန်တော်တို့ကြုံတွေ့နေရတဲ့အခက်အခဲဆိုတာက ဘယ်ခေတ်ဘယ်အချိန်အခါ ဘယ်အစိုးရလက်ထက်မှာမှ မကြုံခဲ့ဖူးတဲ့ အင်မတန်မှ နက်ရှိုင်းကျယ်ပြန့်ပြီးတော့ ခက်ခဲနက်နဲတဲ့ အခက်အခဲဖြစ်တယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ရဲ PPST အနေနဲ့ကတော့ ဆရာတို့လဲသိမှာပါ ပြီးခဲ့တဲ့ ၂၀၂၂ ဧပြီလ ကျွန်တော်တို့ထိပ်သီးအစည်းအဝေးအပြီး ထုတ်ပြန်ချက်မှာပါတဲ့အတိုင်းပဲ ကျွန်တော်တို့နိုင်ငံမှာ လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေ ကျော်လွှာနိုင်ဖို့အတွက် ဒီအခက်အခဲတွေက နိုင်ငံရေးကြောင့်ဖြစ်ပေါ်လာတဲ့ အခက်အခဲတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့က နိုင်ငံရေးတွေ့ဆုံဆွေးနွေးခြင်းနည်းနဲ့ အဖြေရှာခြင်းကသာ ကျွန်တော်တို့ ပြည်ထောင်စုအတွက်ရော ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသားအတွက်ရော ထိခိုက်နစ်နာမှုအနည်းဆုံးလမ်းကြောင်းတစ်ခုကို ကျွန်တော်တို့ ရွေးချယ်နိုင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့လေ ကျွန်တော်တို့ကတော့ သက်ဆိုင်သမျှအားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲအခင်းအကျဥ်းပေါ်ပေါက်လာဖို့ ကျွန်တော်တို့က တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်မှုတွေရှိတယ်။

ခုနက ဆရာပြောသလိုမျိုးပေါ့ ဘယ်အဖွဲ့အစည်းတွေ ဘယ်သူတွေပါဝင်ဆွေးနွေးကြမလဲဆိုတာကလဲ လက်ရှိ ကျွန်တော်တို့နိုင်ငံရဲ့ ပကတိကြုံတွေ့နေရတဲ့အခင်းအကျဥ်းပေါ့လေ အဲဒီအပေါ်မှာ မပါမဖြစ်ပါသင့်ပါတိုက်တဲ့လူတွေနဲ့တော့ ကျွန်တော်တို့က ထိတွေ့ဆက်ဆံပြောဆိုဆွေးနွေးပြီးတော့ ကျွန်တော်တို့ အဖြေရှာဖို့ ကျွန်တော်တို့ PPST ရဲ့ ရည်မှန်းချက်ဖြစ်တယ်။ နောက် ကျွန်တော်တို့ PPST အနေနဲ့ နားလည်းရသလောက်ဆိုရင် ကျွန်တော်တို့မှာ နားလည်မှုယူထားပြီးသားအချက်တွေလည်း ရှိပါတယ်။ ဥပမာအားဖြင့်ဗျာ ကျွန်တော်တို့ နိုင်ငံကို ပြည်ထောင်စုငြိမ်းချမ်းရေးတည်ဆောက်မယ်။ ကျွန်တော်တို့ပြောနေတဲ့ ငြိမ်းချမ်းရေးသည် လူမျိုးတစ်မျိုးအတွက် မဟုတ်ဘူး ဒေသအတွက် ပြောနေတဲ့ငြိမ်းချမ်းရေးလဲမဟုတ်ဘူး ကျွန်တော်တို့ ပြည်ထောင်စုငြိမ်းချမ်းရေးကို ပြောတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့က တနိုင်ငံလုံးလွှမ်းခြုံတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးတည်ဆောက်ဖို့ဆိုတာကလည်း ကျွန်တော်တို့နိုင်ငံကို ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုလို့ပဲခေါ်ခေါ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုလို့ပဲ ခေါ်ခေါ် အဲဒါတွေကို ကျွန်တော်တို့က နိုင်ငံရေး တွေ့ဆုံဆွေးနွေးတဲ့ရလဒ်နဲ့အညီ ကျွန်တော်တို့ ဆွေးနွေးညှိနှိုင်း တည်ဆောက်ရသွားမှာ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ ဖက်ဒရယ်လို့ ပြောလိုက်မယ်ဆိုလို့ရှိရင် တိုင်းရင်းသားလူမျိုးများအားလုံး တိုင်းရင်းသားနိုင်ငံရေးပါတီတွေလည်း ဖြစ်ရင်ဖြစ်မယ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေလည်းဖြစ်ရင်ဖြစ်မယ် အဲဒါကို ပါဝင်ရမှာဖြစ်သလို ဒီမိုကရေစီလို့ ပြောလိုက်မယ်ဆိုရင်လဲ လူထုကိုယ်စားပြုမှုအားကောင်းတဲ့ အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေ အဲဒါတွေလည်း ကျွန်တော်တို့ မျက်ကွယ်ပြုထားလို့မရဘူးလို့တော့ ကျွန်တော်တို့ နားလည်တယ်။ ဆိုတော့က သက်ဆိုင်သူများအားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲမှာ အဖွဲ့အစည်းတခု လူပုဂ္ဂိုလ်တစ်ယောက်ရဲ့နာမည်ကိုတပ်ပြီး ခေါ်တာထက်ပေါ့လေ ကျွန်တော်အနေနဲ့ကတော့ ကျွန်တော်တို့ပကတိရှိနေတဲ့နိုင်ငံရေးအခြေအနေအပေါ်မှာ ကျွန်တော်တို့ဖက်ဒရယ်ဒီမိုကရေးစီပြည်ထောင်စု တည်ဆောက်ဖို့အတွက် မပါမဖြစ် ပါသင့်ပါထိုက်တဲ့အင်အားစုတွေ လူပုဂ္ဂိုလ်တွေအားလုံးတော့ ကျွန်တော်တို့က အဆင့်ဆင့်ပေါ့လေ ကျွန်တော်တို့ ထိတွေ့ဆက်ဆံညှိနှိုင်းဆောင်ရွက်ပြီးတော့ ပြောဆိုဆွေးနွေးသဘောတူညီမှုရရှိဖို့ကတော့ အဲလိုမျိုးလုပ်ဆောင်သင့်တယ်လို့တော့ ကျွန်တော့်အနေနဲ့ကတော့ အဲလိုပဲ နားလည်မှုရှိပါတယ်။

မေး။ ။ အပစ်ရပ် ၇ ဖွဲ့နဲ့ SAC တွေ့ဆုံမှုအပေါ်မှာ ဒီတွေ့ဆုံမှုကနေ လက်ရှိပြဿာနာဖြေရှင်းရေးလမ်စလို့ ပြောလို့ရလား။

ဖြေ။ ။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က အဲလိုပါပဲ ကျွန်တော်တို့ရဲ့ ပန်းတိုင်ကတော့ ခုနကျွန်တော်ပြောသလိုပါပဲ ကျွန်တော်တို့အနေနဲ့လည်း ဆရာတို့သိတဲ့အတိုင်းပဲ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျွန်တော်တို့ NCA လမ်းကြောင်းကနေ လုပ်တဲ့ နိုင်ငံရေးဆွေးနွေးမှု process တွေ အကုန်လုံးရပ်တန့်သွားတယ် သို့သော်လည်းပဲ ကျွန်တော်တို့ နိုင်ငံတနံအလျားမှာ နေ့စဥ်ရက်စက်ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေက အရှိန်မလျော့ဘူး ဆက်လက်ပြီးတော့ ရှင်သန်နေတဲ့အပေါ်မှာ ကျွန်တော်တို့ PPST အနေနဲ့ လက်ရှိ ကျွန်တော်တို့နိုင်ငံရဲ့အကျပ်အတည်းတွေကို ကျော်လွှားနိုင်ဖို့ သက်ဆိုင်သူသမျှအားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု ဖြစ်မြောက်ဖို့က ကျွန်တော်တို့ရဲ့ အဓိကပန်းတိုင် ဖြစ်တယ်။ ဒီကနေ့ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးပကတိအခြေအနေက ဆရာတို့လဲ သိပါတယ်။ ကျွန်တော်တို့ပုံမှန်အနေအထားမဟုတ်တဲ့ နိုင်ငံရေးအခင်းအကျဥ်းတခုကို ကျွန်တော်တို့ ဖြတ်ကျော်နေရတဲ့ကာလမှာ ဒီဆွေးနွေးပွဲတစ်ခုနဲ့တစ်ခု ငြိမ်းချမ်းရေးဆွေးနွေးပွဲပဲဖြစ်ဖြစ် နိုင်ငံရေးဆွေးနွေးပွဲပဲဖြစ်ဖြစ် ကျွန်တော်တို့အရင်တုန်းကလုပ်ခဲ့တဲ့ process အရဆိုရင် ကျွန်တော်တို့က နိုင်ငံရေးဆွေးနွေးပွဲတွေ မလုပ်ခင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမလုပ်ခင်မှာ အရင်ဦးဆုံး ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲအောင် ကျွန်တော်တို့ အရင်လုပ်ထားရတယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်နေတဲ့အချိန်မှာ ကိုယ့်ရဲ့ဒေသတွင်းမှာပေါ့လေ ပစ်ခတ်တိုက်ခိုက်မှု ပဋိပက္ခတွေမဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်းနဲ့ ကျွန်တော်တို့လုပ်နေရတဲ့အခင်းအကျဥ်းတွေ ရှိသလိုပေါ့လေ။ ကနေ့အချိန်ကတော့ ပုံမှန်အနေအထားမဟုတ်တဲ့ နိုင်ငံရေးအခင်းအကျဥ်းအောက်မှာကတော့ ဒါတွေကလည်း ကျွန်တော်တို့ကနေပြီးတော့ ရရှိခဲ့တဲ့အခြေအနေရဲ့ ပြောင်းပြန်ဖြစ်နေတဲ့အချိန်မှာက ကျွန်တော်တို့ရဲ့ အဓိက ရည်မှန်းချက်ဖြစ်တဲ့ သက်ဆိုင်သူများအားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု အခင်းအကျဥ်းပေါ်ပေါက်ဖို့ဆိုတာက စိန်ခေါ်မှုတွေ အခက်အခဲတွေ အများကြီးရှိနေဆိုတာကိုတော့ ကျွန်တော်တို့လည်း နားလည်တယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ ၇ ဖွဲ့ကနေပြီးတော့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ်မှာ ခုနက ကျွန်တော်တို့မျှော်မှန်းတဲ့ သက်ဆိုင်သူများအားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲအခင်းအကျဥ်းပေါ်ပေါက်လာဖို့အတွက် ဘယ်လိုလမ်းစရှာပြီး လုပ်လို့ရမလဲ ဘယ်လိုအစပျိုးမှုတွေလုပ်လို့နိုင်မလဲ စသည်ဖြင့်ပေါ့လေ။ point အနေနဲ့ ကျွန်တော်တို့အနေနဲ့ ရရှိနိုင်အောင် ကျွန်တော်တို့ ရည်မှန်းပြီးတော့ အဆင့်တဆင့်ကို ကျွန်တော်တို့က စတင်ကြိုးပမ်းဆောင်ရွက်ခြင်းဖြစ်ပါတယ်ခင်ဗျ။

IMNA – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here