မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်အဖွဲ့ (ကိုးကန့်တပ်ဖွဲ့)

0
1517

မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်အဖွဲ့ (ကိုးကန့်တပ်ဖွဲ့) – MNDAA

စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၁၁ မတ် ၁၉၈၉

ရုံးချုပ် – ရွေ့လျားဌာနချုပ်

လှုပ်ရှားရာ နယ်မြေ – ကိုးကန့်ဒေသ မုံးကိုးနှင့် လောက်ကိုင်မြို့နယ်များ

အင်အား – ၂၀ဝ၀ အထက်

ဥက္ကဋ္ဌ – ဖုန်ကြားရှင်

ဒု-ဥက္ကဋ္ဌ

အတွင်းရေးမှူး – ဖုန်ဒီယန် (ခ) ဖုန်ဒါးရှန်

ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) မှ ခွဲထွက်ကာ ၁၉၈၉ ခုနှစ်တွင်ပင် ဖွဲ့စည်းတည်ထောင်ပြီး တပ်မတော်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရယူခဲ့သည့် MNDAA သည် ရှမ်းပြည် နယ်အတွင်း အထူးဒေသ (၁) အဖြစ် သတ်မှတ်ကာ ကိုးကန့်ဒေသတွင် အခြေပြုရပ်တည်လာသည်။ ၂၀ဝ၉ ခုနှစ်၊ စက်တင်ဘာလတွင် တပ်မတော်လက် အောက်ခံ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေး ဖိအားပေးခံရပြီးနောက် အပစ်အခတ်ရပ်စဲထားမှု ပျက်ပြယ်ကာ တပ်မတော်နှင့် MNDAA အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့သည်။

ဦးသိန်းစိန်အစိုးရလက်ထက်တွင် UNFC နှင့်အတူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း ပါဝင်ခဲ့သော်လည်း တပ်မတော်နှင့် ဦးသိန်းစိန်အစိုးရတို့က တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အဖြစ် မသိအမှတ်ပြုခဲ့သည့်အတွက် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလမှစကာ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက် ထိုနှစ် ဇွန်လ ၁၀ ရက်တွင် MNDAA က တစ်ဖက်သတ် အပစ်ရပ်ကြောင်း ကြေညာခဲ့သည်။

၂၀၁၉ ဖေဖော်ဝါရီ ဒုတိယအပတ်ထဲတွင်လည်း ကွမ်လုံမြို့နယ်အတွင်း တပ်မတော်နှင့် တိုက်ပွဲအချို့ ဖြစ်ပွားခဲ့ပါသည်။ MNDAA သည် KIO/KIA ၊ TNLA ၊ ULA/AA တို့နှင့်အတူ မြောက်ပိုင်းမဟာမိတ် လေးဖွဲ့တွင် ပါဝင်သလို KIO/KIA မပါဘဲ ညီနောင်မဟာမိတ် သုံးဖွဲ့တွင်လည်း ပါဝင်နေပြီး စစ်ရေးအရ ပူးပေါင်း‌ဆောင်ရွက်မှုများ ရှိနေပါသည်။ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၀ ရက်၊ ကျိုင်းတုံဆွေးနွေးပွဲအပြီး ဒီဇင်ဘာလကုန်အထိ တစ်ဖက်သတ် အပစ်ရပ်ကြောင်း MNDAA၊ ULA/AA နှင့် TNLA ပါဝင်သည့် ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ခဲ့ပါသည်။

MNDAA သည် UWSA ဦးဆောင်သည့် FPNCC နှင့်အတူ NCA မဟုတ်သော အခြားလမ်းကြောင်းဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် ပါဝင်ရန် ပြင်ဆင်နေပြီး ကိုးကန့်ဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြန်လည်ရရှိပြီး ကိုးကန့်ပြည်သူများအနေဖြင့် နိုင်ငံသားအခွင့်အရေး အပြည့်အဝရရှိရေးအတွက် ဦးတည်မျှော်လင့်ထားသကဲ့သို့ တပ်မတော်နှင့် စစ်ရေးအရ ထိတွေ့တိုက်ပွဲများလည်း ရှမ်း‌မြောက်ပိုင်း မုံးကိုး၊ ကွတ်ခိုင် စသည့် ဒေသတစ်ကြောတွင် မကြာခဏ ဖြစ်ပွားလေ့ရှိပါသည်။

စစ်အာဏာသိမ်းကာလအတွင်း MNDAA နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားသည့် ရက်ပေါင်း ၄၆ ရက်အထိ ရှိခဲ့သော်လည်း ၂၀၂၁ ဒီဇင်ဘာလ ၁၅ ရက်က ရှမ်းပြည်နယ် အရှေ့ပိုင်း NDAA အုပ်ချုပ်သော မိုင်းလားမြို့တွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် လက်နက်ကိုင်အဖွဲ့များနှင့် စစ်ကောင်စီ၏ ကိုယ်စားလှယ်များအကြား အလွတ်သဘောတွေ့ဆုံပွဲသို့ MNDAA အနေဖြင့် တက်ရောက်ခဲ့ပါသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်တွင် MNDAA ခေါင်းဆောင် ဖုန်ကြားရှင် ကွယ်လွန်သွားခဲ့ပြီး ၎င်း၏ ဈာပနအခမ်းအနားသို့ စစ်ကောင်စီကိုယ်စားလှယ်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်နှင့် ULA/AA စစ်ဦးစီးချုပ် အပါအဝင် မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်ကို တွေ့ရပါသည်။ MNDAA အတွင်း ခေါင်းဆောင်ပိုင်း အပြောင်းအလဲများကို မြင်တွေ့ရဖွယ်ရှိပါသည်။

အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
အပစ်အခတ်ရပ်စဲရေးပြုလုပ်ထားခြင်းမရှိသည့်အဖွဲ့။

တိုက်ပွဲများ
၂၀၁၅ – တပ်မတော်နှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားမှု အကြိမ်အရေအတွက်ကို မသိရ။
၂၀၁၆ – မြောက်ပိုင်းမဟာမိတ်အဖွဲ့ (မြန်မာ) နှင့် တိုက်ပွဲဖြစ်ပွားမှု
မိတ်ဖက် – ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ၊ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးညှိနှိုင်းအဖွဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ (မြန်မာ)

ဦးဆောင်မှု
ဦးဖုန်ကြားရှင် (နာယက)
အတွင်းရေးမှုးနှင့် စစ်ဦးစီးချုပ် ဖုန်ဒီးရန်(ခ) ဖုန်ဒါးရှန်
ဒုတိယ စစ်ဦးစီးချုပ် – ယန်ဝင်းရှန်
စစ်ဦးစီးအရာရှိချုပ် – ဖန်ဒီးချူ
ပြောခွင့်ရပုဂ္ဂိုလ် – ဦးထွန်းမြတ်လင်း

နိုင်ငံရေးတောင်းဆိုမှုများ
ကိုးကန့်ဒေသတွင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး။
အခြားတိုင်းရင်းသားအဖွဲ့များကဲ့သို့ တိုင်းရင်းသားအခွင့်အရေး တူညီစွာရရှိရေး။
ကိုးကန့်တိုင်းရင်းသားများအတွက် နိုင်ငံသားအခွင့်အရေး အပြည့်အဝရရှိရေး။

ဆက်သွယ်ရန်
ဝက်ဆိုဒ်: http://www.kokang123.com

Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၁ – ၂၀၂၂

LEAVE A REPLY

Please enter your comment!
Please enter your name here