ကရင်နီအမျိုးသားတိုးတက်ရေးပါတီ

0
1903

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP/KA)

စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၁၉၅၇

ရုံးချုပ် – ညာမူ၊ ရှားတောမြို့နယ်၊ ကရင်နီ (ကယား) ပြည်နယ်

လှုပ်ရှားရာ နယ်မြေ – လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ရှားတော၊ ဖားဆောင်း၊ မော်ချီးနှင့် ဘောလခဲမြို့နယ်များ၊ ကရင်နီ (ကယား) ပြည်နယ်

အင်အား – ၂၀ဝ၀ အထက်

ဥက္ကဋ္ဌ – ခူဦးရယ်

ဒု-ဥက္ကဋ္ဌ – ခွန်းအေဘယ်တွဒ်

အတွင်းရေးမှူး (၁) – ခူဒယ်နီယာယ်

၁၉၉၅ ခုနှစ်တွင် တပ်မတော်အစိုးရနှင့် KNPP အကြား အပစ်ရပ်လက်မှတ်ရေးထိုးနိုင်ခဲ့သော်လည်း သုံးလအကြာ တွင် နှစ်ဖက်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားကာ အပစ်ရပ်သဘောတူညီချက်လည်း ပျက်ပြယ်ခဲ့ရသည်။ ဦးသိန်းစိန် အစိုးရလက်ထက်တွင် UNFC နှင့်အတူ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွင်း ပါဝင်ခဲ့ပြီး ၂၀၁၂ ခုနှစ် မတ်လနှင့် ဇွန်လများတွင် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ရပ်ရေး လက်မှတ်ရေးထိုးနိုင်ခဲ့သော်လည်း ၂၀၁၅ ခုနှစ် NCA လက်မှတ်ရေးထိုးချိန်တွင်တော့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အားလုံးပါဝင်ရေးမူကို ကိုင်စွဲကို NCA လက်မှတ်ရေး ထိုးရန် ငြင်းပယ်ခဲ့သည်။

သို့နှင့်တိုင် NCA အရ ဖြစ်ပေါ်လာသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လာနိုင်ရေးအတွက် အစိုးရနှင့် KNPP အကြား တွေ့ဆုံဆွေးနွေးမှုများ ရှိနေသည့်အပြင် COVID-19 ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများအတွက် မြန်မာအစိုးရအပါဝင် နယ်မြေချင်းထိစပ်နေသော ထိုင်းအစိုးရတို့နှင့်ပါ ပူးပေါင်းဆောင်ရွက်သွားမည်ဟု KNPP က ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၃ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။

နိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခအားလုံး ချုပ်ငြိမ်းရေးနှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးအဖြေရှာနိုင်ရေးအတွက် အစိုးရနှင့် တပ်မတော်တို့အနေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို ထုတ်ပြန်ရန်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း အားလုံးပါဝင်မှုကို ဖော်ဆောင်ရန်နှင့် အပြန်အလှန် အသိအမှတ်ပြုခြင်း၊ တန်းတူရေးကို အခြေခံသော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု အခင်းအကျင်းကို ဖော်ဆောင်ရန်ဆိုသည့် အချက်သုံးချက်ကို ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် KNPP က တောင်းဆိုထားပါသည်။

စစ်အာဏာသိမ်းကာလအတွင်း KNPP ၏ ရပ်တည်ချက်သည် စစ်အာဏာရှင်စနစ်အမြစ် ပြုတ်ချေမှုန်းရေးကို ဦးတည်ကာ ဒေသတွင်း ဖြစ်တည်လာသော ပြည်သူ့ကာကွယ်ရေးအင်အားစုများနှင့် ပူးပေါင်းပြီး စစ်ကောင်စီတပ်များကို ခုခံတော်လှန်လျက်ရှိသည်။ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တွင် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသလို စစ်ကြောင့် ဖြစ်ပေါ် လာသည့် စစ်ဘေးရှောင်ပြည်သူများအရေးလည်း ကူညီပေးလျက်ရှိသည်ကို တွေ့ရပါသည်။ စစ်ကောင်စီ၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို ပြတ်သားစွာ ငြင်းပယ်ကာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်‌ထောင်စုတည်ဆောက်ရေးအတွက် ဒေသတွင်း အစုအဖွဲ့အင်အားစုများနှင့်အတူ ပူးပေါင်းကြိုးပမ်းလျက်ရှိသည်ကို တွေ့ရသည်။

အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးခြင်း
– အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးသည့် (၁၀) ခုမြောက် တိုင်းရင်းသားလက်နှက်ကိုင်အဖွဲ့။
– အဆင့် ၁ – ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (မတ် ၇, ၂၀၁၂)
– အဆင့် ၂ – ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (ဇွန် ၉, ၂၀၁၂)
– တရားဝင်ကိုယ်စားပြုအဖွဲ့ (အလှည့်ကျ)

စစ်ဘက်ခေါင်းဆောင်များ
စစ်ဦးစီးချုပ် – ဗိုလ်ချုပ် ဘီထူး
ဒု-စစ်ဦးစီးချုပ် – ဗိုလ်ချုပ်အောင်မြတ်
စစ်ရေးချုပ် – ဗိုလ်မှူးကြီး ဘုန်းနိုင်

ဆက်ဆံရေးရုံးများ
၁။ လွိုင်ကော် (၂၅-၇-၂၀၁၂ ခုနှစ်တွင် စတင်ဖွင့်လှစ်)
၂။ ရှားတော (၁-၈-၂၀၁၂ ခုနှစ်တွင် စတင်ဖွင့်လှစ်)

မဟာမိတ်များ
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့၊ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့။

ဆက်သွယ်ရန်
ဝက်ဆိုဒ်: https://www/khpphq.org/
အီးမေးလ်: [email protected]

Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၁ – ၂၀၂၂

LEAVE A REPLY

Please enter your comment!
Please enter your name here