20 ဧပြီ 2024 /

See today's Peace Related News

သံတောင်မြို့ရှိဒေသခံများ နေရပ်ပြန်နေထိုင်နိုင်ရေး စစ်ကောင်စီနှင့် ဆွေးနွေးရန် စီစဥ်နေ

ကရင်ပြည်နယ်၊ သံတောင်မြို့ (၁၃) မိုင်တွင် စစ်ကောင်စီ၏လက်နက်ကြီးရန် စိုးရိမ်ကြောက်လန့်သဖြင့် နေရပ်စွန့်ခွာထွက်ပြေးနေရသော ဒေသခံများ လုံခြုံစွာနေရပ်ပြန်နေထိုင်နိုင်ရေး စစ်ကောင်စီနှင့်တွေ့ဆုံဆွေးနွေးသွားဖို့ သံတောင်မြို့ ဘာသာပေါင်းစုံကော်မတီက စီစဥ်နေကြောင်း မြို့ခံများက ပြောသည်။

အဆိုပါကော်မတီဝင်များက ပြီးခဲ့သည့် မတ်လ (၁၃) ရက်နေ့ကလည်း ကေအဲန်ယူမှတာဝန်ရှိသူများနှင့် ဘေးကင်းစွာနေရပ်ပြန်နေထိုင်နိုင်ရေး သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကြပြီး မြို့တွင်းရှိ ရပ်ကွက်၊ အစုအဖွဲ့အလိုက် ကိုယ်စားလှယ်များခေါ်ယူကာ မြို့ခံများထံမှ သဘောထားကောက်ခံ၍ မကြာမီရက်ပိုင်းအတွင်း ခရိုင်အုပ်ချုပ်ရေးမှူးများမှတဆင့် စစ်ကောင်စီနှင့်ဆွေးနွေးသွားဖို့ လုပ်ဆောင်နေကြောင်း ကော်မတီဝင်များနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

၎င်းက “သဘောထားကောက်ခံတယ်ဆိုတာ ပြန်နေရေး၊ မနေရေးပေါ့လေ။ နေမယ်ဆိုရင်လည်း ဥပမာ စစ်တပ်ကကန့်သတ်ထားတဲ့နေရာတွေကို မသွားဖို့လိုက်နာနိုင်လားပေါ့။ ကေအဲန်ယူဘက်ကတော့ ခင်ဗျားတို့ကို ကျနော်တို့မောင်းထုတ်တာမဟုတ်ဘူး။ ဒီကိစ္စက မြန်မာပြည်တစ်ပြည်လုံးမှာ ဖြစ်နေတဲ့အတွက်ကြောင့် ဘေးကင်းရပါမယ်လို့လည်း ပြောလို့မရဘူးတဲ့။ သံတောင်မှာက စစ်ကိုင်းဘက်လောက်တောင် မဆိုးဘူးဆိုတော့ အိမ်ပြန်နေကြပါပေါ့။ ဒါပေမဲ့ နေအိမ်တွေမှာတော့ ဗုံးခိုကျင်းတွေ၊ စားနပ်ရိက္ခာတွေတော့ ကြိုတင်ပြင်ဆင်ထားဖို့ ပြောတယ်။” ဟု ပြောသည်။

ထို့အပြင် သဘောထားကောက်ခံပြီးနောက် ကော်မတီအနေဖြင့် မြို့အတွင်း ကျန်ရှိနေသော စစ်လက်ကျန်ပစ္စည်းများအား ပြန်သိမ်းယူပေးရန်၊ မြေမြှုပ်မိုင်းများရှိခဲ့ပါက ပြန်ဖျက်ပေးရန် အစရှိသည်တို့ကို ခရိုင်အုပ်ချုပ်ရေးမှူးများမှတဆင့်တင်ပြ၍ စစ်ကောင်စီနှင့်ညှိနှိုင်းဆွေးနွေးကာ တောင်းဆိုသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါဘာသာပေါင်းစုံကော်မတီတွင် သံတောင်မြို့ရှိ ခရစ်ယာန်ဘုရားကျောင်း ကိုးကျောင်းမှ ဆရာတော်များ၊ ဘုန်းကြီးကျောင်းနှစ်ကျောင်းမှ ဂေါကလူကြီးများနှင့် သံဃာတော်အချို့ပါဝင်ပြီး အသင်းတော်အသီးသီး၏ ကိုယ်စားလှယ်များဖြင့် ဆပ်ကော်မတီများ စုဖွဲ့၍လုပ်ဆောင်နေကြောင်း၊ ယခင်ကတည်းက မြို့ခံလူထုအပေါ် ဘာသာရေးဆရာများ၏ ဩဇာညောင်းမှုရှိကြောင်း အခြားဒေသခံတစ်ဦးက ပြောသည်။

အဆိုပါဒေသခံက “အဲ့သဘောထား ကောက်ခံတဲ့ကိစ္စက သိထားတာ ရက်ပိုင်းလောက်ရှိပြီ။ သံတောင်မှာက ဘာသာရေးဆရာတွေက မြို့ခံတွေအပေါ် တော်တော်လေး လွှမ်းမိုးမှုရှိတယ်။ အရင်ကလည်း PDF တွေကို မြို့ထဲမှာ တိုက်ခိုက်တာတွေမလုပ်ဖို့ ပြောသေးတယ်။” ဟု ၎င်းကပြောသည်။

အလားတူ ယမန်နေ့ မတ်လ (၁၅) ရက်နေ့က သံတောင်မြို့ (၁၆) မိုင် စစ်ကောင်စီတပ်စခန်းအား လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့မှ ဒရုန်းဖြင့်လာရောက်တိုက်ခိုက်ခဲ့သောကြောင့် (၁၃) မိုင် စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးပစ်ကူတိုက်ခိုက်ပေးခဲ့သောကြောင့် (၁၃) မိုင်နှင့်အနီးတဝိုက်သို့ လက်နက်ကြီးကျရောက်မှုများရှိခဲ့ပြီး ထိခိုက်ပျက်စီးမှုအခြေအနေကို မသိရှိရသေးကြောင်း ဒေသခံများက ပြောသည်။

သံတောင်တွင် ပြီးခဲ့သည့် ဇန်နဝါရီလ (၂၇) ရက်နေ့က စစ်ကောင်စီတပ်နှင့် နယ်မြေခံကာကွယ်ရေးတပ်ဖွဲ့များ ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီမှလက်နက်ကြီးဖြင့် မြို့တွင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ဒေသခံများ နီးစပ်ရာမြို့နှင့် တောရွာများသို့ တိမ်းရှောင်ထွက်ပြေးခဲ့ရသလို ဖေဖော်ဝါရီလ (၄) ရက်နေ့မှ မတ်လ (၆) ရက်နေ့တွင်း ကေအဲန်ယူခေါင်းဆောင်အချို့၏နေအိမ်အပါအဝင် အရပ်သားများ၏နေအိမ် အလုံး (၂၀) အား စစ်ကောင်စီက မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သည်။

နန့်ဆန်းထီ(KIC) – ပေးပို့သည်။

More News