29 မတ် 2024 /

See today's Peace Related News

ဝိုင်းမော်မြို့နယ်အတွင်းရှိ နေရပ်ရင်းပြန် စစ်ရှောင်များ ကျန်းမာရေးစောင့်ရှောက်မှုမရမည်ကို စိုးရိမ်နေ

ဝိုင်းမော်မြို့နယ်၊ ဂါးရာယန်ကျေးရွာတွင် ပြန်လည်နေထိုင်နေကြသည့် နေရပ်ရင်းပြန် ကချင်စစ်ဘေးရှောင်များက ကျေးရွာအတွင်း ဆေးရုံ၊ ဆေးခန်းနှင့် ကျေးလက်ဆေးပေးခန်းများ မရှိသည့်အတွက် အရေးပေါ် ဖျားနာလာပါက ချက်ချင်း ကျန်းမာရေးစောင့်ရှောက်မှုများ အလွယ်တကူ မရရှိမှာကို စိုးရိမ်နေကြသည်။

ဂါးရာယန်ကျေးရွာအတွင်း နေရပ်ပြန်လည်နေထိုင်ကြသည်မှာ နှစ်နှစ်နီးပါးရှိပြီဖြစ်ပြီး လက်ရှိအချိန်ထိ ဆေးရုံ၊ ဆေးခန်း မရှိသေးဘူးဟု နေရပ်ပြန်စစ်ရှောင်များက ပြောသည်။

ဒေသခံတစ်ဦးက “သက်ကြီးရွယ်အို အဘိုးအဘွားတွေလည်း အများကြီး ပါလာတာကို တွေ့ရတယ်။ သူတို့တွေ ဖျားလာမယ် အရေးပေါ် ဖြစ်လာမယ်ဆိုရင် ဒီမှာက ဆေးပေးခန်းတောင် မရှိသေးတဲ့အပြင် လူမှုကူညီရေး မော် တော်ဆိုင်ကယ်ပါ Ready မရှိထားတဲ့ အခါကျတော့ နေ့ပဲဖြစ်ဖြစ်၊ ညပဲဖြစ်ဖြစ် သယ်ယူပို့ဆောင်ရေးမှာလည်း တော်တော် အခက်တွေ့နိုင်ပါတယ်။ အဲ့ဒါကိုတော့ အလွန်စိုးရိမ်ပါတယ်” ဟု ပြောသည်။

ထို့အပြင် အဆိပ်ရှိသည့် သတ္တဝါများ ကိုက်ခံရခြင်း၊ ငှက်ဖျားနှင့် အခြား အသက်အန္တရာယ်ရှိနိုင်သည့် ရောဂါများ ဖြစ်ပွားလာပါက အရေးပေါ် ဆေးကုသမှု အချိန်မှီ မရရှိမှာကိုလည်း စိုးရိမ်သည်ဟု အဆိုပါဒေသခံက ဆက်ပြောသည်။

နေရပ်ပြန် ဂါးရာယန် စစ်ရှောင်အမျိုးသမီးတစ်ဦးက “အခုအခြေအနေက တောအုပ်လို ဖြစ်သွားခဲ့တဲ့ ရွာဟောင်း ကြီးကို အခုချိန်မှ ပြန်လည် နေရပ်ပြန် နေထိုင်တာ ဖြစ်တဲ့အတွက် သဘာဝဘေးအန္တရာယ်လို့ ပြောလို့ရတဲ့ ခြင် တွေ၊ တခြားအဆိပ်ရှိနိုင်သော သတ္တဝါတွေ၊ မသန့် ရှင်းတော့တဲ့ ရေသုံးစွဲမှုတွေကြောင့် ဖြစ်လာနိုင်သော ကာလ ရောဂါတွေ၊ ငှက်ဖျားတွေ ဖြစ်လာမှာကို အလွန် စိုးရိမ်ပါတယ်” ဟု ပြောသည်။

ဂါးရာယန်ကျေးရွာမှ ရွာသားများသည် ကျေးရွာအတွင်းသို့ ပြန်လည် အခြေချနေထိုင်နေသည်မှာ ၂ နှစ်နီးပါး ရှိလာပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ ကျေးလက်ဆေးပေးခန်းပင် မရှိသေးသည့်အတွက် ဖျားနာမှုကြောင့် သော်လည်းကောင်း၊ လိုအပ်သော ကျန်းမာရေးအတွက် သော်လည်းကောင်း ရွာသားများမှာ ဂါးရာယန် ကျေးရွာ မှ မော်တော်ကား၊ ဆိုင်ကယ်ဖြင့် ၂ နာရီနီးပါးခန့် သွားရသည့် ဝိုင်းမော်မြို့ရှိ ဆေးရုံ၊ ဆေးခန်းတို့တွင် သွားရောက် ဆေးကုသရသည်ဟု ဆိုသည်။

နေရပ်ပြန် ဒေသခံ စစ်ရှောင်တစ်ဦးက “အခုက ကိုယ်ဝန်ဆောင်မိခင်လိုမျိုး၊ မွေးကင်းစ ကလေးလိုမျိုး၊ အထွေ ထွေရောဂါ အသေးစားလိုမျိုးကိုတော့ သူတို့ရဲ့ ဆေးစစ်၊ ဆေးထိုး၊ ဆေးပေးတဲ့ အချိန်မှာ ကုသယူရပြီး ဒီထက် ပိုပြင်းသော ရောဂါတွေဆိုရင်တော့ ဝိုင်းမော်မြို့ရှိ ဆေးရုံတွေမှာ သွားရောက်ကုသရပါတယ်” ဟု ပြောသည်။

လက်ရှိ ဝိုင်းမော် ကျန်းမာရေးဌာနမှ ဂါးရာယန်ကျေးရွာတွင် နှစ်ပတ်တစ်ကြိမ် ကျန်းမာရေးအတွက် စစ်ဆေးမှု များ၊ ဆေးပေးဆေးထိုးသည့် လုပ်ငန်းများ စတင်လုပ်ဆောင်ပေးနေသော်လည်း ညအချိန်မတော် အရေးပေါ် ဆေးကုသမှု လိုအပ်လာပါက သွားရောက် ကုသရန် အခက်အခဲများ ရှိနေသည်ဟု ဆိုကြသည်။

အလားတူ စစ်တပ်က ထိုင်ထားသည့် လမ်းတလျှောက်က ဂိတ်များတွင်လည်း စစ်ဆေးမှုများ တင်းကြပ်ထား သောကြောင့် ညအချိန် အရေးပေါ် သယ်ယူပို့ဆောင်ရေးအတွက် ပိုပြီး စိုးရိမ်ရသည်ဟု နေရပ်ပြန် စစ်ရှောင်များ က ပြောသည်။

ဂါးရာယန်ကျေးရွာတွင် ယခင် ၂၀၁၀ ခုနှစ် အစောပိုင်းကာလ တိုက်ပွဲများ မဖြစ်ခင် အချိန်က ကျေးရွာထဲတွင် ကျန်းမာရေးဆိုင်ရာ ကျေးလက်ဆေးပေးခန်းရှိခဲ့သည့် နည်းတူ လက်ရှိအချိန်တွင်လည်း ကျန်းမာရေးဝန်ထမ်းများ နှင့် ကျေးလက်ဆေးခန်းပေး တစ်ခုထားပေးရန် ရွာသားများက မျှော်လင့်နေကြသည်။

ဂါးရာယန်ကျေးရွာမှ စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇွန်လမှ စတင်ကာ ၎င်းတို့၏ မူရင်းနေရပ် ရင်းတွင် ပြန်လည် အခြေချနေထိုင်နေကြခြင်း ဖြစ်ပြီး၊ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိ ပြန်လည်နေထိုင်သူ အိမ် ခြေ ၂၈၇ မှ လူဦးရေ ၁၄၀၀ နီးပါး ရှိသည်ဟု ဆိုသည်။

ဂါးရာယန် ရွာသားများအနေဖြင့် ၎င်းတို့၏ မူရင်းနေရပ်ကို ပြန်လည် အခြေချနေထိုင်လိုသောကြောင့် စာရင်း သွင်းထားသော ဒေသခံ အိမ်ခြေ စာရင်းမှာ ၂၀၂၀ ခုနှစ်၌ အိမ်ခြေ ၄၈၈ အထိရှိပြီး၊ ယခုနှစ် ၂၀၂၃ ခုနှစ်တွင် အိမ်ခြေ ၅၀၀ ကျော် အထိ ရှိနေသည်။

ဂါးရာယန်ကျေးရွာသည် စစ်မရှောင်ခင် ၂၀၁၀ ခုနှစ် အရှေ့ပိုင်း၌ အိမ်ခြေ ၃၃၀ နီးပါးရှိကာ ရွာသား စုစုပေါင်း လူဦးရေ ၁၆၀၀ ကျော် နေထိုင်သည့် ကျေးရွာတစ်ရွာ ဖြစ်သည်။

NMG – ပေးပို့သည်။

More News