20 ဧပြီ 2024 /

See today's Peace Related News

ပလက်ဝမြို့နယ်အတွင်း ဆေးဝါး၊ ရိက္ခာသယ်ယူခွင့်များ စစ်ကောင်စီတပ် ကန့်သတ်ထားသဖြင့် ကျေးရွာ (၄၀) ခန့် အခက်အခဲဖြစ်နေဟုဆို

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် စစ်ကောင်စီ ရေကြောင်းစစ်ဆေးရေးဂိတ်က ဆေးဝါးနှင့် စားနပ်ရိက္ခာသယ်ယူခွင့်ကို ကန့်သတ်ကာ ငွေကြေးကောက်ခံနေ၍ လူနည်းစုတိုင်းရင်းသား ကျေးရွာ (၄၀) ခန့်မှ ပြည်သူများ အခက်အခဲဖြစ်နေကြောင်း ဒေသခံများက ပြောဆိုသည်။

ပလက်ဝမြို့နယ်၊ တရွန်အိုင်ရွာ အနီးတောင်ကုန်းတွင် တပ်စွဲထားသည့် စစ်တပ်သည် တရွန်အိုင် ကျေးရွာအနီး ကုလားတန် မြစ်ကမ်းဘေးတွင် စစ်ဆေးရေးဂိတ်ဖွင့်ထားပြီး ကျောက်တော်မြို့မှ ကုန်ပစ္စည်း သယ်ယူသွားလာနေသည့် ဒေသခံပြည်သူများ၏ စက်လှေများအားစစ်ဆေးကာ ငွေကြေးကောက်ခံနေကြောင်း ၎င်းတို့က ပြောသည်။

ချင်းအမျိုးသားတစ်ဦးက “ ဒီမှာရှိတဲ့ ခမီ၊ ရခိုင်၊ ချင်း၊ ဒိုင်းနက်ဆိုသလိုဒီလူမျိုးတွေဟာ အခု ပလက်ဝဘက်ကို ကျောက်တော်ဘက်ကနေ ဆေးဝါးတွေ၊ ရိက္ခာတွေသွားယူဖို့ အခက်အခဲဖြစ်နေပါတယ်။ တရွန်အိုင်ရွာအနီး စစ်တပ်က ဂိတ်က ဒါတွေကို ကန့်သတ်ထားပြီး ပိုက်ဆံတောင်းနေပါတယ်။ ဒါတွေကြောင့် အခက်အခဲဖြစ်ရတယ်” ဟု ပြောသည်။

ယင်းသို့စစ်ဆေးမှုများကြောင့် တရွန်အိုင်ကျေးရွာမှစကာ ကုလားတန်မြစ်အထက်ပိုင်း အုတ်သလင်းချောင်း၊ ကလက်ချောင်း၊ ချင်းလက်ချောင်းတို့ရှိ ချင်းလက်ဝ၊ မြိတ်ဝ၊ မီးဇာ၊အုတ်သလင်း၊ စေတီကိုင်း၊ ဆင်အိုးဝ၊ ဒိုးချောင်းဝ စသည့် တိုင်းရင်းသားကျေးရွာ (၄၀) ခန့် အခက်အခဲဖြစ်နေရသည်ဟု ပြောဆိုသည်။

အဆိုပါ တိုင်းရင်းသားကျေးရွာ (၄၀) ခန့်တွင် ရခိုင်အပါအဝင် ခမီ၊ ချင်း၊ မီဇူ၊ ဒိုင်းနက်၊ မြို၊ သက် နှင့်ချို စသည့် လူနည်းစု တိုင်းရင်းသားများ အဓိကနေထိုင်ကြောင်း သိရသည်။

အဆိုပါ တရွန်အိုင်ရွာအနီး စစ်တပ်မှ စစ်စခန်းကို အမာခံတည်ဆောက်ရာတွင်လည်း လိုအပ်နေသည့်ငွေအပါအဝင် ဘိလပ်မြေ၊ သဲ၊ကျောက်နှင့် သစ်များကို ပြည်သူများထံမှ အတင်းအဓမ္မ ကောက်ခံများရှိခဲ့ပြီး လက်ရှိတွင် ဆောကျလုပျရေးပစ်စည်းများ မတောင်းယူတော့သော်လည်း သွားလာခွင့်ရရှိရေး ငွေ၅ သိန်းအထိ ကုန်သည်စက်လှေများပေးဆောင်နေရကြောင်း အမည်မဖော်လိုသည့် စက်လှေသမားတစ်ဦးက ပြောသည်။

“ ကျောက်တော်ဘက်က ကုန်သည်စက်လှေတွေကနေ တစ်ခေါက်ကို ၅ သိန်းစီတောင်းပါတယ်။ ပေးရင်တော့ ခွင့်ပြုစာတခါတည်းပေးပါတယ်။ ပေးရင်တော့ မြန်တာပါပဲ။ မပေးချင်တဲ့လူတွေကိုတော့အချိန်ဆွဲပြီး ရပ်ထားပါတယ်။ သွားလာခွင့်မပြုပါဘူး” ဟု ပြောသည်။

ယခုကဲ့သို့ ကုန်သွယ်စီးဆင်းမှုအခက်အခဲ ၊ အကုန်အကျများပြားမှုတို့ကြောင့် ကုန်စျေးနှုန်းမြင့်တက်မှုများကိုလည်း ရင်ဆိုင်နေရကြောင်း ဒေသခံများက ပြောသည်။

အေအေနှင့် စစ်ကောင်စီတပ်တို့ တကျော့ပြန်တိုက်ပွဲအတွင်း ပိတ်ထားခဲ့သည့် ပလက်ဝ-ကျောက်တော် ရေကြောင်းလိုင်းကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ (၃) ရက်နေ့က ပြန်ဖွင့်ပေးခဲ့သည်။ သို့သော်လည်း တရွန်အိုင်တွင် တပ်စွဲထားသည့် စစ်တပ်က ယခုလို နည်းမျိုးစုံဖြင့် အကြောင်းပြပြီး ပြည်သူများထံက ငွေကြေး တောင်းခံနေသော်လည်း အထက် တာဝန်ရှိသူများက တစ်စုံတစ်ရာ စစ်ဆေးမှု မရှိသဖြင့် ပြည်သူများအနေဖြင့် အထူးဒုက္ခ ရောက်နေကြရသည်ဟု ၎င်းတို့က ပြောဆိုသည်။

ပလက်ဝမြို့နယ်မှ ဒေသခံများသည် ကုလားတန်မြစ်ကို မှီခိုပြီး လုပ်ကိုင်စားသောက်နေကြရသလိုကုန်ပစ္စည်းများကိုလည်း ကျောက်တော်မြို့မှ အဓိကဝယ်ယူတင်သွင်းနေကြရခြင်း ဖြစ်သည်။

တရွန်အိုင်ကျေးရွာအနီးရှိ တောင်ပေါ်တွင် မွန်ပြည်နယ် အခြေစိုက် စကခ (၁၉) လက်အောက်ခံ တပ်ရင်းများက စစ်သားအင်အား (၂၀၀) ခန့်ဖြင့် တပ်စွဲထားပြီး မြစ်ကမ်းအနီး စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်သား (၇) ဦးခန့်က နေ့စဉ်သွားလာနေသည့် စက်လှေများထံမှ မတရားသဖြင့် ငွေကြေား ကောက်ခံနေခြင်းဖြစ်ကြောင်း အဆိုပါရေလမ်းတွင် သွားလာနေသူများက ပြောဆိုသည်။

ယခုလို ပြည်သူများက စစ်တပ်က တရားမဝင် ငွေကြေးကောက်ခံနေသည်ဟု ပြောဆိုမှုနှင့် ပတ်သက်ပြီး ဟုတ်/ မဟုတ်ကို စစ်ကောင်စီဘက်ကို ဆက်သွယ် မေးမြန်းလိုသော်လည်း ဖြေဆိုမည့်သူ မရှိသဖြင့် မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။

More News