29 မတ် 2024 /

See today's Peace Related News

KNU တပ်မဟာ ၃ နယ်မြေ ညောင်လေးပင်တွင် လူ ၅၀၀၀ ခန့် စစ်ရှောင် ထွက်ပြေးနေရ

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ နယ်မြေ ညောင်လေးပင်ခရိုင် ရွှေကျင်မြို့နယ်ထဲတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည့်အတွက် လူဦးရေ ၅၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများက ပြောသည်။

ရွှေကျင်မြို့နယ်ထဲတွင် မတ်လ ဒုတိယအပတ်မှ စတင်ကာ တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ ယနေ့အချိန်အထိဖြစ်ပြီး တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံဦးရေ ၅၀၀၀ ခန့်ရှိနိုင်သည်ဟု ညောင်လေးပင်ခရိုင် ကရင်လူမှုရေးရာအဖွဲ့ တာဝန်ရှိသူ စောအယ်စတားက ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့် အခြေအနေနှင့်ပတ်သက်၍ စောအယ်စတားက “ကျနော်တို့ ဒီမနက်အထိက တိုက်ပွဲသံ ကြားနေရတုန်းပဲ လက်နက်ကြီးသံတွေလည်း ကြားနေရတုန်းပဲပေါ့နော။ ကျနော်တို့ တိုက်ပွဲဖြစ်တာက လက်ရှိ လောလောဆယ် ဒီက ဖြစ်နေတဲ့ဟာကတော့ ဒီကြားထဲမှာ ဆိုရင် ၅ ရက် တပတ်ဝန်းကျင် ၅ ရက် တစ်ပတ် လောက်ရှိပါပြီပေါ့နော်။ ဒီကြားထဲမှာ ဖြစ်နေတာပေါ့နော်” ဟု မတ်လ ၁၄ ရက်နေ့က ပြောသည်။

စစ်ကောင်စီတပ်နှင့် KNU လက်အောက်ခံ ကရင်ကာကွယ်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ကရင်လူမှုရေးရာအဖွဲ့က ပြောသည်။

ထိုတိုက်ပွဲများကြောင့် ဒေသခံများမှာ စစ်ဘေးလွတ်ရာ ဒေသများသို့ ထွက်ပြေးတိမ်း ရှောင်နေရသည့် စောအယ်စတားက ဆက်ပြောသည်။

စောအယ်စတားက “အင်းဗလာဆိုရင် အိမ်ခြေပေါင်း ၃၀၀ ကျော်ရှိတယ်ဗျာ။ အိမ်ခြေပေါင်း ၃၀၀ ကျော်ရှိတယ်ဆိုရင် ဘယ်လိုပဲ ဖြစ်ဖြစ် ကျနော်တို့ အကုန်လုံး ထွက်ပြေး တိမ်းရှောင်သွားတယ်ဆိုရင် အဲဒီ အင်းဗလာ ရွာမှာပဲ ရွာကိုပြန်ကြည့်မယ်ဆိုရင် လူဦးရေ ကျား/မ ပေါ့ စုစုပေါင်းဆိုရင် အားလုံး လူပေါင်း ၂၀၀၀ ကျော်ရှိတယ်ဗျား။ နောက်တစ်ခုက ချောင်းဂျိုးဆိုရင် အိမ်ခြေပေါင်း ၇၀ ရှိတယ်ဗျား။ အဲဒါတစ်ရွာလုံး ထွက်ပြေးတိမ်း ရှောင်သွား ပြီးဆိုရင် ကျနော်တို့ ဘယ်လိုပဲ ဖြစ်ဖြစ် အဲဒါ လူဦးရေ တစ်ထောင် ကျော်ရှိပါတယ်နော။ အာလုံး စုစုပေါင်းဆိုရင် လူပေါင်း လေးထောင်ကျော် ငါးထောင်ဝန်းကျင် ရှိပါတယ်ဗျာ” ဟု ပြောသည်။

အင်းဗလာ၊ ချောင်းကျိုး၊ ပုဇွန်အိုင်၊ လက်ကောက်ဝ၊ ပျဉ်ရေ၊ မိုးခို၊ အင်းကျိုက်၊ အင်းဘဝါ၊ ဝိုင်ကျွန်း၊ ဖိုးပိုက်ဆံ၊ ရွှေခဲစု၊ ညောင်အိုင် အစရှိသည့် ကျေးရွာ ၁၂ ရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု အမည်မဖော်လိုသည့် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထွက်ပြေးတိမ်းရှောင် နေရသည့် အမည်မဖော်လိုသူ ဒေသခံ အမျိုးသားတစ်ဦးက “အခု တချို့တော့ နီးစပ်ရာ ဒီ ရွှေကျင်ဖက်ကနေ ပတ်ပြီးတော့ ပြေးသွားကြာတာပေါ့နော အသိရှိတဲ့နေရာတွေ ဘုန်းကြီးကျောင်းတို့ ဘာတို့မှာ တချို့ ဆွေမျိုးရှိတဲ့ နေရာလေးလိုက်ပြီးတော့ နေကြတာပေါ့လေ။ အဲ့လိုပဲ သိရတယ်။ ၁၂ ရွာလောက်ရှိတယ်။ လူဦးရေတော့ ထောင်ကျော်မှာပဲထင်တယ်။ အိမ် ၆ ထောင် ကျော်တယ်ဆိုတော့” ဟု ပြောသည်။

ဒေသခံများမှာ ရွှေကျင်မြို့နှင့် မဘီးကျေးရွာအုပ်စု ဘုရားကြီးကျေးရွာရှိ ကျောက်မှော်ဘုရားဖက်သို့ ထွက်ပြေးတိမ်းရှောင်နေကြသည့် သူများရှိသလို စစ်ဘေးလွတ်ရာ အခြားကျေးရွားများသို့ ထွက်ပြေးတိမ်းရှောင် ကြသည့် သူများလည်း ရှိသည်ဟု ဆိုသည်။

ရွှေကျင်မြို့နှင့် ကျောက်မှော်ဘုရားဖက်သို့ ရောက်ရှိသွားသည့် စစ်ဘေးရှောင်များမှာ ဘုန်းကြီးကျောင်းနှင့် ဘုန်းကြီးကျောင်း ဓမ္မရုံများတွင် နေထိုင်နေကြပြီး ၎င်းတို့၏ စားဝတ်နေရေးကို ဒေသခံများနှင့် စစ်ဘေးရှောင်လာသူ အချင်းချင်းက ဝိုင်းဝန်း ဖြေရှင်းနေကြသည်ဟု ပြောသည်။
ထို့အတူ အခြားကျေးရွာများသို့ ထွက်ပြေး တိမ်းရှောင် သူများမှာလည်း ဆွေမျိုးများ၏နေအိမ်တွင် နေထိုင်ကြပြီး ဆွေမျိုးများ၏ အကူအညီဖြင့် စားဝတ်နေရေးကို ဖြေရှင်းနေကြသည်ဟု စောအယ်စတားက ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်ရသလို တိုက်ပွဲဖြစ်ပွားမှု မရှိပဲနှင့်လည်း စစ်ကောင်စီတပ်က ကျေးရွာများအတွင်းသို့ လက်နက်ကြီး ရမ်းသန်းပစ်ခတ်ခြင်း၊ ကျေးရွာအတွင်းသို့ ဝင်ရောက်ရာတွင် ပစ်ခတ်ပြီးဝင်ရောက်ခြင်း၊ ဒေသခံများကို မတရားဖမ်းဆီးနှိမ့်စက်ခြင်း၊ သတ်ဖြတ်ခြင်း စသည့် အခြေ အနေများကြောင့် ထွက်ပြေးတိမ်းရှောင် နေကြရသည်ဟု ဒေသခံများက ပြောသည်။

ထိုအနေအထားများကြောင့် နိုင်ငံတကာ အကူအညီပေးနေသည့် အဖွဲ့အစည်းများက စစ်ဘေးရှောင်များကို ယခုထက်ပိုပြီး အကူအညီပေးရန်နှင့် စစ်ကောင်စီ၏လုပ်ရပ်ကို စောင့်ကြည့်ပြီး ထိရောက်သည့် အပြစ်ပေးအရေးယူမှုများကို လုပ်ဆောင်ပေးရန် လူ့အခွင့်အရေးလှုပ်ရှားသူများနှင့် ဒေသခံများက တောင်းဆိုသည်။

NMG – ပေးပို့သည်။

More News