“ကရင်နီနဲ့ ပအိုဝ်းအကြား လူမျိူးရေးပဋိပက္ခတွေဖြစ်အောင် ပအိုဝ်းတွေအနေနဲ့ သူတို့ဘက်ပါလာအောင် လုပ်ဆောင်တာဖြစ်တယ်။ ကျနော်တို့ရဲ့ထုတ်ပြန်ချက်မှာ သက်သေအထောက်အထားခိုင်လုံစွာနဲ့ ထုတ်ပြန်ထားပါတယ်။ အဲ့ဒါကြောင့် ပြည်သူလူထုအနေနဲ့လည်း သတင်းတွေကို သေချာစွာစီစစ်ပြီးမှ ယုံစေချင်ပါတယ်” (PNDF-KK ၏ ပြောရေးဆိုခွင့်ရှိသူ)

0
506

ပအိုဝ်းအမျိူးသားကာကွယ်ရေးတပ်ဖွဲ့ – ခမ်းကောင် (PNDF-KK) ပြောရေးဆိုခွင့်ရှိသူနှင့် အမေးအဖြေ

ပအိုဝ်းအမျိူးသားကာကွယ်ရေးတပ်ဖွဲ့-ခမ်းကောင် (PNDF-KK)သည် ပအိုဝ်းအမျိူးသားဖယ်ဒရယ်ကောင်စီ (PNFC) ၏ ဦးဆောင်မှုအောက်မှ ဒေသတွင်း တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်းကာ ရှမ်း၊ ကရင်နီ (ကယား) နယ်စပ်နှင့် ပအိုဝ်းဒေသအတွင်း စစ်ရေးလှုပ်ရှားနေသော ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့ဖြစ်သည်။

ပြီးခဲ့သည့် မတ်လ (၁၁) ရက်နေ့က ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နဘ် နန်းနိန်ကျေးရွာ ဘုန်းကြီးကျောင်းတွင် အရပ်သား (၂၂) ဦး သတ်ဖြတ်ခံခဲ့ရသည့်ဖြစ်စဥ်အား စစ်ကောင်စီက ကျုးလွန်ခဲ့ခြင်းဖြစ်ကြောင်း PNDF-KK က ထုတ်ပြန်ထားသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး အာဏာသိမ်းစစ်အုပ်ကောင်စီ၊ ပအိုဝ်ပြည်သူ့စစ်အဖွဲ့ (PNO)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူ့အခွင့်အရေးဝန်ကြီးဌာနတို့မှ အသီးသီးထုတ်ပြန်မှုများ ရှိခဲ့သည်ကို တွေ့ရသည်။

ထိုအနက် မြေပြင်တွေ့ရှိချက်မှတ်တမ်းများ၊ သက်သေအထောက်ထားများနှင့် တကွ ထုတ်ပြန်ထားသည့် ပအိုဝ်းအမျိူးသားကာကွယ်ရေးတပ်ဖွဲ့-ခမ်းကောင် (PNDF-KK) ၏ ပြောရေးဆိုခွင့်ရှိသူအား ဆက်သွယ်ကာ ၎င်းတို့၏ တွေ့ရှိများကို ချဉ်းကပ်မေးမြန်းထားပါသည်။

မေး။ နန်းနိန်ရွာကဖြစ်စဥ်မှာ ဘယ်လိုအချက်အလက်တွေကိုကြည့်ပြီး စစ်ကောင်စီက ဒီအမှုကို ကျုးလွန်ခဲ့တယ်လို့ ပြောနိုင်တာလဲ။

ဖြေ။ မတ်လ (၁၁) ရက်နေ့မှာ စစ်ကောင်စီက လက်နက်ကြီးပစ်ဖို့နဲ့စစ်ကြောင်းထိုးဖို့ တက်လာတဲ့အချိန် ရွာတွေကိုမီးရှို့တယ်။ ရွာထဲကို လမ်းရှင်းရင်းဝင်လာတဲ့အချိန် စက်သေနတ်တွေနဲ့ပစ်တယ်။ ရွာသားတွေက ဘုန်းကြီးကျောင်းမှာ ပုန်းခိုဖို့မြေအောက်တိုက်ခန်းငယ်လေးတွေ လုပ်ထားတာရှိတော့ အဲဒီအထဲမှာ ဝင်ပုန်းနေကြတာ။ စစ်ကောင်စီက ဘုန်းကြီးကျောင်းထဲဝင်လာပြီး ဘုန်းကြီးကျောင်းဂိုဒေါင်မှာထားတဲ့ ဆန်အိတ်တွေကို မီးရှို့တယ်။ မီးရှို့ပြီးတော့ မြေအောက်ခန်းငယ်လေးထဲမှာ ပုန်းနေတဲ့ အမျိုးသမီးတစ်ယောက်၊ အမျိုးသား (၁၇) ယောက်အပါအဝင် ကျောင်းထိုင်ဘုန်းကြီးတစ်ပါး၊ ဦးပဥ္ဇင်းနှစ်ပါး နဲ့ တစ်နေ့ကထပ်တွေ့တဲ့ တစ်ယောက်ရယ် အားလုံးပေါင်းရင် (၂၂) ယောက်ကို သေဆုံးလျက်သား ဘုန်းကြီးကျောင်းမှာတွေ့ရတယ်ပေါ့။ အဲဒါတွေအကုန်လုံးကို မြေအောက်ခန်းထဲကနေ စစ်ကောင်စီကဆွဲထုတ်ပြီးတော့ ဘုန်းကြီးကျောင်းရဲ့အရှေ့ဘက်ရယ် မြေအောက်ခန်းအပေါက်ဝမှာရယ် တန်းစီပြီးတော့ သူတို့တွေ (ဒေသခံတွေ) ကို စစ်ကောင်စီက ပစ်သတ်ခဲ့တယ်။

ဒီဖြစ်စဥ်ကို ကျနော်တို့ ဘာလို့ဒီလောက်ပြောနိုင်လဲဆိုတော့ ကျနော်တို့ထုတ်ပြန်ထားတဲ့ပုံတွေမှာလည်း တွေ့ရမယ်။ ဘုန်းကြီးကျောင်းရဲ့အရှေ့ဘက်နံရံနဲ့မြေအောက်တိုက်ခန်းအဝင်ဝရဲ့နံရံတွေမှာ ဇကာပေါက်လိုဖြစ်နေတယ်။ ပြီးတော့ အလောင်းတွေရဲ့အနောက်မှာလည်း ဇကာပေါက်တွေတွေ့တယ်။ အဲ့ဒါတွေကိုကြည့်ခြင်းအားဖြင့် စစ်ကောင်စီက မြေအောက်ခန်းထဲမှာ ခိုလှုံနေတဲ့ရွာသားတွေကို ဆွဲထုတ်ပြီးတော့ တန်းစီပြီး ပစ်သတ်ခဲ့တယ်ဆိုတာ သိသာတယ်။ ပြီးတော့ ဘုန်းကြီးကျောင်းဝင်းတစ်ဝိုက်မှာ စစ်ကောင်စီကသုံးတဲ့လက်နက်ကြီး အစအနတွေရယ်၊ ကပစ ထုတ်လို့ရေးထားတဲ့ ကျည်ဖူးခွံတွေရယ် အမြောက်အမြားတွေ့ရတယ်။ ဒါတွေကိုကြည့်ခြင်းအားဖြင့် ရွာသူရွာသားတွေကို စစ်ကောင်စီကသတ်ဖြတ်ခဲ့တယ်ဆိုတာ သေချာပါတယ်။

မေး။ စစ်ကောင်စီဘက်က PDF တွေလုပ်ဆောင်တယ်လို့ ပြောဆိုနေတာတွေအပေါ် ဆရာတို့ဘက်က ဘယ်လိုထောက်ပြ ပြောဆိုချင်လဲ။

ဖြေ။ စစ်ကောင်စီဘက်ကတော့ ဒီလုပ်ရပ်ဟာ ကရင်နီ (ကယား) ပြည်နယ် ကာကွယ်ရေးတပ်ဖွဲ့တွေက ကျူးလွန်တယ်ဆိုပြီးတော့ စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ သူတို့သတ်ဖြတ်ထားတဲ့ပြည်သူတွေရဲ့ခန္ဓာကိုယ်ပေါ်မှာ တူမီးတွေ၊ လေသေနတ်တွေတင်ထားတဲ့ ဓာတ်ပုံတွဲတင်ပြီးတော့ PDF က သတ်ခဲ့တယ်ဆိုပြီး သက်သေအ‌ထောက်အထားနဲ့တကွ မတ်လ (၁၁) ရက်နေ့ရက်စွဲနဲ့ တင်ထားတာရှိတယ်။ ကျနော်တို့ သတ်ဖြတ်ခံရသူတွေရဲ့ခန္ဓာကိုယ်တွေကို တွေ့တဲ့အချိန်မှာတော့ ဘာလက်နက်မှမတွေ့ရှိခဲ့ဘူး။ ပြီးတော့ ရွာသားအများစုရဲ့အနီးအနားမှာ အိမ်ထောင်စုစာရင်းတွေရှိတယ်။ အဲဒီအိမ်ထောင်စုစာရင်းတွေကို ကြည့်တာနဲ့ အသတ်ခံရတဲ့ရွာသားတော်တော်များများက နမ်းနိန်းရွာရဲ့ရွာသားတွေဆိုတာ သိနိုင်တယ်။ စစ်ကောင်စီက စွပ်စွဲသလို PDFတွေ သတ်တာ မဟုတ်ပါဘူး။

မေး။ နန်းနိန်ရွာကဒေသခံတွေကို ကျူးလွန်ခဲ့တဲ့ စစ်ကောင်စီရဲ့လုပ်ရပ်အပေါ် ဆရာတို့ (ပအိုဝ်းအမျိူးသားကာကွယ်ရေးတပ်ဖွဲ့-ခမ်းကောင်) ရဲ့ အမြင်နဲ့သဘောထားကို ပြောပြပေးပါဦး။

ဖြေ။ ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီးတော့ ဒါတွေက စစ်ကောင်စီဘက်ကနေလုပ်တဲ့ လူမဆန်တဲ့ကိစ္စရပ်လို့မြင်ပါတယ်။ စစ်ကောင်စီက ခေတ်အဆက်ဆက်ကလည်း ဒီလိုလူမဆန်တဲ့ကိစ္စတွေ လုပ်ခဲ့တယ်။ ဟိုတစ်ခေါက်ကလည်း ကရင်နီ(ကယား)ဘက်မှာလည်း လုပ်သွားတယ်။ ဒီလိုမျိုး စစ်ကောင်စီက ပြည်သူတွေကို ရက်ရက်စက်စက်သတ်ဖြတ်မှုတွေကျူးလွန်နေတဲ့အပေါ်မှာ ကျနော်တို့အနေနဲ့ နိုင်ငံတကာအဖွဲ့အစည်းနဲ့ရော ပြည်တွင်းပြည်ပက အဖွဲ့အစည်းတွေနဲ့ရော အသတ်ခံလိုက်ရတဲ့ပြည်သူတွေအတွက် တရားမျှတမှုရရှိအောင် ခုံရုံးတင်နိုင်အောင် လုပ်ဆောင်နေပါတယ်။

ကျနော်တို့အဖွဲ့ရဲ့ရည်မှန်းချက်က စစ်ကောင်စီကိုအမြစ်ပြတ်တိုက်ခိုက်ရာမှာ ပါဝင်တဲ့အတွက် ကျနော်တို့က စစ်ကောင်စီကို အဆုံးထိတိုက်ခိုက်ပါမယ်။ ဒါပေမဲ့ စစ်ကောင်စီက ကျနော်တို့ ပအိုဝ်းပြည်သူတွေကို ရက်ရက်စက်စက်သတ်တာဟာ လူမဆန်တဲ့လုပ်ရပ်ဖြစ်တဲ့အတွက် ကျနော်တို့ ဘယ်တော့မှ သက်ညှာပေးခြင်းရှိမှာ မဟုတ်ပါဘူး။

မေး။ စစ်ကောင်စီကို ဘယ်လိုတုံ့ပြန်လုပ်ဆောင်မှုတွေ လုပ်ဆောင်သွားမလဲဆိုတာ ပြောပြပေးလို့ရမလား။

ဖြေ။ စစ်ကောင်စီကို တုံ့ပြန်လုပ်ဆောင်သွားမယ် တချို့ဟာတွေက စစ်ရေးအရဆိုတော့ ထုတ်ပြောလို့အဆင်မပြေပါဘူး။ အနည်းဆုံးကတော့ အသတ်ဖြတ်ခံရတဲ့ပြည်သူတွေအတွက် တရားမျှတမှုရရှိအောင်တော့ ကျနော်တို့လုပ်ဆောင်သွားပါမယ်။

မေး။ နန်းနိန်ရွာဖြစ်စဥ်နဲ့ပတ်သက်လို့ ပြည်သူလူထုကို ဘာများ သတင်းစကားပါးချင်လဲ။

ဖြေ။ စစ်ကောင်စီကတော့ ကရင်နီနဲ့ ပအိုဝ်းကြားမှာ သွေးခွဲသပ်လျှိုမှုကတော့ လုပ်မှာပဲ။ အစကတည်းကိုက ဒီလိုမျိုးပဲ လုပ်လာတာဆိုတော့လေ။ ကရင်နီနဲ့ ပအိုဝ်းအကြား လူမျိူးရေးပဋိပက္ခတွေဖြစ်အောင် ပအိုဝ်းတွေအနေနဲ့ သူတို့ဘက်ပါလာအောင် လုပ်ဆောင်တာ ဖြစ်တယ်။ ကျနော်တို့ရဲ့ထုတ်ပြန်ချက်မှာ သက်သေအထောက်အထားခိုင်လုံစွာနဲ့ ထုတ်ပြန်ထားပါတယ်။ အဲ့ဒါကြောင့် ပြည်သူလူထုအနေနဲ့လည်း သတင်းတွေကို သေချာစွာစီစစ်ပြီးမှ ယုံစေချင်ပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ လွှင့်နေတဲ့ သတင်းအမှားတွေကို သတိထားစေချင်ပါတယ်။

နန့်ဆန်းထီ(KIC) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here