16 ဧပြီ 2024 /

See today's Peace Related News

“ဒီလိုမျိုး စက်ယန္တရားကြီးတွေနဲ့ ရွှေတူးတယ်ဆိုတာ မေးကြည့် လိုက်ရင်လေ သူတို့ပြောတာက ဒါတရားဝင်ပဲတဲ့၊ တရားဝင်ဆိုတာ ဘယ်သူက ပေးတာလဲပေါ့။ အခုချိန်မှာ အစိုးရမရှိတဲ့ အချိန်ပေါ့။ ကျမတို့အတွက် အားကိုးရမယ့် အစိုးရမရှိသေးဘူးလေ” မြစ်ကြီးနားဒေသခံ အမျိုးသမီးတစ်ဦး

မြစ်ကြီးနားဒေသခံ အမျိုးသမီးတစ်ဦးနှင့် အမေးအဖြေ

ကချင်ပြည်နယ်တွင် ဧရာဝတီမြစ်လယ်အထိ ရွှေတူးဖော်နေမှုများကြောင့် မြစ်လယ်တွင် သောင်ထွန်းပြီး ရေ လမ်းကြောင်းများပါ ပြောင်းလဲမှုများ ရှိလာနေသည်ဟု ဒေသခံများက ပြောသည်။ စက်ယန္တယားကြီးများနဲ့ အလွန်အကျွံနေ့ရော ညပါ ရွှေတူးဖော်ခြင်းများကြောင့် ဧရာဝတီမြစ်ထဲတွင် သဲသောင် ပြင် ဧရိယာပိုမို ကျယ်ပြန့်လာပြီး ရေလမ်းကြောင်း ပြောင်းလဲမှုများ၊ ရေခမ်းခြောက်လာမှုများ ရှိလာသည်ဟု ပြောသည်။

ဘယ်လိုပုံစံမျိုး ရွှေတူးနေကြတာလဲ၊ ဘယ်လောက်အထိ ဆိုးရွားနေပြီလဲ။ ဒေသခံတွေက စက်ယန္တယားကြီးတွေ နဲ့ ဧရာဝတီမြစ်အထက်ဘက်၊ မြစ်လယ်နဲ့ မြစ်ရိုးတလျှောက် ရွှေတူးနေတဲ့ ကိစ္စတွေအပေါ် ဘယ်လို သုံးသပ်ပြော ဆိုနေပါသလဲ စတဲ့မေးခွန်းတွေအတွက် မြစ်ကြီးနားဒေသခံ အမျိုးသမီးတစ်ဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး – လက်ရှိ ဧရာဝတီမြစ်ရိုးကမ်းခြေတစ်လျှောက် ရွှေတူးဖော်မှုတွေက မြစ်လယ်အထိ ရောက်လာပြီလို့ ကြားသိရတယ်။ ဆိုတော့ ဘယ်လောက်ထိ တူးနေကြတာလဲ။ ပျက်စီးမှုတွေကရော ဘယ်လောက်ထိ ဆိုးဆိုးရွားရွား ပျက်စီးနေတာလဲ။

ဖြေ – ဧရာဝတီမြစ် ပျက်စီးတာရော သဘာ၀ ပတ်ဝန်းကျင်ပျက်စီးတာရောကတော့ အခုကတော့ ဒီ ၂၀၂၁ နောက်ပိုင်းပေါ့နော် ပိုဆိုးသွားတာ။ အရင်က ၂၀၂၀ အရှေ့ပိုင်းကတော့ အဲ့လောက်မဆိုးဘူး။ အဲ့လောက် မဆိုး ဘူးဆိုတာကတော့ ရွှေတူးတာကလည်း တစ်ပိုင်တစ်နိုင်ပဲ။ စက်ကြီးတွေ စက်ယန္တရားကြီးတွေ မသုံးဘူး။ နောက်ပြီးတော့ မြစ်ကမ်းနံဘေးကနေပြီးတော့ ဘယ်နှစ်မိုင် ဘယ်နှစ်မိုင် ဆိုပြီးတော့ သတ်မှတ်ထားတာ ရှိ တယ် အစိုးရကနေပြီးတော့။ အဲ့လိုသတ်မှတ်တဲ့ထဲ ကနေပဲ မြစ်ကမ်းအဝေးပေါ့ အဲ့မှာပဲ ရွှေတူးတာ။ ဒါပေမယ့် ဒီ ၂၀၂၁ ခုနှစ် နောက်ပိုင်း အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းကျတော့ အဲ့လိုမဟုတ်တော့ဘူး။ ကြိုက်သလို လုပ်နေ ကြတယ်။ မြစ်ကမ်းရော၊ ကုန်းရော၊ မြေပြန့်တွေရော၊ မြစ်ချောင်း၊ အင်းအိုင်တစ်ခုမကျန်တော့ဘူး။ ပိုပိုပြီးမှ ဆိုးဆိုးလာတယ်။ အဲ့ဒီမှာ ဘာတွေပိုပြီးမှ ဆိုးလာသလဲ ဆိုရင်တော့ စက်ယန္တရားကြီးတွေနဲ့တူးတာ ပိုဆိုးလာ တယ်။ Backhole နဲ့ တူးတယ်ဆိုရင် တစ်နာရီတောင် တူးစရာမလိုဘူး။ အများကြီး တူးနိုင်တယ်။ အများကြီး ကျယ်ပြန့်သွားတယ်ပေါ့။ နောက်ပြီး အောက်မှာလဲ သူတို့က ပေဘယ်နှစ်ရာဆိုပြီးမှ တူးဖြစ်သွားတယ်။ အဲ့လို မျိုး မြစ်ရိုးတစ်လျှောက်မှာ ရွှေတူးတယ်။ နောက်ပြီးဒီကုန်း ပေါ်တွေမှာရော တူးတယ်။ ဆိုတော့ မြစ်ချောင်း တွေအကုန်လုံး ညစ်ညမ်းနေတယ်။ အဲတော့ သန့်ရှင်းတဲ့ ရေတောင် မရှိတော့ဘူး။ သန့်ရှင်းတဲ့ မြစ်တောင် မရှိ တော့ဘူး အဲလိုမျိုး ဖြစ်နေတယ်။

မေး – အခုက ဘယ်လိုနေရာတွေမှာ ဘယ်လိုပုံစံတူးနေတာလဲ။

ဖြေ – အဲတော့ ဘယ်လို ပိုဆိုးနေလဲဆိုရင် အရင်ကတော့ မြစ်ဆုံ Dam ပေါ့နော်။ ၂၀၀၇ခုနှစ် ကနေပြီးတော့ ဒီမြစ်ဆုံ Dam ကို အစနှစ်နိုင်ငံ စာချုပ်ချုပ်ဆိုပြီးတဲ့ နောက်ပိုင်းမှာ ကျမတို့ မြစ်ဆုံ Dam ကို ကြောက်ပြီးတော့ မလုပ်သင့်ဘူးပေါ့နော်။ သမိုင်းဝင်နေရာဟုတ်တယ်။ အထင်ကရနေရာ ဟုတ်တယ်။ ဧရာဝတီမြစ်ရဲ့ ရေဝင် ရေလဲပေါ့နော်။ အဲတာတွေပေါ့။ မြန်မာနိုင်ငံရဲ့ အသက်သွေးကြောပေါ့ ဆိုပြီးတော့ ကျမတို့က ကန့်ကွက်ခဲ့တာ နော်။ အခုချိန်ထိပဲ။ အခုချိန်ထိကန့်ကွက်ပြီးမှ ဒီမြစ်ဆုံကို အခုချိန်ထိ နားနေတယ်။ ရပ်ဆိုင်းထားတယ်။ ဒါနဲ့ အခုဒီ အရန်းကြောက်စရာကောင်းတဲ့ မြစ်ဆုံ ရေကာတာ ကိုတောင်မှ ရပ်နားထားတယ်။ ဒါပေမယ့် အခုပိုပြီးမှ ကြောင်စရာကောင်းတာက အခု ရွှေတူးတဲ့ ဥစ္စာ။ မြစ်ဆုံမှာ မြစ်ဆုံရဲ့ အထက်နားမှာပေါ့နော်။ ရွှေတူးတာက တော့ ရက်ရက်စက်စက်ပဲ။ ရက်ရက်စက်စက်ကိုတူးတာ။ ရက်ရက်စက်စက်ကိုတူးတာဆိုတာက Backhole တွေ နဲ့ စက်ယန္တရားကြီးတွေနဲ့ ကျမတို့တောင် မမြင်ဖူးဘူး။ အရမ်းကြီးမားတဲ့ စက်ကြီးတွေနဲ့ အဲလိုမျိုးတူးနေ တယ်။ သူတို့တူးတာကတော့ မြစ်ကမ်းဘေးကနေတူးတယ်။ မြစ်ကမ်းနဘေးကနေ တူးပြီးမှ သူတို့တူးတာက အောက်ကို အခုက ပေ ၃၀၀လောက် နက်သွားပြီ။ ရေရဲ့ မျက်နာပြင်အောက် ရောက်သွားပြီ သူတို့တူးတာ။ အဲ့ ဆိုရင် ရေမျက်နာပြင်က အပေါ်မှာ သူတို့ရွှေတူးတာက အောက်မှာ ဖြစ်သွားပြီ။ အဲလိုမျိုးဆိုတော့ ရေအိုင်ကြီး တွေ အခုက ဒီမြစ်ဆုံရဲ့ အထက်နားမှာပေ့ါနော်။ အဲ့ဒါ သူတို့ ရွှေတူးတာကတော့ ရက်ရက်စက်စက်ပဲ။ ကြောက် စရာတောင် ကောင်းနေပြီ။ ရေအိုင်ကြီးတွေ ဖြစ်နေပြီ။ အဲဆိုတော့ ရေက တက်လာတာပေါ့နော်။ တကယ်လို့ များ မိုးတွင်းမှာ ရေကြီးရေလျှံမှုတွေ ဖြစ်လာပြီဆိုရင်တော့ အဲဒီအိုင်တွေက ဘလိုဖြစ်လာမလဲပေါ့နော်။ အဲ့ဒါ တွေ ပေါက်ကွဲသွားပြီးမှ လျှံထွက်လာရင် ကျမတို့ရဲ့ မြစ်ဆုံကတော့ ပျက်စီးသွားနိုင်တယ်။ နောက်ပြီးမှ အဲဒီမှာ ရှိနေတဲ့ ရွာတွေပေါ့နော် ရွာတွေလည်း ပျက်စီးသွားနိုင်တယ်။ အဲလိုမျိုးကြောာင့် ကျမတို့ကတော့ ဒီမြစ်ဆုံ Dam ကို တောင်မှ အကုန်လုံးက ကန့်ကွက်နေတဲ့ ကြားကအခုချိန်ထိ နားနေတယ်။ နားတယ်လို့ ပြောလို့ရတယ်ပေါ့ နော်။ ဒါပေမယ့် အခုက အဲဒီထက် ပိုဆိုးတဲ့ ဒီရွှေတူးဖော်မှုကတော့ ပိုပြီးမှ များနေတယ်ပေါ့နော်။ ပိုပြီးမှ ရွှေ တူးတာ များလာတာကို တွေ့ရတယ်လို့။

မေး – အခုက ဘယ်လိုနေရာတွေမှာ ဘယ်လိုပုံစံတူးနေတာလဲ။

ဖြေ – နောက်တစ်ခုက ဘယ်တော့ အခါမှလည်း ရွှေမတူးဖူးတဲ့ ပူတာအို ဆွမ့်ပရာဘွမ့် ဘက်နော်။ အခုက Backhole တွေနဲ့ အစုလိုက် အပြုံလိုက်ပဲ။ နေ့တိုင်း Backhole တွေ အသစ်အဟောင်း အကုန်လုံး အဲမှာပဲ။ သူတို့ကတော့ ဖွံ့ဖြိုးရေးလို့တော့ ပြောတယ်။ ရွာတွေမှာ ဘာလုပ်ပေးမယ်။ ညာလုပ်ပေးမယ်။ ဘုရား ကျောင်း တွေ ဆောက်ပေးမယ်။ လမ်းတွေဆောက်ပေးမယ်။ အမျိုးမျိုးပေါ့ကွာ။ ဖွံ့ဖြိုးရေးစနစ်ဆိုပြီး သူတို့တွေ ဝင် လာတယ်။ အဲ့လိုမျိုးပေါ့နော်။ ဒါပေမယ့် တကယ်တမ်းကျတော့ ဒီသဘာဝပတ်ဝန်းကျင်တွေ အကုန်လုံး ပျက် စီးနေပြီ။ တောင်တွေကို သူတို့က ပြန့်ဖြစ်အောင် လုပ်တယ်။ မြေပြန့်တွေကို ချိုင့်ခွက်၊ အိုင်တွေ ဖြစ်အောင် လုပ်တယ်။ အဲ့လိုဆိုတော့ မြစ်ချောင်းတွေ အကုန်လုံး တိမ်သွားတာတွေ ရှိတယ်။ မြစ်ရေလမ်းကြောင်း လွဲတာ တွေ ဖြစ်တယ်။ လုံးဝမြစ်ရေတွေ သောက်သုံးလို့မရတဲ့ အဆင့် ဖြစ်နေပြီ။ အခုတော့ အဆိပ်ရေ ဖြစ်နေပြီ။ ဒါ တွေ လုပ်တဲ့အတွက်ကြောင့်မို့ ဧရာဝတီမြစ်၊ ချောင်းတွေက အဆိပ်ရေတွေ ဖြစ်နေပြီလို့။ အရမ်း ကြောက်စရာ ကောင်းလာပြီ။ ငါးတွေကအစ အဆိပ်သင့်တာတွေ ဖြစ်လာနေပြီ အခုက။

မေး – မြစ်ဆုံမှာပဲ တူးနေတာလား အခုက။ တခြားရော ဘယ်နေရာတွေမှာ တူးနေသေးလဲ။

ဖြေ – အခုအဲ့ဒီဟာက မြစ်ရိုးတစ်လျှောက်ပေါ့နော်။ မြစ်ကူးတံတား ဗလမင်းထင်ရဲ့ အထက်ပေါ့နော်။ အဲမြစ်ရိုး တစ်လျှောက်မှာလည်း ရွှေတူးတာတော့ မြန်တာပဲ။ ရက်ရက်စက်စက်ပဲ။ အဲကြောင့်မလို့လေ မြစ်ရဲ့ ရေလမ်း ကြောင်းတွေ လွှဲလာပြီ။ ပြီးတော့ ဒီနှစ်ဆိုရင် အခုချိန်ထိ မိုးမရွာဘူး။ ရေက အခု တော်တော် ခမ်းခြောက်လာ ပြီ။ ခါတိုင်းဆိုရင်တော့ အခုချိန်ဆိုရင် မိုးတွေရွာတယ်။ ဧရာဝတီမြစ်လည်း သူ့ဟာနဲ့သူ စီးဆင်းနေတယ်။ ဒါ ပေမယ့် အခုဒီနှစ်ကလေ ရေလည်း မစီးတော့ဘူး။ ရေတွေက ဒီနှစ်က ခမ်းလာတာပေါ့နော်။ ရေက နည်းနည်း လျော့သွားတယ်။ အဲ့လိုမျိုးတွေ ဖြစ်နေတယ်။ ဆိုတော့ သဲသောင်ပြင်တွေများသွားတာ။ ဟိုဘက်ဒီဘက် ကူး လို့တောင် ရမလိုလို ဖြစ်နေပြီ။ ဧရာဝတီမြစ်ကလေ အဲလိုမျိုးဖြစ်သွားတာ။ အဲ့ဒါဘာကြောင့်လဲ ဆိုရင် သူတို့ ရွှေတူးတာ များလာတော့ သဲသောင်ပြင်တွေ များသွားတယ်။ ရေလမ်းကြောင်းတွေ လွှဲသွားတယ် ဆိုတာ အဲ့ဒါပဲ ပေါ့။ ကျမတို့ ဧရာဝတီမြစ်တစ်လျှောက် အကုန်လုံး ဟိုး ပူတာအို ဆွမ်ပရာဘွမ်အထိ မြစ်ရိုးတစ်လျှောက် အကုန်လုံး တူးနေတယ်။ အဲ့ဒါကြောင့်မို့ ရေဆို လုံး၀ လက်ဖက်ရည်ပုံစံလို သောက်လို့ သုံးလို့ကို မရတော့ဘူး။ နေရာတကာမှာပဲ။ မြစ်ဆုံမှာသာ မဟုတ်ဘူး။ မြစ်ဆုံအထက် မြစ်ဆုံအောက် အဲလိုမျိုးပဲ အခုက။ ၂၀၂၁ ဒီအာ ဏာသိမ်း ပြီးနောက်မှာတော့ ဒီလိုမျိုးတွေ ဖြစ်နေတယ်ပေါ့နော်။

မေး – အခုဒီ ဆိုးဆိုးရွားရွား ရွှေတူးဖော်မှုလုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေက ဘယ်သူတွေလဲ။

ဖြေ – လုပ်ငန်းရှင်တွေက ဒီပါဝါ အာဏာရှိတဲ့ သူတွေက ပိုပြီး များနေတယ်။ အာဏာပါဝါရှိတဲ့ လူကြီးလူ ကောင်းတွေ၊ ခေါင်းဆောင်တွေပဲ။ ဘာကြောင့် အဲလိုပြောလဲဆိုရင်တော့ ကျမတို့ ပြည်သူတွေ ပြောရင်လည်း ဘယ်သူမှ ဂရုမစိုက်ပေးဘူးလေ။ သူတို့က တကယ့် ပါဝါအာဏာရှိတဲ့ သူတွေဆိုတော့ ဒါက တရားဝင်တယ်တဲ့။ တရားဝင်ရွှေတူးတာတဲ့။ အဲဆိုရင် တရားဝင်တယ်ဆိုတာတောင် ကျမတို့ မသိဘူးပေါ့နော်။ ဒီပါဝါအာဏာ ရှိတဲ့ သူတွေမှ တရားဝင်တူးလို့ ရတယ်လေနော်။ အဲဆိုရင် ကျမတို့ ပြည်သူတွေလည်း စဉ်းစားပြီးတော့ သူတို့က လူကြီးလူကောင်းတွေပေါ့နော်။ တစ်ကယ့် ခေါင်းဆောင်ပိုင်းတွေ ပါဝါအာဏာရှိတဲ့ သူတွေ၊ သူဌေးတွေ၊ လုပ် ငန်းရှင်ကြီးတွေပေါ့နော်။ အကုန်လုံးကို ငွေနဲ့ ပါးစပ်ပိတ်ပေးနိုင်တဲ့ လူတွေပေါ့ အဲလိုမျိုးပဲ ထင်တယ် ကျမတို့ က။ သူတို့ပဲ ဖြစ်နိုင်တယ်လို့ ဘာဖြစ်လို့လဲ ဆိုရင် ကျမတို့ ပြည်သူတွေ ပြောတဲ့ စကား အသံကို သူတို့ လက်မှ မခံတာ။ ဘယ်လောက်ပဲ ကန့်ကွက်ရင်လည်းပေါ့နော်။

မေး – ကချင်ပြည်နယ်က ဒေသခံ ပြည်သူတစ်ယောက်အနေနဲ့ သက်ဆိုင်တဲ့ အစိုးရကိုပဲဖြစ်ဖြစ် ဘယ်လို လုပ်ခိုင်းစေချင်တာမျိုး၊ ပြောစေချင်တာမျိုးရှိလဲ။

ဖြေ – အခုကလေ တစ်နှစ်ပြီးတစ်နှစ် တစ်ရက်ပြီးတစ်ရက်နော်။ ဒီဟာက ဒီလိုသာ ဆက်သွားနေမယ်ဆိုရင်တော့ တို့ကချင်ပြည်နယ်။ ကျမတို့ မြန်မာနိုင်ငံက ဘယ်လိုဖြစ်သွားမယ်ဆိုတာက မတွေးရဲစရာပဲ။ ဒီရေ သဘာဝပတ်ဝန်းကျင်တွေရှိလို့သာ ကျမတို့ ပြည်သူတွေ လူတွေ အသက်ရှင်လို့ရတာ။ ဒီသဘာဝပတ်ဝန်းကျင်တွေ ပျက် သုန်းသွားမယ်ဆိုရင် မြစ်ချောင်းအင်းအိုင်တွေ ပျက်စီးသွားမယ်။ ပြီးတော တောင်တွေလည်း အကုန်လုံး ကတုံး တွေဖြစ်သွားမယ်။ အဲဆိုရင် ကျမတို့ရဲ့ သဘာဝပတ်ဝန်းကျင်တွေ အကုန်လုံး ပျက်စီးသွားနိင်တယ်။ ပြီးတော့ ပြည်သူတွေရဲ့ ကျန်းမာရေးကော၊ အခုတောင်မှ ရောဂါတွေ အမျိုးမျိုးရှိနေတယ်။ ဒီလိုသာ ဆက်သွားနေ မယ် ဆိုရင် ကျန်းမာရေးအတွက်ရော၊ လူမှုရေးအတွက်ရော၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသက်ရှင်ဖို့တော့ ခက်သွားလိမ့်မယ်။ ကျမကအဲလိုပဲ ပြောချင်ပါတယ်။ ဒီသဘာဝပတ်ဝန်းကျင်တွေ ဖျက်ဆီးတဲ့အတွက်ကြောင့်မလို့ လူတစ်ဦးတစ်ယောက်ရဲ့ ဖွံ့ဖြိုးမှုကလေး ကျမတို့မှာ ခက်ခဲနေပြီလို့။ အဲဒါကြောင့်မို့လို့ ဒီသဘာဝပတ်ဝန်းကျင် တွေ စိမ်းလန်းစိုပြေနေရင်တော့ ကျမတို့ရဲ့ ရွာတွေ၊ ကျမတို့ရဲ့ မြို့တွေ၊ ကျမတို့ရဲ့ နိုင်ငံတွေ အကုန်လုံး စိမ်းလန်း စိုပြေနိုင်မှာပါလို့။ ပြီးတော့ ကျမတို့ မြစ်ဆုံမှာရော ဒီလိုသာ ဆက်သွားနေမယ်ဆိုရင် ငါးနှစ်မခံဘူး။ ပျက်မှာပဲ။ ရွာရောပျက်မယ်။ မြစ်ဆုံရော ပျက်မယ်။ ဒီဟာပျက်တာနဲ့ တောက်လျှောက် ကျမတို့ ဧရာဝတီမြစ်ရိုး တစ် လျှောက် နေထိုင်နေတဲ့ ပြည်သူအကုန်လုံး ပျက်စီးသွားနိုင်တယ်။ အိုးမဲ့အိမ်မဲ့တွေ ဖြစ်သွားနိုင်တယ်ပေါနော်။ အဲကြောင့်မလို့ ဒီဟာက မလုပ်သင့်ဘူး စက်ကြီးယန္တရားတွေနဲ့ ရွှေတူးတာတော့ မလုပ်သင့်ဘူးပေါ့နော်။ ကျမ အနေနဲ့ ဒီလိုပဲ ပြောလိုပါတယ်။

မေး – နောက်တစ်ခုက ၂၀၂၁ ဒီအာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှ ခုလို စက်ကြီးတွေနဲ့ ရွှေတူးဖော်မှုတွေ ပိုမိုများ ပြားလာတဲ့ အပေါ် ဘယ်လို သုံးသပ်ပြောချင်လဲ။

ဖြေ – ဒီမြစ်ဆုံက တစ်ကယ့် မေခနှင့်မလိခ ပေါင်းဆုံတဲ့နေရာမှာ dam ကို လုံး၀ မလုပ်သင့်တဲ့နေရာ ဟုတ်တယ်။ အဲဒါကြောင့်မလို့ ပြည်သူတွေ အားလုံးက ဒါကို ကန့်ကွက်နေတာ။ အခုချိန်ထိလည်း ဒါကို ရပ်နားထားတယ်။ ဆက်လက်ပြီးမှလည်း ဒီမြစ်ဆုံ Dam က ဘယ်အစိုးရပဲ တက်လာ ဒါလုံး၀ မလုပ်သင့်ဘူး။ လုံးဝ ကာကွယ်ရမယ်နော်။ နောက်ပြီးတော ကျမတို့ ဒီသဘာဝပတ်ဝန်းကျင်တွေ ဆိုတာ အရမ်းကို အရေးကြီးတယ်။ ကျမတို့ မြစ်ဆုံ အထက်ရော အောက်ရော ဒီလိုသာ စက်ယန္တရားကြီးတွေနဲ့ ဆက်လက်ပြီး တူးနေမယ်ဆိုရင်တော့ မြစ်ရေလမ်းကြောင်းတွေ လွှဲလာမယ်။ မြေပြိုမှုတွေ ဖြစ်လာမယ်။ မြေတိုက်စားမှုကြောင့် ကမ်းပါးတွေ ပြိုကျလာမယ်။ ရေတွေ လုံးဝသောက်သုံးလို့ မရတော့ဘူး။ အဲလိုမျိုး ဖြစ်သွားမယ်ပေါ့နော်။ အဲ့ဒါကြောင့် ကျမအနေနဲ့ ပြောချင်တာကတော့ ဒီလိုမျိုး သာယာလှပနေတဲ့ စိမ်းလန်းစိုပြေတဲ့၊ သန့်ရှင်းလတ်ဆတ်တဲ့ ဧရာဝတီမြစ်ကို သဘာဝအတိုင်း စီးဆင်းဖို့ရန် နောက်ပြီးမှ သဘာဝအတိုင်းသန့်သန့်ရှင်းရှင်း စီးဆင်းဖို့ရန် အရမ်းအရေးကြီးပါတယ်။ အဲတာကြောင့် ကျမတို့ ပြည်သူတွေအကုန်လုံး ဒါကို ကာကွယ်ရအောင်လို့နော်။ ပြောချင်ပါတယ်။

မေး – တခြားဖြည့်စွက်ပြောစရာများ ရှိဦးမလား။

ဖြေ – နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ ဒီလိုမျိုး စက်ယန္တရားကြီးတွေနဲ့ ရွှေတူးတယ်ဆိုတာ မေးကြည့်လိုက်ရင်လေ သူတို့ပြောတာက ဒါတရားဝင်ပဲတဲ့၊ တရားဝင်ဆိုတာ ဘယ်သူက ပေးတာလဲပေါ့။ အခုချိန်မှာ အစိုးရမရှိတဲ့ အချိန်ပေါ့။ ကျမတို့အတွက် အားကိုးရမယ့် အစိုးရမရှိသေးဘူးလေ။ အခုလို အချိန်မှာ သူတို့က ဒါကို တရားဝင်လုပ်တယ်တဲ့။ ရွှေတူးဖော်တာတဲ့ အဲဆိုရင် ဘယ်သူက တရားဝင်ပေးတာလဲပေါ့နော်။ မေးချင်တယ်။ ပြည်သူတစ်ယောက်အနေနဲ့ ဒီလောက် နိုင်ငံရေး မကောင်းနေတဲ့ကြားမှာ နိုင်ငံရေး မကောင်းတာကို အခွင့်ကောင်းယူပြီး လုပ်စားနေကြတာနော်။ ဒါကို တရားဝင်လုပ်ပိုင်ခွင့်ပေးတာက ဘယ်သူလဲပေါ့နော်။ အဲ့လိုမျိုး ပြည်သူတစ်ဦးအနေနဲ့ ဒါကို မေးချင်ပါတယ်လို့ ပြောချင်ပါတယ်။

NMG – ပေးပို့သည်။

More Interviews