စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်မှ ပြည်သူ (၁၁) ဦးကို လမ်းပြအဖြစ် ဖမ်းဆီးထား

0
179

ဘောလခဲမြို့ကနေ ဒီးမော့ဆိုမြို့အရှေ့ဘက်ခြမ်းရှိ ဒေါတမကြီးအုပ်စုဖက်ကို အင်အား (၇၀) နဲ့ ဦးတည်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ တောင်ယာခင်းအနီးတွေ့ရှိတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေပါဝင်တဲ့ ပြည်သူ (၁၄) ဦးကို လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့က ခေါ်ဆောင်သွားတာဖြစ်ပြီး တစ်ရက်အကြာမှာ အမျိုးသမီးတစ်ဦးနဲ့ ကလေးငယ် ၂ ဦးကို ပြန်လွှတ်ပေးခဲ့ပေမယ့် ကျန်ရစ်တဲ့ အမျိုးသား (၁၁)ဦးကို ဖမ်းဆီးထားဆဲ ဖြစ်တယ်လို့ ကရင်နီပြည်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနမှ ဝန်ကြီး ခူညေးရယ် ကပြောပါတယ်။

“အမျိုးသမီးတစ်ယောက်နဲ့ ကလေးတစ်ယောက်ကတော့ ပြန်လွှတ်လာပြီပြောတယ်။ ဒါပေမယ့် သူတို့ ရဲ့ ပြောပြချက်အရဆိုရင် လမ်းပြခိုင်းတယ်။ ရေရှိတဲ့ နေရာပြခိုင်းတယ်။ နောက် ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေ နေတတ်တဲ့နေရာ လိုက်ပြခိုင်းတယ်။ ပြီးတော့ စစ်ဆေး တယ်ပေါ့။ မြန်မြန်မဖြေဘူးဆို ကန်တယ် ထိုးတယ် အဲမျိုးတွေရှိတာပေါ့“ လို့ ခူညေးရယ်က ပြောပါတယ်။

ဒီးမော့ဆိုအရှေ့ဖက်ခြမ်းကို နယ်မြေရှင်းလင်းရေးလုပ်ဖို့ နဲ့ စစ်ကြောင်းတွေ ထိုးနေပြီး ဘောလခဲမြို့အခြေစိုက် ခမရ (၄၂၉) ၊ တပ်မ (၇၇) တို့ကနေစစ်ကြောင်းနှစ်ကြောင်း၊ လွိုင်ကော်ဘက်ကနေလည်း စစ်ကြောင်းတစ်ကြောင်း စုစုပေါင်း (၃) ကြောင်း ထိုးစစ်ဆင်နေတယ်လို့ ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ (KnMIC) ထုတ်ပြန်ချက်အရ သိရပါတယ်။

ဘောလခဲဖက်ကနေ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းက ဒေါတမကြီး ကျေးရွာအုပ်စုက ဒေါညေးခူရွာ ထိရောက်ရှိနေပြီး မတ်လ ၁၁ရက်မှာလည်း ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတာရှိတယ်လို့ သိရပါတယ်။

မတ်လ ၁၀ရက်မှာတော့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေါစဲကျေးရွာအတွင်း ထိတွေ့တိုက်ပွဲတစ်ကြိမ်၊ ဒေါတမြေးရွာအရှေ့ဖက်တောင်ပေါ် ဖက်တက်လာတဲ့ စစ်ကောင်စီနဲ့ ပြောက်ကျားပစ်ခတ်မှု ၊ ဒေါညေးခူရွာတောင်ဖက်မှာ ခြုံခိုတိုက်ခိုက်မှု စုစုပေါင်း ၃ကြိမ်ပစ်ခတ်မှုရှိခဲ့ပြီး စစ်ကောင်စီဖက် ၁၆ဦး သေဆုံးခဲ့တယ်လို့ ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ (KnMIC) ရဲ့ ဒီကနေ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မတ်လ ၉ရက်နေ့မှာလည်း မော်တော်ယာဉ်မောင်းနှင်လာတဲ့ ဒေါစဲရွာသား ၂ ဦးကို စစ်ကောင်စီမှ လက်နက်ငယ်နဲ့ ပစ်ခတ်ပြီး တစ်ဦး ထွက်ပြေးလွတ်မြောက်ပေမယ့် တစ်ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်ကြောင်းထိုးလာနေတဲ့ စစ်ကောင်စီနဲ့ ခုခံ တိုက်ခိုက်ဖို့ အဆင်သင့်ပြင်ဆင်ထားပေမယ့် စစ်ရှောင်ပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“စစ်ကြောင်းထိုးနေတဲ့ အတောအတွင်းမှာ လူထုတွေအနေနဲ့ပေါ့နော။ ဒီစစ်ရေးသတိရှိကြဖို့ပေါ့နော။ ပြီးတဲ့အခါမှာ ဒီဒေသကာကွယ်ရေးတပ်ဖွဲ့တွေကနေပြီးတော့မှ အလျဉ်းသင့်သလို စစ်ရေးနဲ့ ပတ်သက်တဲ့ အသိပေးတဲ့ဟာတွေကို အလေးထားပေးဖို့ ပြီးတဲ့အခါမှာ ဒီတိုက်ပွဲဖြစ်သံတွေ ကြားတဲ့အခါမှာ ဆိုလို့ရှိရင် ကိုယ်နဲ့ နီးလား ဝေးလား နည်းနည်းသုံးသပ်ပြီးတော့ပေါ့နော။ တကယ်လို့ နည်နည်းနီးတယ်။ အသံကြားရတာ နည်းနည်းကျယ်တယ် အဲဒီလိုအနေအထားမျိုးမှာဆိုလို့ရှိရင် လမ်းပေါ်မှာ သွားလာတာမျိုးတွေ မလုပ်ပဲနဲ့ လုံခြုံတဲ့နေရာမှာ နေဖို့ ပြီးတဲ့အခါမှာ စစ်ကြောင်းထိုးနေပြီဆိုလို့ရှိရင် ထိုးတဲ့စစ်ကြောင်းတွေ အနီးမှာရှိတဲ့ ရွာတွေကိုပေါ့နော ဒေသခံတွေအနေနဲ့ မပြန်ဖို့ လုံးဝ မပြန်ဖို့ အသိပေးချင်ပါတယ်“ လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တိုက်ပွဲပြင်းထန်လာမှုကြောင့် မတ်လ ၉ရက်နေ့ကနေစပြီး ဒီးမော့ဆို အရှေ့ဖက်ခြမ်းက စစ်ရှောင်ပြည်သူ ၅ ထောင်ခန့်ဟာ ထပ်မံရွေ့ပြောင်းနေကြရပါတယ်။ စစ်ရေးထပ်မံ ပြင်းထန်ခဲ့ရင် စစ်ရှောင်ပိုမို များပြားလာဖို့ပဲ ရှိနိုင်ပြီး ရိက္ခာပိုင်း လိုအပ်ချက်တွေ ရှိနေတယ်လို့ ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ယက် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ရိက္ခာကတော့ နည်းနည်းပိုပြီး ခက်ခဲလာမယ် ထင်တယ်ပေါ့။ စစ်ရှောင်တွေ အရင်ကတည်းက အများကြီးပဲလေ။ များတဲ့အခါကျတော့ တချို့စစ်ရှောင်တွေက ထပ်ရှောင်နေကြရတယ်။ နှစ်ဆင့် သုံးဆင့်လောက် ထပ်ရှောင်နေရတာပေါ့နော”

ဒီးမော့ဆိုအရှေ့ဖက်ခြမ်းမှာဆိုရင် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ရှောင်ဦးရေ တစ်သောင်းခွဲအထိ ရှိနေပြီဖြစ်ပါတယ်။

ကန္တာရဝတီတိုင်း(မ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here