KA တပ်စခန်းတစ်ခုအား သိမ်းပိုက်ဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီတပ် ပြန်ဆုတ်ခွာသွားရဟုဆို

0
189

ပြီးခဲ့တဲ့ မတ်လ ၁၁ရက်နေ့က ကရင်နီတပ်မတော် (KA) ရဲ့ ရင်း (၃) တပ်စခန်းတစ်ခုကို သိမ်းပိုက်ဖို့ကြိုးပမ်းလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော် KA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက် ပြန်ဆုတ်ခွာခဲ့ရတယ်လို့ ကရင်နီပြည်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနမှ ဝန်ကြီး ခူညေးရယ်က ပြောပါတယ်။

“မနေ့က ဖြစ်တယ်လေ သူတို့လက်နက်ကြီးတွေနဲ့ လှမ်းထုတယ်။ သူတို့ ည လေးနာရီမှာ သူတို့တက်လာတယ်။ တက်လာတော့ သူတို့က ပြန်ခါချတယ်ပေါ့။ ကျနော်တို့ စခန်းထဲက ပြန်ချတော့ ည၆နာရီအထိ တိုက်ပွဲဖြစ်တယ်။ အဲ့ဒါ သူတို့က ပြန်ဆုတ်သွားတယ်” လို့ ခူညေးရယ်က ပြောပါတယ်။

မတ်လ ၁၁ ရက်နေ့ နေ့လည်အချိန်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ကူဦးစွာသုံးခဲ့ပြီး ညနေ ၄ နာရီဝန်းကျင်မှာတော့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ တစ်နာရီကြာ တိုက်ပွဲဖြစ်ပွားပြီး ည ၆ နာရီမှာတော့ စစ်ကောင်စီတပ် ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ခူညေးရယ်က ဆက်ပြောပါတယ်။

စစ်ကောင်စီ ဝင်တိုက်ဖို့ကြိုးစားခဲ့တဲ့ အဲဒီတပ်စခန်းဟာ ထိုင်း-ကရင်နီနယ်စပ် အမှတ် (၈) နဲ့ (၉) ကြားမှာ ရှိပြီး ၂၀၂၃ ခုနှစ်အတွင်းမှာ ပထမဆုံး တိုက်ခိုက်ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲအတွင်း KA ဘက်က အထိအခိုက်အကျအဆုံးမရှိပေမယ့် စစ်ကောင်စီဘက်က အကျအဆုံးများနိုင်ပြီး ပြန်လည်ဆုတ်ခွာတာဖြစ်တယ်လို့ ဝန်ကြီးခူညေးရယ်က ပြောပါတယ်။ တိုက်ပွဲပြီးတဲ့နောက် ခဲယမ်းတချို့နဲ့ တပ်သားအဆင့်ရုပ်အလောင်းနှစ်လောင်းကိုလည်း တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

“၂ လောင်းတွေ့တယ်။ ကျောပိုးအိတ်တွေတော့ တွေ့သေးတယ်။ ဒါပေမယ့် ပြန်ဆွဲချတဲ့ အရာတွေတော့ တွေ့တယ်လေ။ အဲ့ဒါ အရာရှိတွေ အကျတွေပါနိုင်တာပေါ့ အများအပြား ဒဏ်ရာရနိုင်တာပေါ့။” လို့ ခူညေးရယ်က ပြောပါတယ်။

စစ်ကောင်စီသိမ်းပိုက်ဖို့ ကြိုးစားခဲ့တဲ့ ကရင်နီတပ်မတော် စခန်းကို စစ်ကောင်စီရဲ့ ခမရ ၃၃၇ တပ်၊ ခမရ ၃၃၄ တပ်နဲ့ ခမရ ၅၁၉ တပ်တို့ကနေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလမှစ၍ ကရင်နီပြည်အတွင်းသို့ ပင်းလောင်းမြို့နယ်၊ ရှားတောမြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဘောလခဲမြို့နယ်အသီးသီးတို့မှ စစ်မျက်နှာ ၄ ခုဖွင့်ကာ စုစုပေါင်း စစ်ကြောင်း (၁၂) ကြောင်းနဲ့ အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲ့ မတ်လ ၁၁ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိကရင်နီပြည်မှာ နေရာအနှံအပြားနဲ့ ထိုင်း-ကရင်နီနယ်စပ်ဒေသတွေမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းတပ်တို့ အပြင်းအထန်တိုက်ပွဲဖြစ်ပွားနေပါတယ်။

ကန္တာရဝတီတိုင်း(မ်)- ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here