“ဖိုဝါဒကို အဆုံးမသတ်နိုင်ဘူးဆိုလို့ရှိရင် ကျွန်မတို့ပြောနေတဲ့ တကယ့်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု၊ တကယ့်ငြိမ်းချမ်းရေးတရားမျှတရေးကို အာမခံနိုင်တဲ့၊ တန်းတူညီမျှရေးကို အာမခံနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုရရှိဖို့ဆိုတာ အရမ်းအလှမ်းဝေးတယ်” မနာင်းမို့မို့ (WLB အထွေထွေအတွင်းရေးမှူး)

0
680

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB အထွေထွေအတွင်းရေးမှူး နာင်းမို့မို့နှင့် အမေးအဖြေ

၁၀ မတ် ၂၀၂၃

အမျိုးသမီးအခွင့်အရေး လှုပ်ရှားဆောင်ရွက်သူများက မြန်မာနိုင်ငံတွင် ဖိုဝါဒကြီးစိုး လွှမ်းမိုးနေကြောင်း မကြာခဏ ပြောဆိုကြသည်ကို ကြားသိရလေ့ရှိသည် ။ သို့ရာတွင် အဆိုပါ ဖိုဝါဒနှင့်ပတ်သက်၍ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ဂဃနဏ သိရှိသူ နည်းပါးနေသေးသည်ဟု ယူဆစရာရှိပါသည်။

ထို့ကြောင့်အဆိုပါ အကြောင်းအရာနှင့်ပတ်သက်၍ ဖိုဝါဒဆိုတာဘာလဲ၊ ဖိုဝါဒကလွှမ်းမိုးမှုက နိုင်ငံရေး လူမှုရေးနှင့် လူ့အဖွဲ့အစည်းကို ဘယ်လိုအနှောက်အယှက် အဟန့်အတားဖြစ်နေလဲ၊ ဖိုဝါဒလွှမ်းမိုး ကြီးစိုးမှုကို ဘယ်လိုပပျောက်အောင်လုပ်ကြမလဲဆိုတာကို သိရှိနိုင်ရန် အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ WLB အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူထားသူ နာင်းမို့မို့နှင့် ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ဒီရက်ပိုင်းမှာ အစ်မတို့ဦးဆောင်ပြီး ဖိုဝါဒလွှမ်းမိုးသော စကားဝိုင်းများ ဓာတ်ပုံပြပွဲလုပ်တယ်ဆိုတော့ ဖိုဝါဒကို အစ်မတို့ဘယ်လိုနားလည်ထားတယ်ဆိုတာလေးရှင်းပြပေးပါလား။

ဖြေ။ ဟုတ်ကဲ့ ကျွန်မတို့ ဖိုဝါဒကြီးစိုးတဲ့ ဓာတ်ပုံပြပွဲကိုတော့ ကျမတို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မတ်လ ၅ ရက်နေ့ ၆ ရက်နေ့ ၇ ရက်နေ့မှာ ဓာတ်ပုံပြပွဲလုပ်တာဖြစ်တယ် ပေါ့နော် ။ ဖိုဝါဒလို့ပြောလို့ရှိရင် အမျိုးသားတွေပဲ ကြီးစိုးတဲ့ ဝါဒလို့ပြောလို့ရတယ်ပေါ့နော်။ အထူးသဖြင့် ကျွန်မတို့ လူ့အသိုင်းအဝိုင်းမှာ ၊ နိုင်ငံတစ်နိုင်ငံမှာ ၊ အိမ်တစ်အိမ်မှာဆိုလို့ရှိရင်ပဲဖြစ်ဖြစ်ပေါ့နော် အမျိုးသားတွေကပဲ လုပ်ပိုင်ခွင့်တွေ အာဏာတွေရှိပြီးတော့ အမျိုးသမီးတွေက exclude ဖယ်ကြဥ်ခြင်းခံရတယ်ဆိုလို့ရှိရင် ဒါက ဖိုဝါဒကြီးစိုးတဲ့ ဝါဒဖြစ်တယ်ပေါ့နော် ။ ဆိုတော့ ဒီအကြောင်းအရာဆိုလို့ရှိရင် အမျိုးသားတွေနဲ့ပဲ သက်ဆိုင်တယ် ၊ အမျိုးသားတွေပဲ သိတယ် ၊ အမျိုးသားတွေကပဲ လုပ်နိုင်တယ် ၊ အမျိုးသားတွေလုပ်မှပဲ ပိုပြီးတော့ အရာရောက်တယ်ဆိုတဲ့ အယူအဆ အတွေးအခေါ်တွေရှိပြီးတော့ အဲ့ဒီအယူအဆ အတွေးအခေါ်တွေအတိုင်းလိုက်လုပ်တယ်။ အမျိုးသမီးတွေကို ဖကြဥ်ထားတယ်ဆိုလို့ရှိရင် ဒါက ဖိုဝါဒကြီးစိုးမှု ဖြစ်တယ်ပေါ့နော်။

မေး။ နောက်ပြီးဖိုဝါဒကြောင့် အမျိုးသမီးတွေအခွင့်အရေးရရှိမှုနဲ့ တိုးတက်မှုအပေါ်ဘယ်လို အဟန့်အတားဖြစ်စေတာလည်း။

ဖြေ။ ဟုတ်ကဲ့ ဖိုဝါဒတွေက လွှမ်းမိုးမှုတွေများလေလေ အမျိုးသမီးတွေရဲ့ လူ့အခွင့်အရေး အမျိုးသမီးအခွင့်အရေး ကျင့်သုံးနိုင်တဲ့‌ဘောင်တွေက ကျဉ်းလေလေပဲနော်။ ပြီးလို့ရှိရင်လည်း အမျိုးသမီးတွေရဲ့အခွင့်အရေး ဘောင်ကျဉ်းတာတွေမကပဲနဲ့ ဖိုဝါဒလွှမ်းမိုးမှုတွေများလေလေ ဒီမိုကရေစီရဲ့ ဘောင်ကလည်း ကျဉ်းလေလေဖြစ်တယ်ပေါ့နော် ။ ဖိုဝါဒကြီးစိုးပြီဆိုရင် ခုနကပြောသလိုမျိုး အမျိုးသားတွေကိုပဲ မြှင့်တင်ပေးတယ်။ အမျိုးသားတွေမှသာ ဒီအာဏာတွေ ရှိသင့်တယ် ၊ အမျိုးသားတွေကပဲလုပ်နိုင်တယ် ၊ အမျိုးသားတွေကပဲ သက်ဆိုင်တယ်ဆိုတဲ့ အယူအဆအတွေးအခေါ်တွေဖြစ်တယ်။ အယူအဆအတွေးအခေါ် တွေပေါ်မှာ လိုက်လုပ်လိုက်တဲ့အချိန်မှာ လိုက်ပြီးတော့ ကျင့်သုံးလိုက်တဲ့အချိန်မှာ အမျိုးသမီးတွေက အာဏာပါဝါမရှိတော့တာ ၊ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို အရေးပါမှန်း မသိတော့တာ ။ အမျိုးသမီးတွေရဲ့ ပါဝင်မှုကို လုပ်ဆောင်ရမယ်ဆိုတဲ့ဟာမျိုး မရှိတော့တာ စသည်ဖြင့်ပေါ့နော် ၊ ဖိုဝါဒတွေက လွှမ်းမိုးမှုတွေများလေလေ အမျိုးသမီးတွေရဲ့ အခွင့်အရေး ပါဝင်မှုဟာ ဘောင်ကျဉ်းလေလေပေါ့နော် သူတို့နှစ်ခုက ဆန့်ကျင်ဘက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဖိုဝါဒကြီးစိုးနေသရွေ့ကတော့ အမျိုးသမီးတွေရဲ့ပါဝင်ခွင့် ကျင့်သုံးနိုင်မှု အမျိုးသမီးတွေရဲ့ အခွင့်အရေး ကာကွယ်ပေးတာ မြှင့်တင်ပေးတာကတော့ အလုံအလောက်ရှိလာမှာ မဟုတ်ဘူးပေါ့နော် ။
မေး။ လက်ရှိမြန်မာနိူင်ငံမှာ ဖိုဝါဒကြီးစိုးမှုဘယ်လောက်တောင်အားကြီးနေတယ်လို့ ယူဆပါသလဲ။
ဖြေ။ မြန်မာနိုင်ငံမှာ ဖိုဝါဒ ကြီးစိုးမှုက တော်တ်ောကြီးကို ကြီးမားတယ်လို့ ပြောလို့ရပါတယ် ။ ကျမတို့ ဘယ်ဟာကိုပဲ ကြည့်ကြည့် ဒီလူတစ်ဦးချင်းစီ ပုဂ္ဂိုလ်တစ်ဦးချင်းစီပဲ ကြည့်ကြည့် ဒီဖိုဝါဒတွေ တော်တော်လွှမ်းမိုးတယ်ပေါ့နော် ။ ကျွန်မတို့ အစုအဖွဲ့တွေကို ဖွဲ့စည်းတာ ကြည့်တဲ့အခါမှာ ဆိုလို့ရှိရင်လည်း အခြေခံက ဘာတွေဖြစ်လဲဆိုလို့ရှိရင် ဖိုဝါဒကို အခြေခံတဲ့ စုဖွဲ့မှုတွေ ဖိုဝါဒကို အခြေခံတဲ့ စဥ်းစားမှုတွေ ၊ ဖိုဝါဒကို အခြေခံတဲ့ လုပ်ဆောင်ချက်တွေက ကျွန်မတို့ အများကြီးတွေ့ရတယ်ပေါ့နော် မြန်မာနိုင်ငံမှာ ဆိုလို့ရှိရင်။

မေး။ ဖိုဝါဒလွှမ်းမိုးမှုကြောင့် ထိခိုက်နစ်နာနေရတယ်ဆိုတဲ့အချက်တွေကို မြင်သာအောင်ပြောပြပေးလို့ရမလား။

ဖြေ။ ဟုတ်ကဲ့ပါ ဖိုဝါဒတွေကြီးစိုးလို့ ထိခိုက် နစ်နာနေတယ်ဆိုတဲ့ဟာပေါ့နော် ကျွန်မတို့က မြန်မာနိုင်ငံကို ကြည့်မယ်ဆိုလို့ရှိရင် အများစုက ဘယ်လိုမျိုးလုပ်ရှားမှုတွေ ၊ ခုနပြောသလိုမျိုး ဘယ်လိုမျိုးအဖွဲ့အစည်းတွေပဲ ဖွဲ့စည်း ဖွဲ့စည်းပေါ့နော် ဖိုဝါဒကို အခြေခံတဲ့ စုဖွဲ့မှုတွေ လှုပ်ရှားမှုတွေ လုပ်ဆောင်တဲ့အခါမှာ အမျိုးသမီးတွေအတွက်ရော လူ့အသိုင်းအဝိုင်းတွေ အတွက်ရောအများကြီးကို ထိခိုက်နစ်နာမှုတွေရှိတယ်ပေါ့နော် ၊၊ အထူးသဖြင့် ဒီ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ပဲ ဖြစ်ဖြစ်ပေါ့နော် ၊ တရားမျှတရေး ငြိမ်းချမ်းရေးတွေနဲ့ ပတ်သက်သာ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးကြတဲ့အခါမှာ ပဋိပက္ခတွေကို စီမံခန့်ခွဲတဲ့ ကိစ္စပေါ့နော် အဲ့ဒါတွေကိုဆွေးနွေးကြဖို့ လုပ်ဆောင်ကြတဲ့အခါမှာ အဖြေရှာကြတဲ့အခါတွေမှာဆိုလို့ရှိရင် အထူးသဖြင့် အများစုက အမျိုးသားတွေက အများစုပေါ့နော် ၊ အမျိုးသားတွေက အများစုဖြစ်ပြီတော့ အမျိုးသမီးတွေက ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့လုပ်ငန်းတွေ ၊ တရားမျှတမှုနဲ့ ပတ်သက်တဲ့လုပ်ငန်းတွေ ၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ ပဋိပက္ခတွေကို အဖြေရှာတဲ့ လုပ်ငန်းတွေမှာ ပါရမယ်ဆိုတဲ့ ဆန္ဒတွေမရှိကြတဲ့အခါမှာ အမျိုးသမီးတွေက ပါဝင်မှုနည်းတယ်‌ပေါ့နော် ။ ပါဝင်ခွင့်မရှိဘူး အခွင့်အလမ်းမရှိဘူးပေါ့နော် ၊ အဲ့လိုဟာတွေဖြစ်တယ် ။ ဒီဟာတွေနဲ့ ပတ်သက်လို့ရှိရင် အမျိုးသားတွေကြီးပဲ ဒီအာဏာကြီးကို ကိုင်ထားပြီးတော့ အမျိုးသမီးတွေကို exclude လုပ်တယ်ပေါ့ ၊ အဲ့လိုဆိုတော့ ကျွန်မတို့က လူ့အသိုင်းအဝိုင်းမှာဆိုလို့ရှိရင် အများစုအမျိုးသမီးတွေကလည်း လူဦးရေရဲ့ ထက်ဝက်ကျော်က အမျိုးသမီးတွေ ဖြစ်တယ်ပေါ့နော် ၊ ဆိုတော့ ကျွန်မတို့က ငြိမ်းချမ်းရေးကို ဘယ်လောက်ပဲပြောပြော ငြိမ်းချမ်းရေး လက်မှတ်တွေ ဘယ်လောက်ပဲထိုးထိုး ၊ ငြိမ်းချမ်းရေး သဘောတူညီချက်တွေ ဘက်လောက်ပဲ လုပ်လုပ်၊ တကယ့် တကယ်က လူ့အသိုင်းအဝိုင်းမှာ ရှိနေတဲ့လူတွေက ငြိမ်းချမ်းတယ်လို့ မခံစားရဘူးဆိုရင် ငြိမ်းချမ်းမှုက လာမှာ မဟုတ်ဘူးနော် ၊ ငြိမ်းချမ်းမှုကရှိမှာ မဟုတ်ဘူးပေါ့နော် ၊ အဲ့လိုပဲ အမျိုးသမီးတွေက မပါနေဘူး။ အမျိုးသမီးတွေက ငြိမ်းချမ်းတယ်လို့ မခံစားနေရဘူး။ အမျိုးသမီးတွေက လုံခြုံတယ်လို့ မခံစားနေရဘူးဆိုလို့ရှိရင် ဒါက ကျွန်မတို့က တကယ့်ကို ငြိမ်းချမ်းတယ် လုံခြုံတယ်ဆိုတဲ့ လူ့အသိုင်းအဝိုင်းကြီးကို ကျွန်မတို့ ရရှိမှာ မဟုတ်ဘူး ပေါ့နော် ၊ ဆိုတော့ ဒါက ဖိုဝါဒကို ဖိုဝါဒကြီးစိုးတဲ့ ဖိုဝါဒလွှမ်းမိုးမှုတွေကြောင့်မို့လို့ အမျိုးသမီးတွေတင်မကပဲနဲ့ လူ့အသိုင်းအဝိုင်း တစ်ခုလုံးအတွက်ကော အများကြီးကို ထိခိုက်စေတယ်။ ပြီးလို့ရှိရင် ဒီဖိုဝါဒလွှမ်းမိုးမှုတွေက များလေလေ ခုနပြောသလိုမျိုး ဒီမိုကရေစီနဲ့ အလှမ်းဝေးလေလေပေါ့နော် ။

ဆိုတော့ တကယ့် တကယ်က ဒီမိုကရေစီလို့ပြောတဲ့အခါမှာ တန်းတူရေးတွေပါတယ် ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေ လွတ်လပ်စွာ မဲပေးခွင့်တွေ လွတ်လပ်စွာ ကိုယ်စားပြုနိုင်ခွင့်တွေပေါ့နော် ၊ အဲ့ဒီဟာတွေဟာ ဒီမိုကရေစီတွေ ဖြစ်တယ် ၊ အဲ့တော့ ကျွန်မတို့က ဒီမိုကရေစီကို ကျင့်သုံးတယ်လို့ ပြောတဲ့အခါမှာတောင်မှ ဖိုဝါဒလွှမ်းမိုးတဲ့ အယူအဆတွေနဲ့ ဖိုဝါဒတွေပဲ ကြီးစိုးတဲ့ဒီမိုကရေစီမှာ ဆိုလို့ရှိရင်လည်း တကယ့် စစ်မှန်တဲ့ဒီမိုကရေစီကို ကျွန်မတို့ရတာ မဟုတ်ဘူးပေါ့နော် ၊ ဒီမိုကရေစီကြီးရပြီ ဒီမိုကရေစီကပေးတဲ့ အခွင့်အရေးရပြီလို့ ဘယ်လောက်ပဲပြောပြော ခုနကပြောသလိုမျိုး အမျိုးသမီးတွေက လူဦးရေထက်ဝက်သော အမျိုးသမီးတွေသည် တကယ့်ကို ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာ ဦးဆောင်ဦးရွက်ပြုတဲ့နေရာတွေမှာပါဝင်ဖို့ကို မလုပ်ဆောင်ပေးဘူး ၊ အရွေးချယ်ခံရတဲ့နေရာတွေမှာ အမျိုးသမီးတွေကို မရွေးချယ်ဘူး၊ အမျိုးသမီးတွေ မပါဝင်နေဘူးဆိုလို့ရှိရင် အမျိုးသမီးတွေအတွက်က ဒီမိုကရေစီရတယ်လို့ မခံစားရဘူး ။ ဆိုတော့ အမျိုးသမီးတွေက ဒီမိုကရေစီကပေးတဲ့အခွင့်အရေးကို ရတယ်လို့ မခံစားရဘူးဆိုလို့ရှိရင် လူ့အသိုင်းအဝိုင်းတစ်ခုကြီးကလည်း ဒီမိုကရေစီနဲ့ အလှမ်းဝေးတာနဲ့ အတူတူပဲပေါ့နော် ၊ ဆိုတော့ အဓိကပြောချင်တာကတော့ ဖိုဝါဒလွှမ်းမိုးခြင်းသည် အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို အမျိုးသမီးတွေရဲ့ အခွင့်အရေး ကျင့်သုံးမှုတွေနဲ့ ပတ်သက်ပြီးတော့ အဟန့်အတား ဖြစ်စေတာတင်မကပဲနဲ့ လူ့အသိုင်းအဝိုင်းတစ်ခုလုံးအတွက်ကို ထိခိုက်နစ်နာမှုတွေ အများကြီးဖြစ်စေတယ် ၊ ဒီဖိုဝါဒကြီးစိုးမှုတွေက ကြီးစိုးလေလေ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ အလှမ်းဝေးလေလေ ၊ ငြိမ်းချမ်းရေး တရားမျှတရေးနဲ့ အလှမ်းဝေးလေလေဖြစ်တယ်။

မေး။ ကျားမတန်းတူရေးမှာ ဖိုဝါဒက ဘယ်အတိုင်းအတာထိ သက်ရောက်မှုရှိနေတယ်လို့ ယူဆပါသလဲ။

ဖြေ။ ဟုတ်ကဲ့ ကျားမတန်းတူရေးလို့ ပြောတဲ့အခါမှာ ဆိုလို့ရှိရင် ဖိုဝါဒကကြီးစိုးနေတယ် ဆိုလို့ရှိရင် ၊ ကြီးစိုးနေသရွေ့ လွှမ်းမိုးနေသရွေ့ ကျားမတန်းတူရေးကလည်း အရေးကြီးတယ်လို့ ထင်ကြမှာ မဟုတ်ဘူးပေါ့နော် ။ ဆိုတော့ တကယ်ဆိုလို့ရှိရင် ကျားမ တန်းတူရေးလို့ပြောတဲ့အခါမှာ တကယ့် အမျိုးသမီးတွေအတွက်ပဲ မဟုတ်ဘူး ၊ ကျားမတန်းတူရေးကို တကယ်ဖော်ဆောင်နိုင်တယ် ၊ တကယ်လုပ်ဆောင်လာနိုင်တယ်ဆိုလို့ရှိရင် လူ့အသိုင်းအဝိုင်းရဲ့ လူမှုတရားမျှတမှုကိုလည်း ကျွန်မတို့ ဖော်ဆောင်နိုင်တယ် ၊ ဒီမိုကရေစီအရဆိုလို့ရှိရင်လည်း တရားဝင်မှု ရှိတယ်ပေါ့နော် ၊ ဒီမိုကရေစီမှာဆိုလို့ရှိရင် လူများစုတွေရဲ့ ဆန္ဒနဲ့ လူနည်းစုတွေရဲ့ အခွင့်အရေးတွေပေါ့နော် ၊ လူများစုတွေရဲ့ လုပ်ပိုင်ခွင့် ၊ လူနည်းစုတွေရဲ့အခွင့်အရေးဆိုလို့ရှိရင် ကျားမတန်းတူရေးက ကျားမတန်းတူရေးလို့ပြောတဲ့အခါမှာ အမျိုးသမီးတွေအတွက်ပဲ ကောင်းသွားမှာ မဟုတ်ဘူး အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေအတွက်ပဲ မြှင့်တင်သွားမှာ မဟုတ်ဘူး ၊ ကျားမတန်းတူရေးကို ကျွန်မတို့ ဖော်ဆောင်လာနိုင်တယ်ဆိုလို့ရှိရင် လူမှုတရားမျှတမှုကိုလည်း ကျွန်မတို့ဖော်ဆောင်လာနိုင်သလို တဖက်မှာလည်း ဒီမိုကရေစီအရ တရားဝင်မှုတွေ ရရှိတယ်ပေါ့နော် ။ ဆိုတော့ ကျားမတန်းတူရေးကို ဖော်ဆောင်တယ်ဆိုလို့ရှိရင် တခြားသော လူ့အဖွဲ့အစည်းတွေရဲ့ တခြားသောနိုင်ငံတွေရဲ့ အသိအမှတ်ပြုမှုတွေကအစ ကျွန်မတို့က ရရှိမှာ ဖြစ်တယ် ။ ဒီကျားမတန်းတူရေးကို ဖော်ဆောင်လာနိုင်တယ်ဆိုလို့ရှိရင် တကယ့်ကို ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရေရှည်ငြိမ်းချမ်းရေး ရေရှည်တရားမျှတမှု ဒါတွေကိုလည်း ကျွန်မတို့တစ်ခါတည်း ဖော်ဆောင်နိုင်တာဖြစ်တယ်ပေါ့နော် ။ ဆိုတော့ ဖိုဝါဒတွေကြီးစိုးနေသေးသရွေ့ဆိုလို့ရှိရင် ဖိုဝါဒသည် အဓိကက အာဏာတွေလုပ်ပိုင်ခွင့်တွေမှာ ဆိုလို့ရှိရင် အမျိုးသားတွေချည်း ဖြစ်နေပြီးတော့ အမျိုးသမီးတွေက ဖယ်ကြဉ်ခြင်း ခံနေရတယ်ပေါ့နော် ။ ဆိုတော့ ဖိုဝါဒတွေ လွှမ်းမိုးမှုတွေများလေလေ ကျွန်မတို့က တကယ့်ကို အဓိပ္ပာယ်ပြည့်ဝတဲ့ လုံလောက်တဲ့ ကျားမတန်းတူရေးကို ကျွန်မတို့ ဖော်ဆောင်လာနိုင်မှာ မဟုတ်ဘူးပေါ့နော် ။ ဆိုတော့ ဖိုဝါဒက ကျွန်မတို့ အဆုံးသတ်ဖို့ လိုတယ်။ ဒါမှလည်း ကျွန်မတို့က ကျားမတန်းတူရေးကိုလည်း ဖော်ဆောင်လာနိုင်မှာ ဖြစ်တယ် ။ ကျားမတန်းတူရေးကို ကျွန်မတို့ ဖော်ဆောင်လာနိုင်တယ်ဆိုလို့ရှိရင် အမျိုးသမီးတွေအတွက်မကဘူး လူ့အသိုင်းအဝိုင်းတစ်ခုလုံးရဲ့ကောင်းကျိုးပေါ့နော် လူမှုတရားမျှတမှုကို ကျွန်မတို့ဖော်ဆောင်နိုင်မယ် ။ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ကျွန်မတို့လုပ်ဆောင်နိုင်မယ်။ တကယ့် ဒီမိုကရေစီအရ တရားဝင်မှုတွေကို ရရှိလာမှာ ဖြစ်တယ်‌ပေါ့နော် ။

မေး။ လက်ရှိ မြန်မာ ပညာရေးစနစ်မှာရော ဖိုဝါဒကိုအားပေးထားတာမျိုးရှိနေလား။

ဖြေ။ ဟုတ်ကဲ့ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်မှာ ဆိုလို့ရှိရင် ဖိုဝါဒကိုအားပေးထားတဲ့ ဖိုဝါဒကို မြှင့်တင်ထားတဲ့ ပညာရေးတွေက အများကြီးပဲ ဖြစ်တယ်ပေါ့နော် ၊ ကျွန်မတို့ မှုလတန်းမှာ ကတည်းကိုက ကျွန်မတို့ရဲ့ စာသင်တဲ့ သင်ရိုးညွှန်းတမ်းတွေမှာက အစ ၊ စာသင့်တဲ့ System တွေကအစပေါ့နော် ဖိုဝါဒ လွှမ်းမိုးတဲ့ ပညာရေးတွေဖြစ်တယ် ၊ ပညာရေးစနစ်တစ်ခုလုံးပေါ့နော် ဆိုတော့ သင်ရိုးညွှန်းတမ်းတွေမှာဆိုလို့ရှိရင် ပိုလို့အန္တရာယ်တအားများတယ်ပေါ့နော် ။ ကျွန်မတို့ ငယ်ငယ်ကတည်းက စာထဲမှာ သင်ပေးနေတာက အမျိုးသားတွေဆိုတာ ဒီလိုနေရာမျိုး ဖြစ်နေရမယ် ၊ အမျိုးသမီးတွေဆိုရင် အိမ်မှုကိစ္စ Care ကိစ္စတွေပေါ့နော် တခြားလူတွေကို ပြုစုစောင့်ရှောက်ရတဲ့ ကလေးတွေကို ပြုစုစောင့်ရှောက်ရတဲ့ သက်ကြီးရွယ်အိုတွေကို ပြုစုစောင့်ရှောက်ရတဲ့ ၊ တခြားအကူအညီလိုအပ်နေတဲ့လူတွေကို ပြုစုစောင့်‌ရှောက်ရတဲ့ role ကနေကို မလွတ်ဘူး ဖြစ်နေတယ်ပေါ့နော် ။ ပညာရေး စနစ်မှာကိုက အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို သူတို့ဖော်ပြတဲ့ အခါမှာဆိုလို့ရှိရင် အိမ်မှာပဲ ပြားပြားဝပ်ပေါ့နော် အဲ့လိုအခန်းကဏ္ဍတွေဖော်ထားပြီးတော့ အမျိုးသားတွေဆိုလို့ရှိရင်တော့ဖြင့် တကယ့်ကို နိုင်ငံရေးတွေမှာ စစ်ရေးတွေမှာ တကယ့်နည်းပညာပိုင်းတွေမှာဆိုလို့ရှိရင် တကယ့်ကို ကျွမ်းကျွမ်းကျင်ကျင်ဖြစ်နေရမယ် ။ အဲ့ဒီမှာဆိုလို့ရှိရင် အမျိုးသားတွေဖြစ်နေရမယ်ဆိုတဲ့ ပညာရေးလိုမျိုး ကျွန်မတို့ မှုလတန်းမှာ ကတည်းက သင်ကြားခဲ့ရတာတွေ ရှိတယ်ပေါ့နော် ။ ဆိုတော့ ကျွန်မတို့ ပညာရေး စနစ်တစ်ခုလုံးကို ကြည့်မယ်ဆိုလို့ရှိရင် ခုနကပြောသလို သင်ရိုးညွှန်းတမ်းတစ်ခုပဲဖြစ်တယ် ။ ဒါပေမယ့် ပညာရေးလို့ပြောမယ်ဆိုလို့ရှိရင် သင်ရိုးညွှန်းတမ်းတစ်ခုထဲမကြည့်ပဲနဲ့ စနစ်တစ်ခုလုံးကိုကြည့်မယ်ဆိုလို့ရှိရင် ဖိုဝါဒကို အခြေခံထားတဲ့ ပညာရေးစနစ်ဖြစ်နေတယ်ပေါ့နော်။

မေး။ ဖိုဝါဒလျော့ပါးအောင်ဘာတွေလုပ်ဖို့လိုမယ်လို့ယူဆပါသလဲ။ ဘယ်သူတွေမှာ ပိုတာဝန်ရှိသလဲ။ ဘယ်ကနေစပြင်ဖို့လိုမလဲ။

ဖြေ။ ဖိုဝါဒတွေ အဆုံးသတ်ဖို့ဆိုလို့ရှိရင် ဘာတွေလုပ်ဆောင်သင့်သလဲ၊ ဘယ်သူ့တွေမှာ တာဝန်ရှိသလဲဆိုတော့ လူတိုင်းမှာ တာဝန်ရှိတယ်ပေါ့နော် ။ လူတိုင်းမှာ တာဝန်ရှိတယ် ၊ ဖိုဝါဒဆိုတာက ဝါဒဖြစ်တယ်ပေါ့နော်၊ အမျိုးသားတွေမှာပဲ ဖိုဝါဒကို ကျင့်သုံးနေတယ်လို့လည်း မဟုတ်ဘူးပေါ့နော် ။ ဆိုတော့ ဖိုဝါဒလို့ပြောတဲ့အခါမှာ ဘယ်သူ့ဆီမှာပဲ ဖြစ်ဖြစ်ဖိုဝါဒလွှမ်းမိုးနေတာတွေကရှိတယ် ။ အမျိုးသမီးတွေမှာလည်း ဖိုဝါဒလွှမ်းမိုးနေတာရှိတယ် ၊ အမျိုးသားတွေမှာလည်း ရှိတယ်။ ဒါဝါဒဖြစ်နေတယ်ပေါ့နော် ၊ ဆိုတော့ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ကျွန်မတို့က ဒီတော်လှန်ရေးမှာ ဖိုဝါဒအဆုံးသတ်ဖို့က အရမ်းကို အရေးကြီးတယ်ပေါ့နော်။ ကျွန်မတို့ မြန်မာနိုင်ငံကို ကျွန်မတို့ပြန်ကြည့်တဲ့အခါမှာ ဒီနှစ်ပေါင်းများစွာ နှစ်ပေါင်း ၇၀ ကျော်ကြာ ပြည်တွင်းစစ်ကြီး ဖြစ်ရတဲ့အကြောင်းရင်းတွေက အများကြီးပေါ့လေ ။ အဲ့ဒီအကြောင်းရင်းတွေထဲမှာဆိုလို့ရှိရင်တော့ ကျွန်မတို့တိုင်းရင်းသားတွေက နိုင်ငံရေး အခွင့်အရေးမရဘူး ။ ကိုယ်ပိုင်ပြဌာန်းခွင့် တွေမရှိဘူး။ တိုင်းရင်းသား တန်းတူရေးတွေမရှိဘူး ။ အဲ့ဒီတိုင်းရင်းသားအခွင့်အရေးတွေက ချိုးဖောက်ခံနေရတယ် ၊ အထူးသဖြင့် နိုင်ငံရေး အခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ် ။ တဖက်မှာလည်း မဟာလူမျိုးကြီးဝါဒ ဗမာလူမျိုးကြီးဝါဒတွေကြောင့်မို့လို့လည်း ပြည်တွင်းစစ်ကြီးနှစ်ပေါင်းများစွာ ကြာရှည်နေတယ်ပေါ့နော် ။ အဲ့ဒီဟာတွေလည်း အကြောင်းပြချက်တွေ ဖြစ်တယ်ပေါ့နော် ။ နောက်တစ်ခုက ဒီဖိုဝါဒလွှမ်းမိုးတဲ့ လူ့အသိုင်းအဝိုင်းကြီး ဖြစ်နေတာကြောင့်လည်း ဒီပြည်တွင်းစစ် ရှည်ကြာစေတဲ့ အကြောင်းရင်းများစွာထဲက တစ်ခုဖြစ်တယ်။ ဆိုတော့ ကျွန်မတို့က အခုတော်လှန်ရေးသည် စစ်အာဏာရှင်စနစ် ပြုတ်ဖို့ ၊ ဖက်ဒရယ် ဒီမိုကရေစီစနစ် ပေါ်ထွန်းဖို့ ဖြစ်တယ် ။ ဆိုတော့ ကျွန်မတို့က စစ်အာဏာရှင်အမြှစ်ပြုတ်ဖို့ကိုပဲ ပြောပြော ဒီဖက်ဒရယ် ဒီမိုကရေစီပေါ်ထွန်းဖို့ဆိုတဲ့အခါမှာ ဒီဖိုဝါဒကလည်း အဆုံးသတ်ဖို့ လိုတယ် ။ ဖိုဝါဒကို အဆုံးမသတ်နိုင်ဘူးဆိုလို့ရှိရင် ကျွန်မတို့ပြောနေတဲ့ တကယ့်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု၊ တကယ့်ငြိမ်းချမ်းရေးတရားမျှတရေးကို အာမခံနိုင်တဲ့၊ တန်းတူညီမျှရေးကို အာမခံနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုရရှိဖို့ဆိုတာ အရမ်းအလှမ်းဝေးတယ်။ ဆိုတော့ ဒီဟာတွေကို ကျွန်မတို့က အဆုံးသတ်ဖို့ လိုပါတယ်။ ဆိုတော့ လူတိုင်းမှာ တာဝန်ရှိတယ်ပေါ့နော် ။ အဓိက ဘယ်လိုကနေ စလုပ်ရမလဲဆိုလို့ရှိရင် အထူးသဖြင့် ကျွန်မတို့က ဖိုဝါဒလွှမ်းမိုးမှုရှိနေတဲ့ ဖိုဝါဒလွှမ်းမိုးနေတယ်လို့ ပြောတဲ့အခါမှာ လွှမ်းမိုးမှုတွေမရှိတော့အောင် အဆုံးသတ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို အရင်ဆုံးမစဉ်းစားကြပဲနဲ့ ဘာတွေနဲ့ ကျွန်မတို့ ဘာတွေနဲ့အများစုကြားနေရသလဲဆိုလို့ရှိရင် မဟုတ်ဘူး ၊ ဖိုဝါဒလွှမ်းမိုးမှုမရှိဘူး ဆိုတော့ ပထမအချက်က ဖိုဝါဒလွှမ်းမိုးမှုက ကြီးနေတယ် ၊ လွှမ်းမိုးမှုတွေက ကြီးမားနေတယ်ဆိုတဲ့ဟာကို အကုန်လုံးက လက်ခံဖို့လိုတယ်ပေါ့နော် ။ လက်ခံပြီးလို့ရှိရင် ဒီဟာအပေါ်မှာ ဆွေးနွေး အဖြေရှာတာကို ကျွန်မတို့ လုပ်ဆောင်ရမှာ ဖြစ်တယ်ပေါ့နော် ။ ဆိုတော့ ဒါကို ဖိုဝါဒလွှမ်းမိုးမှုကို တကယ့် ရင်ဘတ်ထဲ ဦးနှောက်ထဲပေါ့နော် ဟုတ်ပါတယ်ဆိုတာမျိုးမဟုတ်ပဲနဲ့ပေါ့နော် ၊ တကယ့် ရင်ထဲကနေပြီးတော့မှ ဖိုဝါဒလွှမ်းမိုးမှုတွေက ရှိနေတယ် ဆိုတဲ့ဟာကို လက်ခံဖို့လိုပြီးတော့ ဒီဟာအပေါ်မှာ အဆုံးသတ်ဖို့ ဘယ်လိုလုပ်ကြမလဲဆိုတဲ့ ရှု့ထောင့်ကနေပြီးတော့မှ စဉ်းစားသင့်တယ် ၊ လုပ်ဆောင်သင့်တယ်ပေါ့နော်။

ဆေကောင်ခမ်း(ရှမ်းနီအသံ) – မေးမြန်းသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here