“ဘိန်းစိုက်ခင်းစိုက်ပျိုးတာက စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်းမှ ပိုများပြားလာတာကို တွေ့ရတယ်။ ပူတာအို၊ ဆွမ်ပရာဘွမ့်-မြစ်ကြီးနားလမ်း လမ်းမကြီးကနေ၊ များသောအားဖြင့်တော့ ဆွမ်ပီယန် လမ်းမကြီးကနေလည်း ကြည့်လိုက်ရင် ဘိန်းစိုက်ခင်းတွေ့ပဲ တွေ့နိုင်တယ်” KIO/KIA အရာရှိတစ်ဦး

0
387

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) အရာရှိတစ်ဦးနှင့် အမေးအဖြေ

ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်း စိုက်ပျိုးထားသည့် ဘိန်းစိုက်ခင်းများအနက် ဧက ၁၀၀ နီးပါးကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းတွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA က ဖျက်ဆီးရှင်းလင်းခဲ့သည်ကို တွေ့ရသည်။

ပူတာအိုခရိုင်အတွင်းရှိ ဘိန်းပျိုးမှုအခြေအနေ၊ မည်သည့်နေရာများတွင် အဓိကစိုက်ပျိုးနေပါသလဲ၊ ဒေသတွင်း မူးယစ်ဆေးဝါးသုံးမှုအခြေအနေများနှင့် KIO/KIA ၏ ဘိန်းခင်းတိုက်ဖျက်ရေး ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ဘိန်းစိုက်ခင်း ရှင်းလင်းသည့် လုပ်ငန်းစဉ်တွင် ပါဝင်ခဲ့သူ KIO အရာရှိတစ်ဦးကို ဆက်သွယ်မေးမြန်းထားသည်။

မေး – KIO/KIA က ဦးဆောင်ပြီး ပူတာအိုခရိုင်ထဲမှာ ဘိန်းခင်းတွေ ဖျက်နေတယ်လို့ သိရတယ်ပေါ့နော်။ စိုက်ပျိုးမှုနှုန်း၊ မူးယစ်ဆေးဝါးသုံးစွဲမှုအခြေအနေနဲ့ ဘိန်းခင်းတွေ ဖျက်ရတဲ့ ရည်ရွယ်ချက်ကို သိချင်ပါတယ်။

ဖြေ – ဒီဘက် နေရာတွေမှာ ဘိန်စိုက်ခင်း ခုတ်ခြင်း ဖျက်ခြင်း လုပ်ရခြင်းရဲ့ ရည်ရွယ်ချက်က ကျနော်တို့ ဒီ မြောက်ပိုင်း ပူတာအိုနယ်မြေ ဧရာဝတီ မြစ်ကြောတစ်လျှောက် နေရာတွေမှာက ဘိန်းစား မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ ပတ်သက်ပြီး တော်တော်လေး ဆိုးရွားလာတယ်။ လူငယ်တွေမှာဆိုရင်လည်း အဖြူရော၊ အနက်ရော အရမ်းများလာတယ်။ သုံးစွဲတဲ့သူတွေ အယောက် ၁၀၀ မှာ အယောက် ၈၀ လောက်က မူးယစ်သုံးစွဲတဲ့သူတွေ ဖြစ်နေတယ်။ ဆိုတော့ Generation အတွက်ရော စိုးရိမ်ဖွယ်ဖြစ်လာနိုင်တယ်။

မေး – KIO/KIA က ဘယ်လိုပုံစံမျိုး မူးယစ်ဆေးဝါးပြဿနာနဲ့ ဘိန်းခင်းစိုက်ပျိုးမှုတွေကို တားဆီးဖို့လုပ်နေတာလဲ။

ဖြေ – ဆိုတော့ ကျနော်တို့ KIA တွေနဲ့ နီးစပ်တဲ့ နေရာတွေမှာကတော့ ဘိန်းတိုက်ဖျက်ရေးတွေ၊ ပညာပေး ဟော ပြောပွဲတွေ ပုံမှန်လုပ်ပေးနေတာ ဖြစ်တဲ့အတွက် ဒီ KIA နဲ့ နီးစပ်တဲ့ နေရာမှာတော့ မလုပ်ကြဘူး။ စစ်ကောင်စီ တပ်နဲ့ နီးစပ်တဲ့ နေရာထိတောင် စစ်ကောင်စီအားကိုးနဲ့ လုပ်နေကြတယ်။ ဆိုတော့ နောက်ပိုင်း လူငယ်တွေ ကျနော်တို့ Generation တွေအတွက် စိုးရိမ်နေကြရတာ ဖြစ်တဲ့အတွက် KIO ကော်မတီရဲ့ လမ်းပြ ညွှန်ကြားမှုနဲ့ ဘိန်းတိုက်ဖျက်ရေး ကော်မတီတွေနဲ့ နယ်ခံကော်မတီတွေရဲ့ စီစဉ်မှုနဲ့ လုပ်ရခြင်းဖြစ်တယ်။

မေး – အခု ဒီပူတာအိုခရိုင်ထဲမှာ ဘယ်နေရာတွေမှာ အဓိက စိုက်ပျိုးနေတာလဲ။

ဖြေ – လက်ရှိအခြေအနေက KIA နဲ့ နီးစပ်တဲ့ နေရာတွေမှာ လုပ်ခွင့် မရှိတဲ့အတွက် ပူတာအိုမြို့နဲ့ နီးတဲ့နေရာ၊ စစ်ကောင်စီတပ်၊ နယ်မြေနဲ့ နီးတဲ့နေရာတွေမှာ တော်တော်များများ စိုက်ပျိုးနေကြတာကို တွေ့ရတယ်။ ပြီး တော့ စစ်ကောင်စီတွေဘက်ကလည်း ကျနော်တို့ ဒီဘိန်းတိုက်ဖျက်ရေး လှုပ်ရှားလာတယ်ဆိုတဲ့ သတင်းကြားရ တဲ့ အခါမှာ စစ်ရေးအခြေအနေတွေလည်း လှုပ်ရှားလာတာကို တွေ့ရတယ်။ ပြောရမယ်ဆိုရင် ဒီ ဘိန်းစိုက်ခင်း တွေကို သူတို့ ကာကွယ်ပေးတဲ့ သဘောဖြစ်နိုင်တယ်ပေါ့။

မေး – ပူတာအိုခရိုင်က ဒီဘိန်းစိုက်တောင်သူတွေနဲ့ တခြား လုပ်ငန်းလုပ်ဖို့ အခက်အခဲရှိနေလာတား။ ဘိန်းကိုပဲ အဓိကထား စိုက်ပျိုးကြတာလား။

ဖြေ – ဒီဒေသကလူတွေက တစ်ကယ်ဆိုရင် ဒီဟာကိုပဲ မှီခိုပြီး အသက်ရှင်စရာ မလိုတဲ့ အခြေအနေမှာ ရှိပါ တယ်။ ခု ဆဒုံးဒေသ အေးတဲ့နေရာဘက်က ကန်ပိုင်တီ၊ ပန်ဝါလိုမျိုး ဒေသကလူတွေက ဘိန်းစိုင်ခင်းလွှဲပြီး တခြား သီးနှံတွေ သိပ်မကောင်းဘူး။ အေးတဲ့အတွက်။ ခုဒီ ပူတာအို ဒေသ လုံဂျာ၊ လုံရှာယန်၊ အင်ဂျာခ၊ မခေါ် ခ၊ ဆွမ်ပီယန်တွေမှာက ဘာဘဲစိုက်စိုက် ဓာတ်မြေသြဇာက ကောင်းတယ်။ အာလူးစိုက်ရင်လည်း အကြီးကြီး တွေ။ အဲလိုမျိုး ဓာတ်မြေသြဇာ ကောင်းတဲ့နေရာ။ အဲမှ သူတို့က နိုင်ငံရေးမကောင်းရခြင်းကြောင့် အမြင်တွေ ကျဉ်းတဲ့အတွက် ဒါကိုလုပ်တယ်ဆိုတော့ ဒီဒေသက လူတွေဘဲလုပ်တာ မဟုတ်ဘဲ တစ်ခြားမြို့က လူတွေလည်း လာလုပ်နေတယ်။ ပြောရမယ်ဆိုရင် စစ်ကောင်စီဘက်ကလည်း နိုင်ငံရေးမကောင်းတဲ့ကြားထဲ ဒါကို အရေးမယူ ပေးတဲ့အပြင် ကာကွယ်ပေးတဲ့အခါကြတော့ လွတ်လွတ်လပ်လပ် စိုက်ပျိုးလုပ်ကိုင်နေကြခြင်း ဖြစ်နိုင်တယ်။

မေး – အခုဘိန်းခင်းတွေကို KIO က ဖျက်ဆီးလိုက်တော့ ဘိန်းစိုက်တောင်သူတွေအနေနဲ့က ရပ်တည်ရေး ခက်ခဲ သွားနိုင်တယ်ပေါ့နော်။ အခုဖြေရှင်းနည်းအပြင် တခြား သူတို့တွေအတွက် ဘာတွေလုပ်ဖို့ စီစဉ်ပေးထားလဲ။

ဖြေ – ကျနော်တို့ KIO/KIA အစိုးရဘက်ကလည်း ဒီဘိန်းစိုက်ခင်းအစား တခြားသီးနှံတွေကို စိုက်ပျိုးနိုင်အောင် ရည်မှန်းချက်တွေ ထားပြီး မနှစ်တုန်းက စပြီးတော့ ဒီရည်ရွယ်ချက်ကို စတင်လာနိုင်ပြီ။ မြေပြန့်နေရာတွေမှာ တောချုံတွေကို ရှင်းပြီး အဲ့ဒီအစား မုံညှင်းတွေ၊ အာလူးတွေကို အဓိကထား စိုက်ပျိုးဖို့ အကြံပေး ဟောပြော ပွဲတွေ လုပ်ပေးနေတယ်။ ဒါပေမယ့် ဘိန်းကို စိုက်ပျိုးလို့ ရနေသေးတာ ဖြစ်တဲ့အတွက် အနည်းစုကပဲ လိုက် နာပြီး အများပိုင်းကတော့ ဒီဘိန်းစိုက်ခင်းကိုပဲ အဓိက လုပ်ကိုင်နေကြတာကို တွေ့ရတယ်။

မေး – ဒီနှစ်မှာ KIO/KIA အနေနဲ့ ပူတာအိုခရိုင်ထဲက ဘယ်ဒေသတွေက ဘိန်းခင်း ဘယ်နှစ်ဧကလောက်ကို ရှင်းနိုင် ခဲ့လဲ။

ဖြေ – ဒီဘိန်းကို အဓိကထား စိုက်ပျိုးကြတဲ့သူတွေက လုံရှာယန်၊ တန်ဂျာ၊ ဆွမ်ပီယန်၊ ကလူတွေနဲ့ ပူတာအိုမြို့ အတွင်းက လူတွေပဲ။ အခုလောလောဆယ် ဖျက်ဆီးလိုက်ရသော ဘိန်းစိုက်ခင်းတွေက ဧက ၁၀၀ ကျော် လောက်ရှိနေပြီ။ ဘိန်းစိုက်ခင်းစိုက်ပျိုးတာက စစ်ကောင်စီ အာဏာသိမ်းပြီး နောက်ပိုင်းမှ ပိုများပြားလာတာ ကို တွေ့ရတယ်။ ပူတာအို၊ ဆွမ်ပရာဘွမ့်-မြစ်ကြီးနားလမ်း လမ်းမကြီးကနေ၊ များသောအားဖြင့်တော့ ဆွမ်ပီယန် လမ်းမကြီးကနေလည်း ကြည့်လိုက်ရင် ဘိန်းစိုက်ခင်းတွေ့ပဲ တွေ့နိုင်တယ်။ တချို့တွေဆိုရင် အိမ်ခြံ အတွင်းမှာတောင် စိုက်ကြတဲ့သူတွေ ရှိတယ်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here