29 မတ် 2024 /

See today's Peace Related News

“လက်ရှိမှာဆိုရင် အမျိုးသမီးတွေပဲ လုံခြုံမှုမရှိတာမဟုတ်ဘဲ အမျိုးသားတွေလည်း လုံခြုံမှုမရှိဘူး ဖြစ်နေတယ်။ ရခိုင်ပြည်မှာရှိတဲ့ လူမျိုးပေါင်းစုံအမျိုးသမီးတွေဟာ အင်မတန် ဒုက္ခပေါင်းစုံရောက်နေတာကို တွေ့ကြုံနေရတဲ့အတွက် စိတ်မကောင်းဘူး” ဒေါ်ညိုအေး (ဥက္ကဌ၊ ရခိုင်အမျိုးသမီးများကွန်ရက်)

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ စကားသံများစုစည်းမှု

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှု ၂ နှစ်ကျော်ကြာမြင့်လာခဲ့ပြီဖြစ်သည်။ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော နိုင်ငံရေးမတည်ငြိမ်မှုကြားမှာ ပြည်သူလူထုတစ်ရပ်လုံးက မငြိမ်းချမ်းမှုကို ခံစားနေကြရပြီး အမျိုးသမီးများမှာလည်း လုံခြုံမှုကင်းမဲ့နေကြရသည်။ အာဏာသိမ်းပြီးနောက် အမျိုးသမီးများ ဖမ်းဆီးခံရမှု၊ ဖိနှိပ်ခံရမှု၊ နည်းမျိုးစုံနှင့် အကြမ်းဖက်ခံရမှုများကိုလည်း ယနေ့တိုင် ရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်သည်။

တရားဥပဒေစိုးမိုးမှု အားနည်းချက်အောက်တွင် အမျိုးသမီးများ ရင်ဆိုင်ကြုံတွေ့နေရမှုများ၊ ကျား/မ တန်းတူမညီမျှမှုများနှင့်ပတ်သက်၍ ယနေ့ မတ်လ ၈ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် ရခိုင်ပြည်အတွင်းရှိ နယ်ပယ်အသီးသီးမှ အမျိုးသမီးများ၏အသံများကို မေးမြန်းတင်ပြလိုက်သည်။

ဒေါ်ညိုအေး (ဥက္ကဌ ၊ ရခိုင်အမျိုးသမီးများကွန်ရက်)

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ကြိုဆိုပါတယ်။ ဘာလို့လဲဆိုရင် ကမ္ဘာကြီးမှာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို စတင်ဖို့အတွက် အမျိုးသမီးတွေ စွန့်လွှတ်လိုက်ရတဲ့အရာတွေလည်း ရှိခဲ့တယ်။ အခုဆိုရင် ရခိုင်ပြည်က အမျိုးသမီးတွေ အများကြီးကို အခွင့်အရေးတွေချိုးဖောက်ခံနေရတယ်။ နံပါတ်တစ်အနေနဲ့ လုံခြုံမှုမရှိဘူး။ လက်ရှိမှာဆိုရင် အမျိုးသမီးတွေပဲ လုံခြုံမှုမရှိတာမဟုတ်ဘဲ အမျိုးသားတွေလည်း လုံခြုံမှုမရှိဘူး ဖြစ်နေတယ်။ ရခိုင်ပြည်မှာရှိတဲ့ လူမျိုးပေါင်းစုံအမျိုးသမီးတွေဟာ အင်မတန် ဒုက္ခပေါင်းစုံရောက်နေတာကို တွေ့ကြုံနေရတဲ့အတွက် စိတ်မကောင်းဘူး။ လုပ်ငန်းခွင်တွေမှာဆိုရင်လည်း အမျိုးသား အမျိုးသမီး Gender ခွဲခြားဆက်ဆံခံရတာတွေ ရှိတယ်။ ဥပမာ ပန်းရံလုပ်ကြတယ်ပေါ့လေ။ အခြေခံ ပန်းရံလုပ်သားတွေထဲမှာတောင်မှ အမျိုးသားတွေက တစ်သောင်းရရင် အမျိုးသမီးတွေက ခြောက်ထောင်လောက်ပဲ ရကြတယ်။ ဒါကြောင့် အောက်ခြေအလုပ်တွေကအစ အမျိုးသားနဲ့ အမျိုးသမီး တန်းတူအခွင့်အရေးတစ်ခုကို ရစေချင်ပါတယ်။ ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးနေ့မှာ တစ်ကမ္ဘာလုံးမှာရှိတဲ့ ပုရိသအမျိုးသားတွေဟာ အမျိုးသမီးတွေကို ‘ကိုယ်ချင်းစာနားလည်တတ်ကြပါစေ’ လို့ပဲ ပြောချင်ပါတယ်။

မခင်မြင့်ကြည် (တက်ကြွလှုပ်ရှားသူ)

အခုလက်ရှိမှာဆို မိန်းကလေးတွေအနေနဲ့ တစ်ယောက်တည်း သွားလာဖို့ အဆင်မပြေတဲ့ အခြေအနေတွေဖြစ်နေတယ်။ မိန်းကလေးတွေမှာ နေ့ခင်းဖက်ကိုတောင် တစ်ယောက်တည်းသွားလာဖို့ မလုံခြုံဖြစ်နေရတယ်။ ငွေကြေးလုယက်ခံရမှာရော၊ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်ခံရမှာတွေရော အကုန်ကြောက်လန့်နေရတယ်။ စစ်တွေမြို့အနေအထားမှာတောင် မလုံခြုံဖြစ်နေရတာ။ နောက်ပြီး လုပ်ငန်းခွင်တွေမှာဆိုလည်း “ယောက်ျား မိန်းမ” ဆိုတဲ့ လိင်အရမခွဲခြားဘဲ အရည်အချင်းအရ ရာထူးတို့ အလုပ်တို့ သတ်မှတ်တာမျိုး လိုချင်တယ်။ ဥပမာဆိုရင် “သူကမိန်းကလေးမို့ ဒီရာထူးကိုပေးတာပါ” ဆိုတာမျိုးထက် ဒီမိန်းကလေးမှာ အရည်အချင်းရှိတယ်၊ ဒီရာထူးက သူမရဲ့အရည်အချင်းနဲ့ ကိုက်ညီမှုရှိတယ်ဆိုပြီး ခန့်အပ်စေချင်ပါတယ်။ ယောက်ျား၊ မိန်းမ တန်းတူယှဉ်ပြီး အခွင့်အရေးပေးလို့မရတဲ့ အခြေအနေတွေ အများကြီးရှိပေမယ့် ခွဲခြားဆက်ဆံမှုတွေတော့ မရှိစေချင်ပါဘူး။

ဒေါ်အေးခိုင် (စစ်ဘေးရှောင်)

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ အမျိုးသမီးတွေ တန်းတူအခွင့်အရေးရဖို့ တောင်းဆိုချင်ပါတယ်။ လုပ်အားပဲဖြစ်ဖြစ်၊ လူမှုရေးမှာပဲဖြစ်ဖြစ် တန်းတူအခွင့်ရေးပေးဖို့ တောင်းဆိုချင်ပါတယ်။ ပြီးရင် အမျိုးသမီးတွေနဲ့ပတ်သက်ပြီး တစ်ခုခု ဆုံးဖြတ်ချက်ချမယ်ဆိုရင်လည်း အမျိုးသားတွေနဲ့တန်းတူ ဆုံးဖြတ်ချက် ချပေးစေချင်ပါတယ်။ ကျမတို့မှာ လူမှုရေးအရ၊ စီးပွားရေးအရ၊ ပညာရေးအရ မိန်းကလေးဖြစ်တာကြောင့် အကြမ်းဖက်တာတွေ ခံရတယ်။ ဥပမာ တစ်ခုခုလုပ်မယ်ဆိုရင် တစ်ခုလပ်ဖြစ်တာကြောင်၊ အပျိုဖြစ်တာကြောင့် ယောက်ျားရှိတာကြောင့် ဆိုပြီး ခွဲခြားဆက်ဆံမခံရဘဲ တန်းတူအခွင့်အရေး ပေးစေချင်ပါတယ်။ ပြီးရင် ယောက်ျားနဲ့မိန်းမ အကြောင်းအရင်း မတိုက်ဆိုင်တာကြောင့် ကွာရှင်းမယ်ဆိုရင်လည်း ဓလေ့အရ ဒီအတိုင်း ပြီးဆုံးသွားတယ်။ မိန်းမက ကလေးကိုလည်းမရဘူး။ ပိုင်ဆိုင်မှုတွေလည်း မရဘူး။ အဲလိုမျိုးတွေမဖြစ်ဘဲ ရစေချင်တယ်။

မစောမြတ်အိခိုင် (မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း လူမှုကူညီရေးအသင်း)

လက်ရှိ တိုင်းပြည်အခြေအနေအရဆိုရင် အမျိုးသမီးတွေ အပြင်ထွက်ဖို့တောင် လွတ်လပ်မှု မရှိသလို ဖြစ်နေတယ်။ ဘာလို့လဲဆိုရင် ဟိုတလောက မုဒိန်းမှု၊ လူသတ်မှု ဖြစ်ခဲ့တာတွေရှိတယ်။ အမျိုးသားတွေတောင် အပြင်ကိုထွက်ဖို့အတွက် စိုးရိမ်နေရတဲ့အခြေအနေမှာ အမျိုးသမီးတွေက ပိုပြီး လွတ်လပ်မှုမရှိဘူး၊ မလုံခြုံဘူး။ အပြင်သွားရင်လည်း ကြောက်နေရတယ်။ အဲလိုမျိုးတွေ ခံစားနေရတယ်။ ပြီးရင် ဆင်းရဲကျပ်တည်းမှုဒဏ်တွေကိုလည်း အမျိုးသမီးတွေမှာ အများကြီး ခံစားနေရပါတယ်။ အခုခေတ်မှာ အမျိုးသမီးတွေကို အမျိုးသားတွေနဲ့တန်းတူ အခွင့်အရေးတွေ ပေးလာကြတာရှိတယ်။ အမျိုးသမီးတွေကလည်း အမျိုးသားတွေနဲ့ တန်းတူလုပ်နိုင်ကြတဲ့ အရည်အချင်းတွေလည်း ရှိလာတယ်။ ဒီထက်ပိုပြီးတော့ အမျိုးသမီးတွေကို တန်းတူအခွင့်အရေးတွေ ပိုပြီးရစေချင်ပါတယ်။

တစ်ဖက်မှာလည်း အမျိုးသမီးတွေ အကြမ်းဖက်ခံရတာ၊ လူကုန်ကူးခံရတာတွေရှိတယ်။ ဒီဟာတွေဟာ အာဏာပိုင်တွေနဲ့သက်ဆိုင်သလို ပြည်သူတွေအနေနဲ့လည်း သက်ဆိုင်ပါတယ်။ အမျိုးသမီးတွေကို သူ့တို့တွေကိုယ်တိုင်က အားနည်းတယ်လို့ ခံယူထားတဲ့အတွက်ကြောင့် အမျိုးသမီးတွေကို စောင့်ရှောက်ရမှာက သူတို့မှာတာဝန်ရှိတယ်။ အမျိုးသမီးတွေအနေနဲ့လည်း သွားသင့်တဲ့နေရာတွေကိုသွား၊ ရှောင်သင့်တဲ့နေရာတွေကို ရှောင်ကြဖို့အတွက် တိုက်တွန်းချင်ပါတယ်။ ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ အမျိုးသမီးတွေ အကုန်လုံး တန်းတူအခွင့်အရေးတွေ၊ အလေးထားမှုတွေရကြပြီးရင် ကျန်းမာပျော်ရွင်စွာနဲ့ ကိုယ်လုပ်ချင်တဲ့အရာကို လုပ်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

အောင်ထိန် (DMG) – စုစည်းပေးပို့သည်။