ညောင်ရွှေမြို့နယ် အင်းလေးဒေသ ပစ်ခတ်သံထွက်သဖြင့် စစ်ကောင်စီမှ လုံခြုံရေးချထား

0
216

သျှမ်းပြည် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ ဘုရားနီဘက်တွင် ပစ်ခတ်သံများ ထွက်ပေါ်လာပြီး စစ်ကောင်စီဘက်မှ လုံခြုံရေးအင်အား ချထားကြောင်း သတင်းသိရသည်။

ယနေ့ (မတ်လ ၇) ရက် နံနက်ပိုင်း ၇ နာရီဝန်းကျင်တွင် အင်းလေး ဒေသ ဘုရားနီ နှင့် သန်းထောင်ဘုရား အနောက်ဘက် တောင်ပေါ်တွင် သေနတ် ပစ်ခတ်သံ နှစ်ချက်နှင့် ပေါက်ကွဲသံ တစ်ချက် အသံ ကြားရကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ပစ်ခတ်သံနှင့် ပေါက်ကွဲမှုများ ထွက်ပေါ်လာပြီးသည့်နောက်တွင် စစ်ကောင်စီတပ်ဖွဲ့အချို့က တောင်ပေါ်သို့တက်သွားပြီး လုံခြုံရေး အင်အားချထားကြောင်းနှင့် ဒေသအတွင်း ဆိုင်များလည်း ပိတ်ထားရကြောင်း အမည်မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနက်အစောကြီး ပစ်ခတ်သံတွေ ကြားရတော့ လန့်ကြတာ ထင်တယ်၊ ဆိုင်တွေတောင် ပိတ်ထားတယ်၊ အဲ့ဒီနား တစ်ဝိုက်မှာ အရင်ကလည်း တိုက်ပွဲဖြစ်ခဲ့ဖူးတယ်လေ၊ အခုတော့ စစ်သားတွေ စောင့်နေကြတယ်၊ တချို့လည်း အရပ်ဝတ်နဲ့ ရွာတွေထဲ ကင်းထောက်လှည့်နေတယ်” ဟု အသက် ၃၀ ဝန်းကျင် အမည်မဖော်လိုသူ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် အင်းလေးဒေသ ခေါင်တိုင်ရွာမှာလည်း လူငယ်များ အပြင်မထွက်ကြရန်နှင့် အပြင်ထွက်ပါက စစ်တပ်ထဲ ခေါ်ဆောင်သွားခြင်းခံရမည် ဆိုသည့် ပြောဆိုခြိမ်းခြောက်မှုမျာလည်း ရှိနေကြောင်း သိရသည်။

“ခေါင်တိုင်မှာ လူငယ်တွေ အပြင်မထွက်ရဲကြဘူး၊ ဆိုင်တွေလည်း အကုန်လုံးနီးပါး ပိတ်ထားတယ်၊ ညောင်ရွှေက ရဲမှူးက အပြင်မထွက်ဖို့ ပြောလာလို့တဲ့” ဟု အထက်ပါ အမျိုးသားက ဆက်ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ နှောင်းပိုင်းကာလတွင် အင်းလေးဒေသအတွင်း နေရာယူထားကြသည့် စစ်ကောင်စီတပ်သားတို့သည် ဈေးဆိုင်များသို့ လှည့်လည်ကာ ဆက်ကြေးကောက်ယူမှုလည်း ရှိနေကြောင်း သိရသည်။

လက်ရှိတွင် အင်းလေးဒေသ အဝင်အထွက်များကို စစ်ကောင်စီတပ်ဖွဲ့မှ တင်းကြပ်စွာ စစ်ဆေးနေပြီး ပေါင်းပိုင်းဂိတ်၊ မှော်ဘီဂိတ်၊ အင်းတိန်ဂိတ် နှင့် ဘုရားနီ _ သန်းထောင်ကြားမှ စစ်ဆေးရေးတို့က စစ်သားများသည် အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ ကာယိအိန္ဒြေ ကျူးလွန်မှု မြှောက်သည့် စစ်ဆေးမှုများလည်း ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ယနေ့ အချိန်ထိ နိုင်ငံ နှင့် တဝှမ်းလုံးရှိ စစ်ကောင်စီ တပ်သားများသည် အကြမ်းဖက် လုပ်ရပ်မှုများကြောင့် ပြည်သူများက အပြင်ထွက် သွားလာရေး နှင့် လုံခြုံရေးပိုင်းဆိုင်ရာများ အတွက် အထူးစိတ်ပူနေရကြသည်။

မိန်းကလေးတစ်ဦး၏ ကာယိအိန္ဒြေ ပျက်စီးစေရန် အကြံဖြင့် လက်ရောက်မှု သို့မဟုတ် ပြစ်မှုမကင်းသော အနိုင်အထက်ပြုမှုများသည် ရဲအရေးပိုင်သော ပြစ်မှုဖြစ်ပြီး ပြစ်ဒဏ်သည် ထောင်ဒဏ် ၂ နှစ်အထိ ထောင်ဒဏ် တစ်မျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ သို့မဟုတ် ဒဏ်နှစ်ရပ်စလုံး ချမှတ်နိုင်ကြောင်းလည်း သိရသည်။

သျှမ်းသံတော်ဆင့် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here