29 မတ် 2024 /

See today's Peace Related News

မောင်တောတွင် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ ဦး လက်နက်ခဲယမ်းများနှင့်အတူ ထွက်ပြေး

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ယမန်နေ့က နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ထွက်ပြေးသွားသည်ဟု သတင်းရရှိသည်။

ထွက်ပြေးသွားသူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အနီးဝန်းကျင်တွင် အသည်းအသန် လိုက်ရှာနေကြသည်ဟု သိရသည်။

လက်နက်များနှင့်အတူ ထွက်ပြေးသွားသည့်နယ်ခြားစောင့်တပ်ဖွဲ့ဝင်များမှာ မောင်တောမြို့နယ်တောင်ပိုင်း၊ မြင်းလွှတ်နယ်ခြားစောင့်စခန်း နခခ ၉ တပ်ရင်းမှဖြစ်ပြီး ယမန်နေ့ မတ်လ ၆ ရက်တွင် ထွက်ပြေးသွားကြခြင်း ဖြစ်သည်ဟု သိရသည်။

အဆိုပါတပ်ဖွဲ့ဝင် ၄ ဦး ထွက်ပြေးသွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နေ့ရော၊ ညပါ လိုက်ရှာနေကြခြင်းဖြစ်သည်ဟု အဆိုပါ နခခ ၉ တပ်ရင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“နယ်ခြားစောင့် ၄ ယောက်ထွက်ပြေးသွားတယ်ဆိုပြီးတော့ ကျနော်တို့ဆီကို အဲဒီစခန်းက တာဝန်ရှိသူတစ်ယောက်က ဖုန်းဆက်ပြီးတော့ အကြောင်းကြာလာတယ်။ သူတို့ ထွက်ပြေးသွားပြီးနောက်တော့ တစ်ညလုံးလည်း ကင်းလှည့်တယ်။ တစ်ညလုံးကားတွေနဲ့ပတ်ပြီးတော့ သွားနေကြတယ်။ အခုလည်း လမ်းမပေါ်မှာ ကင်းတွေချထားတယ်။ ကားတွေနဲ့ ပတ်ပြီးတော့လည်း အသည်းအသန်လိုက်ရှာနေကြတယ်” ဟု ပြောသည်။

ထွက်ပြေးသွားသူများတွင် လက်နက်ခဲယမ်းများပါ ပါရှိသွားပြီး သူတို့ ၄ ဦး၏ ကိုယ်ပိုင်နံပါတ်နှင့် ရာထူးများကို နိရဉ္စရာအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

၎င်းတို့ ၄ ဦးမှာ မည်သည့်အချိန်ကနေ ထွက်ပြေးသွားသည်ကို မသိရှိဘဲ ယမန်နေ့ညနေက တန်းစီမှသာ သူတို့ ပျောက်ဆုံးနေသည်ကို သိရှိရခြင်းဖြစ်သည်ဟု နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

“မနက် ၈ နာရီ၊ ၉ နာရီလောက်ကနေ ထွက်ပြေးသွားတယ်ထင်တယ်။ ညနေတန်းစီမှ သူတို့မရှိတာသိတော့ အဲဒီအချိန်ကနေ အသည်းအသန် လိုက်ရှာနေကြပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲကာလအတွင်းကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရက္ခိုင့်တပ်တော် (AA) ထံ ထွက်ပြေးခိုလှုံမှုများရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း မြောက်ဦးမြို့ အခြေစိုက် (၅၄၀) တပ်ရင်းမှ စစ်ကောင်စီ တပ်သား (၃) ဦးနှင့် မြောက်ဦးအခြေစိုက် (၃၇၈)တပ်ရင်းမှ စစ်ကောင်စီတပ်ကြပ် ၁ ဦးတို့သည်လည်း လက်နက်အပြည့်အစုံဖြင့် ထွက်ပြေးသွားခဲ့ကြသည်ဟု သိရသည်။

အလားတူ ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်အတွင်းကလည်း ကျောက်တော်မြို့ရှိ မဟာမုနိဘုရားကုန်းပေါ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့လည်း လက်နက်မဲ့ ထွက်ပြေးသွားခဲ့ကြသည်။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။